အပိုင်း ၆၈

ထန်စန်းကခပ်ဖျော့ဖျော့ပြုံးသည်။ သူကိုယ်တိုင်လည်း ထွက်ခွာသွားသော သိုက်မုပိုင်၏နောက်ကျောအားကြည့်ရင်း...

“ဒီလူကသိပ်အဆိုးကြီးလဲမဟုတ်ပါဘူး၊ အပေါ်ယံမှာအေးစက်စက်ဆိုပေမဲ့ ဖြောင့်မတ်တဲ့လူတစ်ယောက်ပါပဲ”

ရှောင်ဝူ မျက်နှာကဆူပုပ်သွား၏။

“မဆိုးဘူး ဟုတ်လား၊ ငါကဆိုးတယ်ဆိုရင် ဆိုးလို့ပေါ့၊ ကောင်မလေးနှစ်ယောက်ကိုခေါ်ပြီး အခန်းတစ်ခန်းလာငှားတယ်ဆိုမှတော့ နင်ပြောလေ၊ ဒါကလူကောင်းတွေရဲ့လုပ်ရပ်လား၊ နေ့ခင်းကြောင်တောင်ကြီး မိန်းမပျက်နှစ်ယောက်နဲ့ပျော်ပါးဖို့ကြိုးစားနေတယ်၊ ဘာနတ်ဆိုးကျားလဲ၊ တဏှာရူးကျားဆိုပိုမှန်အုံးမယ်”

ထန်စန်းပင်လျှင် မျက်မှောင်ကြုပ်လိုက်ရ၏။

“ရှောင်ဝူ မင်းကငါ့ထပ်တောင်ပိုနားလည်နေပါ့လား”

ရှောင်ဝူက ထန်စန်း၏မျက်လုံးထဲရှိ မကျေမနပ်ဖြစ်ဟန်အား မမြင်ပါချေ။ သူမကိုယ်သူမဂုဏ်ယူနေဟန်ဖြင့်ဆက်ပြော၏။

“ဟုတ်တာပေါ့ မမေ့နဲ့လေ ငါကနော်ဒင်အကယ်ဒမီရဲ့ခေါင်းဆောင်ဖြစ်ခဲ့တဲ့ဟာကို..”

ကူကယ်ရာမဲ့စွာဖြင့် ထန်စန်းကခေါင်းကိုယမ်းကာ ပြောသည်။

“သိုက်မုပိုင်ရဲ့ အကြိုက်ကသူ့ကိစ္စကပဲ၊ ငါကအဲ့တာကိုကြည့်ပြီး အကဲဖြတ်လိုက်တာမဟုတ်ဘူး၊ အခုလေးတင် သူနဲ့တိုက်ခဲ့ရတဲ့တိုက်ပွဲအရ သူ့စရိုက်ကို မဆိုးဘူးလို့ကောက်ချက်ချလိုက်တာ၊ သူ့ခွန်အားက ငါတို့ရဲ့အထက်မှာရှိတယ်၊ဒါပေမဲ့ အဲ့ခွန်အားနဲ့တခြားသူကိုအနိုင်မကျင့်ဘူး၊ အခုတောင်ကြည့် သူ့အခန်းကိုပေးသွားရုံတင်မကဘူး သူ့နောက်ဆုံးပြောသွားတဲ့စကားရဲ့အဓိပ္ပာယ်က အကယ်ဒမီရောက်ရင် သူငါတို့ကို ဂရုစိုက်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”

ရှောင်ဝူက သံသယဖြစ်ဟန်ဖြင့်ပြန်မေးသည်။

“အိုး ဟုတ်လား အခုလေးတွင်သူပြောသွားတာတွေက ငါတို့ကအသက် ၁၂နှစ်နဲ့ သူ့အသက်က၁၅နှစ်ရှိပြီဆိုတာရယ်၊ အဲ..အဲ့တာမတိုင်ခင်တုန်းကတော့ သူရှုံးသွားပြီဆိုပြီးပြောသေးတယ်၊ နင်ပြောတဲ့ အဓိပ္ပာယ်ကဘယ်မှာလဲ”

