အပိုင်း ၆၉

နှင်းဆီတည်းခိုခန်း၏အပြင်အဆင်က တမူထူးခြားလှ၏။ အရောင်တွဲစပ်ထားပုံမှာ ရိုးရှင်းကာ အမြင်အားသက်တောင့်သက်သာရှိစေသည်။ တည်းခိုခန်းအတွင်းသင်းပျံနေသော နှင်းဆီရနံ့က လူအများ၏စိတ်အားကြည်လင်ပေါ့ပါးစေသည်။

ထိပ်ဆုံးထပ်၏အတွင်းကျဆုံးအပိုင်း၌ ထန်စန်းက ပင်လယ်နီဟုရေးထားသော အခန်းတံခါးအားတွေ့လိုက်ရသည်။ အပေါ်ဆုံးအထပ်၌ အခန်းအနည်းငယ်သာရှိသည်။ သူဖြတ်လျှောက်လာခဲ့သော အခန်းများ၏နာမည်များမှာ ထူးဆန်းလှချေ၏။ အပြာရောင်အလှ၊ သိမ်မွေ့ခြင်းပန်းရောင်၊ အဖြူရောင်သန့်စင်ခြင်း စသည် စသည်ဖြင့်ဖြစ်နေသည်။ ယခုအတွင်းကျဆုံးအပိုင်း၌ ရှိသောအခန်း၏အမည်မှာ ပင်လယ်နီပင်။ နောက်ပိုင်းမှ အခန်းတံခါးများကို မတူညီသောနှင်းဆီများ၏အရောင်ကိုကိုယ်စားပြုထားခြင်းဖြစ်ကြောင်း ထန်စန်းသိရ၏။

တံခါးအရောင်မှာ ပလိပ်ပြားပေါ်မှ နာမည်အတိုင်းပင်၊ ကြက်သွေးရောင်တံခါးအား နီညိုရောင်ရှိသော သလင်းကျောက်များဖြင့် နှင်းဆီပုံဖော်ကာအလှဆင်ထားသည်။ ထိုသလင်းနှင်းဆီဘေးတွင် စာလုံးအချို့အား ထောင်လိုက်ရေးထိုးထားသည်ကိုတွေ့ရ၏။

‘အချစ်ပင်လယ် ပင်လယ်နီခန်းမ’

ထန်စန်းမှာ ငတုံးတစ်ယောက်ဖြစ်နေလျှင်တောင်မှ ဤစာကြောင်းအားကြည့်၍ တစ်ခုခုထူးဆန်းနေကြောင်းတွေးမိမည်ကမလွဲပင်။ သူ့ခေါင်းကိုလှည့်ရင်း ရှောင်ဝူအားကြည့်၏။ ရှောင်ဝူကလည်း သူ့ကိုပြန်ကြည့်နေကြောင်းတွေ့လိုက်ရဖြင့် ကိုရိုးကားယားဖြစ်ဟန်ဖြင့်ပြောလိုက်ရသည်။

“ဒီတည်းခိုခန်းက စုံတွဲတွေအတွက် အထူးဖွင့်ထားတဲ့ တည်းခိုခန်းတော့မဟုတ်လောက်ပါဘူးနော်”

မျက်တောင်ပုတ်ခတ် ပုတ်ခတ်ဖြင့်ကြည့်နေသောရှောင်ဝူက ထန်စန်းလက်ထဲမှသော့ကို ဆတ်ခနဲဆွဲလုရင်း...

