အပိုင်း ၇၀
ရှောင်ဝူနှင့်အတူညစာခဏစားသည်မှလွဲ၍ ဒီတစ်ကြိမ်တွင်မူ ထန်စန်းမှာအချိန်အတော်ကြာကျင့်စဉ်ကျင့်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူ့ဝိညာဉ်စွမ်းအားမှာ အဆင့်၃၀သို့ရောက်ခါနီးပြီဖြစ်ကြောင်းခံစားမိ၍ဖြစ်၏။ အားစိုက်၍ကြိုးစားလိုက်ပါက အဆင့်၃၀သို့မြန်မြန်ရောက်ကာ တတိယမြှောက်ဝိညာဉ်ကွင်းအားရနိုင်မည်ပင်။
သိုက်မုပိုင်နှင့်တိုက်ခိုက်လိုက်ရခြင်းက ထန်စန်းအား သူစွမ်းအားမှာနိမ့်ကျနေသေးကြောင်း သတိပြုမိစေ၏။ စိတ်ဝိညာဉ်ကိုမသုံးပဲ သူတို့နှစ်ယောက်တိုက်ခိုက်ရာ၌ ထန်စန်းမှာ ကြိုးကြာနဂါးဖမ်းယူခြင်း၊ ဆန်းကြယ်ကျောက်စိမ်းလက်စသောာ ပညာရပ်များကို အမှီသဟဲပြု၍ အသားစီးရယူနိုင်သည်။ သို့သော် သိုက်မုပိုင်ကစိတ်ဝိညာဉ်အသွင်းပြောင်းခြင်းသုံးပြီးနောက် ထန်စန်း၏ကြိုးကြာနဂါးဖမ်းလက်မှာ သူ့အပေါ်၌သိပ်အလုပ်မဖြစ်တော့၊ အားနည်းချက်က ထင်ရှားလာသည်။ ဤသည်က ခွန်အားခြင်းကွာဟမှုကြောင့်ပင်။
သိုက်မုပိုင်၏စွမ်းအားကို ထန်စန်းသေချာတွက်ချက်ကြည့်ရင်း တစ်ခုသိလိုက်သည်။ အကယ်၍ သိုက်မုပိုင်အား အနိုင်ယူလိုပါက သူ့ဝိညာဉ်စွမ်းအား အားမြန်နိုင်သမျှမြန်မြန်မြှင့်တင်ရမည်ဖြစ်၏။ သိုက်မုပိုင်နှင့်စွမ်းအားအဆင့်ချင်း သိပ်မကွာပဲ တတိယမြှောက်ဝိညာဉ်ကွင်းပိုင်ဆိုင်ထားမှသာ သူ့အားထိပ်တိုက်ရင်ဆိုင်နိုင်မည်ပင်။ အကယ်၍ လက်နက်ပုန်းများနှင့်ဆန်းကြယ်ကောင်းကင်ပညာရပ်၏စွမ်းအားများကိုသာပေါင်းစပ်လိုက်ပါက သူ့အားအနိုင်ယူရန်မှာမဖြစ်နိုင်သည့်အရာမဟုတ်တော့။
“ရှောင်စန်း အစ်ကိုကြီး ညီမနဲ့မြို့ထဲ အတူလျှောက်ပတ်ပေးမယ်ဆို၊ အခုတော့အခန်းထဲမှာပဲ နေနေတယ် မပျင်းဘူးလား”
မနက်စာစားရင်းရှောင်ဝူက အမြဲတမ်းကျင့်ကြံနေသည့် ထန်စန်းအား သည်းမခံနိုင်တော့ဟန်ဖြင့်ပြောသည်။
ထန်စန်းက ခပ်ဖွဖွပြုံးရင်း...