ထန်စန်းကပြောသည်။

“စိတ်ဝိညာဉ်ကိုမသုံးခင်က သူရှုံးသွားပြီလို့ပြောခဲ့တဲ့အကြောင်းက ဘာလို့လဲဆိုတော့ ပထမအချက် အစ်ကိုကသူ့ကိုကျွမ်းကျင်မှုသက်သက်နဲ့ပဲ အနိုင်ယူခဲ့လို့၊ ဒုတိယအချက်က ငါတို့ရဲ့အသက်ကြောင့်ပဲ၊ စိတ်ဝိညာဉ်ကိုသုံးပြီးတဲ့အချိန်မှာတောင်မှ သူကအသက်ကွာခြားချက်အကြောင်းထည့်ပြောနေသေးတယ်၊ အစ်ကို့အထင်မှန်ရင် သူ၁၂နှစ်သားတုန်းက အစ်ကို့တို့လောက်တောင် စွမ်းအားရှိမှာမဟုတ်ဘူး၊ ဒါကြောင့်မို့လို သူက အစ်ကိုတို့ကိုရှုံးတယ်လို့ပြောတာ၊ ဂရန်းမာစတာက အစ်ကို့ကိုတခါပြောဖူးတယ်၊ မွေးရာပါ ပါရမီကဝိညာဉ်သခင်တွေရဲ့စွမ်းရည်ပဲ၊ အသက်၂၀မတိုင်ခင် ကျင့်ကြံမှုတစ်နှစ်စီတိုင်းက ခွန်အားအရာမှာ ကြီးမားတဲ့ကွာဟမှုကိုဖြစ်စေတယ်တဲ့၊ သူ့အသက်က ငါတို့ထပ်သုံးနှစ်ပိုကြီးပေမဲ့ ခွန်အားကွာခြားချက်ကအစ်ကိုတို့ကြား အဲ့လောက်မရှိတာမို့လို့ သူ့ဘက်ကရှုံးနိမ့်သလိုခံစားသွားရတာ၊ ဒါတောင် သူကနိုင်ချင်စိတ်ရှိနေတုန်းပဲ”

သူမ၏စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအား ရှောင်ဝူကရုတ်သိမ်းလိုက်သည်။ မမျှော်လင့်ထားသည့်ဟန်ဖြင့် အသံခပ်နိမ့်နိမ့်ဖြင့်ပြောသည်။

“အစ်ကိုကြီး တကယ်လို့ သူကသာအကို့ကိုနိုင်သွားခဲ့ရင် ညီမတို့အကြီးကြီးရှုံးမှာပေါ့”