“ဘာပဲဖြစ်ဖြစ် နေရတော့မှာပဲကို”

ထိုသို့ပြောရင်း သူမလေးက အခန်းတံခါးအားဖွင့်ပြီး အထဲသို့ဝင်သွား၏။

ထန်စန်းလည်းရှောင်ဝူနောက်မှကပ်ဝင်လာသည်။ သို့သော် မမျှော်လင့်ထားစွာ ရှောင်ဝူကရုတ်တရက် ရပ်တန့်လိုက်သဖြင့် သူ့ခန္ဓာကိုယ်က ရှောင်ဝူ၏နောက်ကျောဖြင့်ဝင်တိုက်မိသွား၏။ ပျော့အိအိ အတုံးလေးဖြင့် ဝင်တိုက်မိသွားသလိုမျိုး ထန်စန်းခံစားလိုက်ရသည်။

“ဘာလို့ ရုတ်တရက်ကြီးရပ်လိုက်တာတုန်း”

ထန်စန်း နောက်သို့အလျင်အမြန်ဆုတ်လိုက်၏။ သူမေးပြီးပြီးချင်ပင် အဖြေအားရှာတွေ့လိုက်သည်။

အခန်းထဲသို့ မဝင်ခင်စိတ်ကိုအသင့်ပြင်ထားခဲ့သည့်တိုင် အခန်းတွင်းအပြင်အဆင်ကြောင့် ထန်စန်းမှာ ကြက်သေသေသွားရသည်သာ။

အခန်းကအတော်လေးကြီးသည်။ ရှေ့ခြမ်းကပင် မီတာငါးဆယ်ပတ်လည်ရှိမည်ဟုခန့်မှန်းရ၏။ အခန်းတွင်း၌ ငွေရောင်အဆင်းရှိ ပရိဘောဂများဖြင့်ပြည့်နေသည်။ ဒီဇိုင်းများမှာလည်း ခပ်လန်းလန်းပင်။ နှင်းဆီပုံများဖြင့်ဒီဇိုင်းဆင်ထားသော အနီရောင်ကောဇောကြီးလည်းခင်းထားသေး၏။ ထန်စန်းအားကြက်သေသေသွားစေသည့်အရာမှာ အခန်းအလယ်ရှိ အနီရောင်အသည်းပုံသင်္ကေတကဲ့သို့ဖြစ်နေသော နှင်းဆီပန်းခွေကြီးပင်။

ထိုအသည်းပုံနှင်းဆီပန်းခွေ၏အရွယ်အစားမှာ ၂မီတာခန့်ရှိသည်။  ထိုမျှအရွယ်အစားရနိုင်ရန် နှင်းဆီပန်းတစ်ထောင်ကျော် လိုအပ်လောက်မည်ဟု ထန်စန်းခန့်မှန်းမိ၏။ ပန်းခွေအား ပိုးချည်ဖြင့်ရက်လုပ်ထားသည့် ဖဲကြိုးတစ်ခုဖြင့်ရစ်ပတ်ထားပြီး ထိုအပေါ်၌စာအချို့အားရေးထား၏။

‘ကိုယ်ချစ်ရတဲ့တစ်ယောက်တည်းသောသူကမင်းဆိုတာသက်သေပြဖို့ နှင်းဆီပန်းတစ်ထောင့်တစ်ပွင့်ကိုသုံးပြီးကိုယ့်နှလုံးသားကိုပုံဖော်ထားတယ်”

နှင်းဆီပန်း တစ်ထောင်ကျော်မှလာသော မွှေးရနံ့ကအခန်းတွင်း၌ သင်းပျံနေသည်။ လူများယစ်မူးစေသောခံစားချက်အားပေးစွမ်း၏။

ထန်စန်းမှာ ချိနဲ့စွာပြုံး၍ပြောလိုက်သည်။

“ကြည့်ရတာ ငါထင်တာမမှားဘူးပဲ၊ သိုက်မုပိုင်ဆိုတဲ့ကောင် ဒီကိုကောင်မလေးတွေခေါ်လာတာ အံသြစရာမရှိဘူး၊ ရှောင်ဝူ နင်ဒါတွေကို သဘောမကျရင် အစ်ကိုအစေခံကိုခေါ်ပြီးရှင်းခိုင်းလိုက်မယ်”