ညီမကအစ်ကိုနဲ့တူမှမတူတာ၊ မင်းရဲ့မွေးရာပါ ပါရမီက အစ်ကို့ထပ်ပိုကောင်းတယ်၊ ကျင့်ကြံစရာတောင်မလိုပဲ အဆက်မပြတ်တိုးတက်နေတာလေ၊ အစ်ကိုကတော့ စောစောထတဲ့ငှက်အစာရတယ်ဆိုတဲ့အတိုင်း နည်းနည်းပိုပြီးဝီရိယရှိနေရုံပါ၊ အာ ဒါနဲ့သိုက်မုပိုင်ကလည်း ရှရက်အကယ်ဒမီကကျောင်းသားဖြစ်ပုံရတယ်၊ သူ့ခွန်အားနဲ့ဆိုကျောင်းမှာ အဆင့်ဘယ်လောက်ရှိမလဲ၊ တတိယအဆင့်လား ဒုတိယအဆင့်လား၊ဒီရှရက် အကယ်ဒမီမှာ သူ့ထပ်ပိုပြီးစွမ်းအားကြီးတယ်လူတွေရှိလောက်တယ်၊ ညီမလေး နင် နော်ဒင်ကျောင်းမှာရှိတုန်းကလို ပါးစပ်ကြမ်းလို့မရဘူးနော်”
ရှောင်ဝူလေးမှာ မကျေမနပ်ဖြင့် နုတ်ခမ်းစူ၏။ ထန်စန်း၏လက်ကိုအတင်းဆွဲထားရင်း သူမ၏မျက်လုံးကြီးများက ထန်စန်းအား အဓိပ္ပာယ်တစ်မျိုးဖြင့်ကြည့်သည်။ ‘တကယ်လို့ ညီမနဲ့အတူမလိုက်ပေးဘူးဆိုရင် လက်မလွှတ်ပေးဘူး’ ဟုပြောနေသယောင်ယောင်။
ထန်စန်းက သူမလေး၏အကြပ်ကိုင်မှုအား မည်သို့လွန်ဆန်နိုင်မည်နည်း။ သူက ကူကယ်ရာမဲ့စွာဖြင့်ခေါင်းညိတ်ရင်း....
“ကောင်းပြီလေ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျရင် အစ်ကိုတို့ရှရက်အကယ်ဒမီမှာ စာရင်းသွားသွင်းကြမှာပဲ၊ ဒီကြားထဲ အစ်ကိုမင်းနဲ့မြို့ထဲလျှောက်လည်ပေးနိုင်ပေးနိုင်ပါတယ်၊ တစ်ခုပဲ နေ့လည်ပြန်လာရမယ်၊ ညနေကျရင်အစ်ကို ကျင့်စဉ်ကျင့်တာကိုမနှောက်ယှက်နဲ့ ဟုတ်ပြီလား”
“အွန်း”
ပျော်ရွင်ဟန်ဖြင့် အူမြူးနေသောအသံလေးက သူမဆီမှထွက်ပေါ်လာသည်။ သူမ မျက်လုံးအတွင်းရှိ အကြပ်ကိုင်ဟန် အရိပ်အယောင်လေးမှာ မျက်လှည့်ပြလိုက်သကဲ့သို့ပျောက်ကွယ်သွား၏။ သူမ၏သရုပ်ဆောင်စွမ်းရည်ဖြင့်ဆိုပါက ပြဇာတ်မင်းသမီးတစ်ယောက်ပင်ဖြစ်နိုင်ပေသည်။
နှင်းဆီတည်းခိုခန်း၏ ဝန်ဆောင်မှုမှာအတော်လေးကောင်း၏။ သူတို့အပြင်ထွက်လာသည့်အခါ အစေခံတစ်ယောက်က နှင်းဆီပန်းလှည်းတစ်စီးအားတွန်းလာသည်ကို မြင်လိုက်ရသည်ည်။ မေးစမ်းကြည့်ရာ ပင်လယ်နီခန်းမအတွင်းရှိ နှင်းဆီပန်းများကို နေ့တိုင်းအစားထိုးသည်ဖြစ်ကြောင်း မမျှော်လင့်ထားစွာသိရ၏။နှင်းဆီပန်းများမှာ စျေးသိပ်မများသော်လည်း ထိုမျှများပြားသော နှင်းဆီများ၏တန်ဖိုးမှာ နည်းနည်းနောနောဖြစ်မည်မဟုတ်။ ထန်စန်းက သူတို့အခန်းခကိုထပ်မံ မေးစမ်းကြည့်ရာ မန်နေဂျာဝမ်အား သူတို့ကိုရက်အနည်းငယ်ခန့်အလကားနေခိုင်းခဲ့သည်ကို သဘောတူခဲ့မိခြင်းက မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်ကြောင်း သိလိုက်ရသည်။
တည်ခိုခန်းအပြင်သို့ရောက်သည့်အခါ ထန်စန်းကရှောင်ဝူအားမေးလိုက်၏။
“ဒါဆို ဘယ်သွားချင်လဲ”
ရှောင်ဝူက သိပ်ဂရုမစိုက်ဟန်ဖြင့်....