သူမက သိုက်မုပိုင်၏အထက်စီးဆန်သောဘစကားလုံးများကိုမမေ့သေးချေ။

ထန်စန်းက တည်ငြိမ်စွာဖြင့်ပြောလိုက်၏။

“တကယ့်လို့ရှုံးသွားခဲ့ရင်တောင်မှ အစ်ကိုတစ်ယောက်ပဲအရှက်ကွဲမှာ၊ ဒါကြောင်းပဲ ညီမကိုတိုက်ပွဲဝင်ထဲဝင်မပါခိုင်းတာပေါ့၊ သူပြောတာမှန်တယ်၊ ဝိညာဉ်ကွင်းတစ်ကွင်းကွာတာနဲ့ ခွန်အားကလုံးဝကိုကွာခြားသွားတယ်၊ ဝိညာဉ်စွမ်းအားပိုသာတာရယ် ဝိညာဉ်ကွင်းပိုသာတာရယ်ကိုမေ့ထားလိုက်ဦး၊ သူ့နှစ်တစ်ထောင်ဝိညာဉ်ကွင်းနဲ့ဆိုအသာစီးကပဲ၊ ကျားဖြူဗာဂျာအသွင်ပြောင်းခြင်းကိုသုံးပြီးနောက်မှာဆို အစ်ကိုတို့နှစ်ယောက်ပေါင်းတိုက်ရင်တောင်မှ သူ့ကိုနိုင်ဖို့မဖြစ်နိုင်ဘူး၊အစ်ကိုက မင်းအရှက်ကွဲမှာကိုမြင်ချင်တယ်လို့ထင်လား၊ သူကအဲ့တာကို ချနင်းပြီး ညီမကိုအရှက်ကွဲအောင် အတင်းလုပ်မယ်ဆိုရင် အစ်ကို့အနေနဲ့သူ့ကို အသေသတ်ရလိမ့်မယ်၊ အစ်ကိုခွန်အားက သူ့ထပ်နိမ့်တယ်ဆိုပေမဲ့ အစွမ်းကုန်သုံးမယ်ဆိုရင် အစ်ကိုနဲ့အတူ သူ့ကိုသေရွာခေါ်သွားဖို့ ၇၀ရာခိုင်နှုန်းသေချာတယ်”

ထိုသို့ပြောကာ ထန်စန်းကကောင်တာသို့လျှောက်သွား၏။ တော်သေးသည်က သူနှင့်သိုက်မုပိုင်တို့၏တိုက်ပွဲမှာ သိပ်မကြာလိုက်၊ သိုက်မုပိုက်မှာ ကျားဖြူအသွင်ပြောင်းခဲ့သော်လည်း ခွန်အားမပြည့်ဖြင့်တိုက်ခိုက်ခြင်းမပြုခဲ့ပေ။ မဟုတ်ပါက နှင်းဆီတည်းခိုခန်းမှာ တစစီဖြစ်သွားမည်သာ။

ကောင်တာသို့လျှောက်လှမ်းသွားသည့် ထန်စန်းအားကြည့်ရင်း ရှောင်ဝူကခေါင်းကိုငုံကာ ထန်စန်းပြောသွားခဲ့သည့် စကားများအားပြန်လည်တီးတိုးရေရွတ်လိုက်မိ၏။

“သိက္ခာအတွက် သူသေကိုယ်သေတိုက်ခိုက်မယ်တဲ့လား”

ကောင်တာနောက်တွင်ပုန်းနေသော မန်နေဂျာဝမ်က ခေါင်းပြူထွက်လာသည်။ လျှောက်လာနေသော ထန်စန်းအားမြင်သည့်အခါ  သူကအလျင်အမြန်ခပ်ပြုံးပြုံးဖြင့်နှုက်ဆက်၏။

“သခင်လေး၊ သခင်လေးကလုံးဝကိုအံသြစရာပါပဲ၊ အာ ဟုတ်သားပဲ သခင်းလေးသိုက်နဲ့သဘောတူထားချက်အရ သခင်လေးကအခန်းကိုရသွားပြီ၊ တော်သေးလို့ ဒဏ်ရာတွေဘာတွေမရသေးလို့ မဟုတ်ရင် ဦးကြီးတို့တော့တာဝန်ကြီးပြီ”

ထန်စန်းကရှုပ်ပွနေသော အခန်းအားတစ်ချက်ဝှေ့ကြည့်သည်။ သူကချိနဲ့သောအပြုံးဖြင့်ပြောလိုက်၏။

“မန်နေဂျာ ဒါအတွက်ဘယ်လောက်လျော်ပေးရမလဲဗျ”