တုန်လှုပ်နေသော ရှောင်ဝူက ယခုမှပင်သတိပြန်ဝင်လာ၏။ သူမက ထန်စန်းအားအေးစက်စွာ
ဖြင့်စိုက်ကြည့်သည်။ သူမ၏လှပသော မျက်လုံးများက တလက်လက်တောက်နေ၏။

“အစ်ကိုကြီး နင်ကတကယ့်ကို ငတုံးပဲ၊ နှင်းဆီပန်းကိုမကြိုက်တဲ့ မိန်းကလေးရှိလို့လား၊ ဒါလေးတောင်မှ နားမလည်ရင် ဘယ်လိုလုပ်ပြီး မိန်းမရမှာလဲ”

ထန်စန်းက သူ့နှာခေါင်းကိုပွတ်၍ပြောသည်။

“ငါက ၁၂နှစ်ပဲရှိသေးတာလေ အဲ့အကြောင်းကိုစဉ်းစားဖို့စောလွန်းနေသေးတယ်”

ရှောင်ဝူကရှေ့သို့လျှောက်သွား၏။ နှင်းဆီတစ်ပွင့်ကိုကောက်ကိုင်ကာ နမ်းရှိုက်ကြည့်သည်။

“ဒီအခန်းကအတော်လှတာပဲ၊ အစ်ကိုကြီး နောက်ဆို ညီမတို့ဒီမှာ ခနခနလာတည်းကြမလား”

ထန်စန်းက မျက်မှောင်ကြုပ်ရင်း ပြော၏။

“ငါတို့ကမောင်နှမတွေလေ၊ ဒီလိုနေမျိုးအတူလာရင် လူတွေကဘယ်လိုထင်ကြမလဲ၊ တော်ပြီ ခရီးပန်းလာတယ်မဟုတ်လား နားကျရအောင်”

အိပ်ခန်းထဲသို့ ဦးတည်လိုက်သော ထန်စန်းကြည့်ရင်း ရှောင်ဝူက သူမလျှာလေးကိုချစ်စဖွယ်ထုတ်ကာလှောင်လိုက်၏။ ထို့နောက် နောက်မှလိုက်သွားခဲ့တော့သည်။

အိပ်ခန်းတွင်းသို့ ရောက်သည့်အခိုက် သူတို့နှစ်ဦး နောက်တစ်ကြိမ်တုန်လှုပ်သွားရပြန်၏။ ထင်ထားသည့်အတိုင်းပင် အခန်းထဲ၌ကုတင်တစ်ခုသာရှိနေသည်။ သို့သော် ထိုကုတင်က အခန်းတစ်ဝက်မျှကြီး၍ အသည်းပုံသဏ္ဍာန်ဖြစ်နေပြန်၏။ အနီရောင်ခပ်ဖျော့ဖျော့ ပိတ်ပါးကန့်လန့်ကာက ထိုကုတင်ဘေးပတ်လည်၌ကာဆီးထားသည်။ လူနှစ်ယောက်အား စိတ်ကူးယဉ်ဆန်သည့်ကိစ္စများကိုလုပ်နိုင်စေရန် အားပေးနေသည့်အလား။

နှင်းဆီနီရောင်အိပ်ယာခင်း၊ အနီရောင်ခေါင်းအုံး စသည့်ဖြင့် အခန်းတွင်းရှိ အရာအားလုံးက မရေရာစွာဖြင့် လူတို့စိတ်ဆန္ဒများကိုနိုးကြွားစေနိုင်၏။

ထန်စန်းကရှောင်ဝူကို လှည့်ကြည့်၍ပြောသည်။

“ကောင်းရော မင်းစကားနားထောင်ပြီး ဒီနေရာလာလိုက်တာ အမှားဖြစ်သွားတာပဲ၊ မင်းဒီမှာအိပ် ငါအပြင်ကဆိုဖာပေါ်မှာပဲသွားအိပ်လိုက်မယ်”