“ဒီတိုင်းပဲ လျှောက်ပတ်ကြည့်ရအောင်၊ ဘာပဲဖြစ်ဖြစ်အခန်းထဲမှာ အချိန်ကုန်နေတာထပ်စာရင်ပိုကောင်းတယ်လေ”
နော်ဒင်မြို့၌ သူမသွားရာတစ်လျှောက်ကျောင်းသားအုပ်ကြီးက အမြဲရှိနေသည်။ ကိုယ်ရံတော်များလိုက်ပါနေသော သခင်မလေးအလား။ ကျောင်းသားဟောင်းဖြစ်သည့် ရှောင်ချန်ယုမှာမူ အစောကြီးကတည်းက ဘွဲ့ရ၍ အလယ်တန်းအဆင့် အကယ်ဒမီသို့ဆက်လက်တက်ရောက်သွားပြီဖြစ်၏။ သို့သော် သူ့မိသားစု၏အရှိန်အဝါမှာ နော်ဒင်မြို့တွင်သေးလှသည်မဟုတ်၊ သူကရှောင်ဝူအားလေးစားသည့်အတွက် သူ့မိသားစုရှိလူများကို ရှောင်ဝူအားကြည့်ရှုစောင့်ရှောက်စေသည်။ ဤသိုဖြင့် နော်ဒင်မြို့တွင် ရှောင်ဝူက ရေထဲမှငါးတစ်ကောင်ကဲ့သို့ မည်သည်ကိုမှဂရုမစိုက်ပဲ လွတ်လွတ်လပ်လပ်နေခဲ့ရ၏။
လူအများအပြားဖြင့် ဆူညံပွက်လောရိုက်ကာလျှောက်လည်ခြင်းနှင့် အသားကျနေသော ရှောင်ဝူက ယခုသူမဘေး၌ ထန်စန်းတစ်ယောက်သာရှိ၍ အသားမကျဖြစ်နေဟန်ရသည်။
နှစ်ယောက်သားမှာ မြို့ထဲ၌လျှောက်ပတ်ကြည့်ရင်းတွေးမိကြသည်။ ဆိုတိုမြို့မှာ သခင်အဆင့်မြို့တော်ဟူသော ဂုဏ်ပုဒ်နှင့်ထိုက်တန်ပါပေ၏။မနက်စောစောသာရှိသေးသော်လည်း လူအများဖြင့်စည်ကားနေပြီဖြစ်သည်။
အေးအေးလူလူဖြင့် ပုံမှန်လည်ပတ်နေသောနော်ဒင်မြို့ထပ်စာပါက ဤမြို့မှာ ပို၍သက်ဝင်လှုပ်ရှားနေသယောင်၊ လမ်းသွား လမ်းလာများမှာ ဟိုမှသည် ဥဒဟိုသွားနေကြပြီး စျေးဝယ်သူများဖြင့်လည်း ပြည့်နှက်နေ၏။
လက်ဝတ်ရတနာရောင်းချသော ဆိုင်များမှလာသောအလင်းများကလည်း မျက်စိကျိန်းစေနိုင်သည်။ ထန်စန်းပင်လျှင် ရှောင်ဝူ၏အတင်းဆွဲခေါ်မှုကြောင့် အဝတ်အစားဆိုင်တော်တော်များများသို့ ရောက်ခဲ့ပြီးဖြစ်၏။ မျက်စိကျိန်းကာမူးဝေလာသလိုပင်ခံစားနေရသည်။
ကံကောင်းစွာဖြင့် ရှောင်ဝူက ဆိုင်များ၌မျက်စိအစာကြွေးရုံသာလိုက်ကြည့်၍ မဝယ်ခဲ့ခြင်းပင်၊ မဟုတ်ပါကသူတို့နှစ်ယောက်၏ ဘုံပိုက်ဆံအိတ်လေးမှာ ပြားချပ်သွားနိုင်၏။