မန်နေဂျာဝမ်က အလျင်အမြန်ခေါင်းကိုခါယမ်းရင်းပြောသည်။

“လျော်စရာမလိုပါဘူး လျော်စရာမလိုပါဘူး၊ သခင်လေးသာဆိုကိစ္စမရှိဘူး၊ သခင်လေးသိုက်ကပြောသွားတယ်လေ ပျက်စီးသွားတာတွေအတွက် သူတာဝန်ယူမယ်လို့ပြောခဲ့တယ်မဟုတ်လား၊ သူကဦးလေးတို့ရဲ့ဂုဏ်ယူရတဲ့ဧည့်သည်ပဲ၊သူ့စာရင်းမှာ မှတ်ထားလိုက်မယ်၊ ဧည့်သည်နှစ်ဦးကိုနှောင့်နှေးစေခဲ့တဲ့အတွက် ဦးလေးတို့လဲအရှက်ရမိပါတယ်၊ မတော်တဆတောင် ထိခိုက်မိမလိုဖြစ်သွားရသေးတယ်၊ ဒီလိုလုပ်ပါလား ဦးလေးတို့ကပဲတောင်းပန်တဲ့အနေနဲ့, ဦးလေးတို့ရဲ့တည်းခိုခန်းမှာ သုံးရက်တိတိအလကားတည်းခိုခွင့်ပြုလိုက်မယ်၊ ဧည့်သည်လေးတို့နှစ်ယောက်ကသာ သုံးရက်မကျော်ရင် အခန်းခပေးစရာမလိုပါဘူး”

ထိုသို့ပြောရင်း သူကရွှေရောင်တလက်လက်တောက်ပနေသော သော့တစ်ချောင်းအားထန်စန်းဆီသိုကမ်းပေး၏။ တောင်းပန်သည့်ဟန်ဖြင့် ပြုံးပြသည်။

ထန်စန်းပင် ခေတ္တကြောင်အသွားရ၏။ သိုက်မုပိုင်မှာ ချမ်းသာမည့်ပုံရသဖြင့် တည်းခိုခန်းပြင်ဆင်စရိတ်မှာလသူ့အတွက်အသေးအဖွဲမျှသာ၊ သို့သော် အခန်းခလျှော့ပေးခြင်းက သူ့အားကသိကအောက်ဖြစ်စေသည်။ နောက်ဆုံးတွင် သူတို့ကသာ တခြားလူ၏အခန်းအား ပျက်စီးအောင်လုပ်ခဲ့သည်မဟုတ်ပါလား။

“ရပါတယ် လျော့မပေးပါနဲ့ အရင်ကစျေးနှုန်းအတိုင်း ကျတော်တို့ပေးပါ့မယ်”

မန်နေဂျာဝမ်က အလောတကြီးခေါင်းကိုယမ်း၍ပြောသည်။

“ဘယ်လိုလုပ်ပြီး ဦးလေးတို့ကငွေယူနိုင်မှာလဲ၊ ဦးလေးတို့က တူလေးတို့ဧည့်သည်နှစ်ယောက်ကို အဆင်မပြေဖြစ်စေခဲ့တယ်လေ၊ ဒီကဧည့်သည်နှစ်ယောက်ရှိနေရုံနဲ့တင် ဦးလေးတို့တည်းခိုခန်းကဂုဏ်တက်နေပါပြီ၊ ဧည့်သည့်လေးနှစ်ယောက်ရဲ့အခန်းက ထိပ်ဆုံးထပ်မှာရှိပါတယ်၊ အခန်းတံခါးမှာတော့ ပင်လယ်နီ လို့ရေးထားတယ်ကွဲ့”

ထန်စန်းမှာ ဘာမှမတတ်နိုင်တော့ ခေါင်းညိတ်၍သာပြောနိုင်လိုက်ရတော့၏။

“ဒါဆိုလဲ ကျေးဇူးပဲဗျာ”

အလှည့်အပြောင်းများစွာအား ဖြတ်ကျော်ပြီးနောက် ထန်စန်းမှာ ပင်ပန်းသလိုခံစားနေရသည်။ နောက်လှည့်ကာ ရှောင်ဝူ့လက်ကိုဆွဲရင်း ထိပ်ဆုံးထပ်သို့တက်သွား၏။