ရှောင်ဝူမှာမူ ထန်စန်း၏စကားကို မကြားတော့
သူမလေးက ယုန်တစ်ကောင်လို လျင်မြန်မှုနှုန်းဖြင့် အသည်းပုံကုတင်ပေါ်သို့ပြေးတက်သွားသည်။ စိတ်လှုပ်ရှားနေဟန်ဖြင့် ကုတင်ပေါ်၌ ခုန်ပေါက်နေ၏။

သူမပုံစံအားကြည့်ရင်း ထန်စန်းခပ်ဖွဖွပြုံးလိုက်သည်။ နောက်ဆုံးတွင် ရှောင်ဝူမှာ ကလေးမလေးတစ်ယောက်သာ ဖြစ်နေသေးသည်မဟုတ်ပါလား။ အိပ်ခန်းတံခါးအားပိတ်၍ အပြင်ထွက်လာပြီးနောက် ထန်စန်းမှာ ဆိုဖာခုံပေါ်၌တပလ္လင်ခွေထိုင်လိုက်၏။ ဝင်သက် ထွက်သက်အား​စည်းချက်ကျစွာရှိုက်လိုက်သည်။

ဤနှစ်အတွက်များအတွင်း ထန်စန်းမှာ ငြီးငွေ့ဖွယ်ကောင်းသောဘဝအားဖြတ်သန်းခဲ့ရသော်လည်း ထိုနှစ်များက ထန်စန်းအားအကျင့်ကောင်းများကိုဖန်တီးပေးခဲ့၏။ ခွန်အားတိုးလာသည်မက ပို၍လည်းတည်ငြိမ်လာခဲ့သည်။ သူ့အသက်က ၁၂နှစ်သာရှိနေသေးသော်လည်း မသိလိုက်ဘာသာဖြင့် သူ့ကိုယ်သူ လူကြီးတစ်ယောက်ကဲ့သို့ပြုမူနေခဲ့သည်သာ။ ဟုတ်ပေသည်။ ရှောင်ဝူ၏အမြင်တွင်တော့ သူကအဖိုးကြီးဖြစ်နေ၏။

ဆန်းကြယ်ကောင်းကင်ပညာရပ်ကြောင့် ဖြစ်ပေါ်လာသည့် သန့်စင်သောကိုယ်တွင်းစွမ်းအင်ကသူ့ကိုယ်ထဲ၌ လှည့်ပတ်စီးဆင်းနေသည်။ ထန်စန်းက သိုက်မုပိုင်နှင့်တိုက်ခိုက်ခဲ့ခြင်းအား အသေးစိတ်ပြန်လည်စဉ်းစားနေ၏။ တိုက်ပွဲကိုထပ်ထပ်ကာစဉ်းစားရင်း သူလုပ်ခဲ့သည့် အမှားများအားရှာဖွေသည်။ ဂရန်းမာစတာက တိုက်ပွဲတစ်ခုပြီးတိုင်း ထိုသို့ပြန်လည်စဉ်းစားရန်မှာ ဝိညာဉ်သခင်တိုင်းလုပ်သင့်သည့်အရာဖြစ်ကြောင်းသင်ပြပေးခဲ့သည်။ ပုံမှန်ဆိုလျှင် သူကရှောင်ဝူနှင့်သာတိုက်ခိုက်ခဲ့ဖူးသည်သာ၊ ယခုတစ်ကြိမ်၌ရင်ဆိုင်သည့်ပြိုင်ဘက်မှာ သူ့ထပ်ပင်စွမ်းအားကြီးကြီးနေသေး၏။ ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်းမှာ သိပ်မကြာလိုက်သော်လည်း ထိုတိုက်ပွဲ၌ထန်စန်းရခဲ့သည့်အတွေ့အကြုံများမှာမူ နည်းနည်းနောနောမဟုတ်။

လောက၌စိတ်ဝိညာဉ်မျိုးကွဲမြောက်များစွာရှိပေ၏။ ဝိညာဉ်သခင်များမှာလည်း အမျိုးမျိုးသော စိတ်ဝိညာဉ်များကိုပိုင်ဆိုင်ထားကြသည်ဖြစ်ရာ ရှိသမျှစိတ်ဝိညာဉ်အကုန်လုံး၏အားသာချက် အားနည်းချက်များကို မည်သူမျှမှတ်ထားနိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ လက်နက်မဲ့တိုက်ခိုက်ခြင်းက ပို၍အရေးပါလာသည်။

သိုက်မုပိုင်၏ ကျားဖြူဗာဂျာအသွင်ပြောင်းခြင်းအား ပြန်စဥ်းစားရင်း ထန်စန်းသူ့ကိုယ်သူတွေးမိ၏။ ထိုအသွင်ပြောင်းခြင်း၏ တိုက်ခိုက်နိုင်စွမ်းအားကမည်မျှအဆင့်ထိရောက်မည်မှန်းသေချာမသိလိုက်ရသော်လည်း ခုခံနိုင်စွမ်းကအတော်လေးတိုးတက်လာသည်ကို မြင်ခဲ့ရသည်ည်။ ထိုစဥ်ကပေါ်လာသော ရွှေရောင်အလင်းက ခန္ဓာကိုယ်အကာအကွယ်ချီစွမ်းအင်လွှာနှင့်ဆင်တူနေသည်။ သူ့လက်နက်ပုန်းများထဲမှ အချို့က ထိုကဲ့သို့ချီစွမ်းအင်အကာအကွယ်အလွှာအားဖောက်ထွင်းနိုင်၏။ ကြည့်ရသည်မှာ ထိုအရာများက အနာဂတ်၌ပို၍အသုံးဝင်လာတော့မည့်ပုံပင်။

ငွေပြာမြက်မှာတစ်ခုတည်းကသာ ထန်စန်း၏အဓိကလက်နက်မဟုတ်၊ လက်နက်ပုန်းများကသာ သူ၏အဓိကမှီခိုအားထားသည့် အရာဖြစ်သည်။ ဤနှစ်များအတွင်း သူ့ကိုယ်တွင်းစွမ်းအင်အဆင့်မြှင့်တက်လာခြင်းနှင့်အတူ လက်နက်ပုန်းကျင့်စဥ်များကလည်း လိုက်ပါတိုးတက်လာခဲ့၏။ လက်နက်ပုန်းတစ်ရာပစ်လွှတ်ခြင်းပညာရပ်၌ သူပစ်လွှတ်နိုင်သော လက်နက်ပုန်းအရေအတွက်မှာ အရင်ကထပ်ပိုမိုများပြားလာသည်။ ထိုသို့တိုးတက်လာသော်လည်း သူကဂုဏ်မောက်စွာဖြင့် ဆန်းကြယ်ကောင်းကင်ရတနာမှတ်တမ်းမှ စည်းမျဉ်းများအားလျစ်လျူမရှုပေ။ ကြီးမားသောအခက်အခဲတစ်ခုအား မကြုံတွေ့ရသ၍ မည်သည့်လက်နက်ကိုမဆိုပေါ့ပေါ့တန်တန်မသုံးရဟုဆိုထား၏။ ဆန်းကြယ်ကောင်းကင်မှတ်တမ်း၌ပါရှိသော ကျင့်စဉ်များမှာ သူ၏ဝှက်ဖဲများဖြစ်ကြသည်။ ရှောင်ဝူပင်လျှင် ထိုထဲမှ တချို့တဝက်လောက်သာသိထား၏။

Popular posts from this blog

အပိုင်း ၇၀

အခန်း ၁၅ နှစ်တစ်ထောင်ဝိညာဉ်ကွင်း၏စွမ်းရည် ကျားဖြူဗာဂျရာအသွင်ပြောင်းခြင်း အပိုင်း၆၇