ဆိုတိုမြို့သို့ရောက်ရောက်ချင်း သိုက်မုပိုင်နှင့်တိုက်ခိုက်ရသည်ကြောင့် စိတ်ပင်ပန်း လူပင်ပန်းဖြစ်ခဲ့ရသဖြင့် သူနားချင်နေပြီဖြစ်သည်။ အမှန်တွင် သိုက်မုပိုင်ဖျက်ဆီးခဲ့သော ငွေပြာမြက်များကို အစားထိုးရန်ကုန်ဆုံးသွားသည့် ဝိညာဉ်စွမ်းအား ပမာဏမှာနည်းနည်းနောနောမဟုတ်ခဲ့ပေ။

အပေါ်ထပ်သို့တက်သွားသည့် လူနှစ်ယောက်အားကြည့်ရင်း မန်နေဂျာဝမ်မှာ ယခုမှပင် အသက်ကောင်းကောင်းရှုနိုင်တော့၏။

“နောက်ဆုံးတော့ ပြီးသွားပြီပေါ့”

မန်နေဂျာဝမ်က အပြစ်မရှိသည့်စာရေးဘက်ကိုလှည့်ကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။

“ဒါငါ့အမှားပဲ၊ ငါမင်းကိုပြောဖို့မေ့သွားတာ၊ ၊ တခြားအခန်းတွေက ငှားလို့အဆင်ပြေပေမဲ့ ပင်လယ်နီခန်းမကတော့ တခြားလူကိုငှားလို့မရဘူး၊ အဲ့အခန်းကသခင်လေးသိုက် သီးသန့်ကြိုငှားထားတဲနေရာပဲ”

စာရေးက မေးသည်။

“ကျတော်တို့ရဲ့ပင်လယ်နီခန်းမက တစ်နေ့ကိုရွှေပြားဆယ်ပြားတန်ကြေးရှိတယ်လေ၊ မန်နေဂျာက အဲ့ကလေးနှစ်ယောက်ကိုဘယ်လိုလုပ်ပြီး ဒီတိုင်းအလကားနေခိုင်းလိုက်တာလဲ၊ ယနေ့ခေတ်လူငယ်လေးတွေက တကယ့်ကိုထိန်းမနိုင်သိမ်းမရလေးတွေပဲ ၁၂နှစ် ၁၃နှစ်အရွယ်လေးတွေပဲရှိကြသေးတာတောင်မှ ဒီလိုမျိုး……”

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့၊ ကိုယ်ပြောတဲ့စကားကိုသတိထား ဒုက္ခရောက်သွားမယ် ဘာမှတ်နေလဲ”

မန်နေဂျာဝမ်က ဒေါသအနည်းငယ်ထွက်သွားသည့်ဟန်ဖြင့်ပြောသည်။

“မင်းက ဘာများနားလည်လို့လဲ၊ ဝိညာဉ်သခင်တွေဆိုတာ မြင့်မြတ်တဲ့အတန်းအစားတွေပဲ၊ အဲ့ကလေးတွေက ဝိညာဉ်ကွင်းနှစ်ကွင်းပိုင်ထားတယ်ဆိုတာ အခုလေးတင် မင်းမမြင်လိုက်ဘူးလား၊ ဒီလောက်ငယ်ငယ်လေးနဲ့ဝိညာဉ်ဂရန်းမာစတာအဆင့်ရောက်နေကြပြီ၊ သူတို့အနာဂတ်ကအကန့်အသတ်မဲ့ပဲ၊ ကလန်ကြီးတွေကနေလာတာတောင်ဖြစ်နိုင်သေးတယ်၊ ဖင်ယားပြီး ငါတို့စော်ကားမိလို့ရနိုင်တဲ့နေရာတွေမဟုတ်ဘူး”

Popular posts from this blog

အပိုင်း ၇၀

အပိုင်း ၆၉

အခန်း ၁၅ နှစ်တစ်ထောင်ဝိညာဉ်ကွင်း၏စွမ်းရည် ကျားဖြူဗာဂျရာအသွင်ပြောင်းခြင်း အပိုင်း၆၇