ဆိုတိုမြို့၏စျေးနှုန်းများမှာ နော်ဒင်မြို့ထပ် ၃၀ရာခိုင်နှုန်းခန့်မျှပိုကြီးသည်။ ကုန်စည်များမှာ စျေးကြီးသည်ဆိုသော်လည်း နော်ဒင်မြို့ကထပ် အရည်အသွေးအနည်းငယ်ပိုကောင်း၏။ ဟုတ်ပေသည်။ ဤသို့ဖြစ်ရခြင်းမှာ နော်ဒင်မြို့က ကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်သော်ကြောင့်ပင်၊ သာမန်မြို့လေးတစ်မြို့ရှိ စျေးရှိကုန်စည်များမှာမူ ဆိုတိုမြို့နှင့်အကွာကြီးကွာပေလိမ့်မည်သာ။
“ရှောင်စန်း ဟိုကိုကြည့်ကြည့်”
ရှောင်ဝူက ထန်စန်းအားအံအားသင့်ဟန်ဖြင့်လှမ်းခေါ်သည်။ အပြင်ထွက်သည့်အခါ သူမက ထန်စန်းအား ရှောင်စန်းဟုသာခေါ်၏။ နှစ်ယောက်တည်းရှိသည့်အခါမှသာ အစ်ကိုကြီးဟုခေါ်ခြင်းဖြစ်သည်။ ဤသည်က သူတို့နှစ်ယောက်ကြားမှလျှို့ဝှက်ချက်ပင်၊ ထန်စန်းကလည်း အခေါ်အဝေါ်များအား အရမ်းကြီးဂရုမစိုက်၊ သူမတွင်လည်း သူမအကြောင်းများရှိမည်သာ။
“ကြီးမြတ်လှတဲ့ သခင်မလေး ဒီတစ်ခါဘယ်လို ထူးခြားတဲ့ အဝတ်အစားဆိုင်ကိုများတွေ့မြင်တော်မူလို့လဲ ခင်ဗျ၊ ကျွန်တော်မျိုးတို့ နေ့လည်စာစားပြီးရင် ပြန်ကြရအောင်လေ”
ရှောင်ဝူ သူ့လက်ကိုဆွဲကာ ခုန်ပေါက်ရင်း စိတ်လှုပ်ရှားနေသော ဟန်ပန်ဖြင့်ပြောသည်။
“အာ ဟိုကိုကြည့် မြန့်မြန်ကြည့် ဟိုမှာတွေ့လား ဝိညာဉ်သခင်တွေနဲ့ဆိုင်တဲ့ ပစ္စည်းတွေရောင်းတဲ့ဆိုင်ထင်တယ်”
ထန်စန်းအကြည့်က သူမလက်ညှိုးညွှန်သည့်နေရာသို့ရောက်သွား၏။ အဝေးရှိဆိုင်တစ်ဆိုင်အား မြင်လိုက်ရသည်။ ဆိုင်ရှေ့မှာ သိပ်မကြီးသော်လည်း ပစ္စည်းများကြား၌ ဆိုင်းပုတ်တစ်ခုအားထောင်ထားသည်ကို တွေ့ရ၏။
ထိုဆိုင်းပုဒ်ပေါ်၌ တမူထူးခြားသော သင်္ကေတများရှိသည်။ သာမန်လူများမှာ ထိုသင်္ကေတများ၏အဓိပ္ပာယ်အားသိကြမည်မဟုတ်သော်လည်း ထန်စန်းနှင့်ရှောင်ဝူကမူသိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသင်္ကေများအနက်အချို့မှာ ဝိညာဉ်ခန်းမ တံဆိပ်ပြားရှိ သင်္ကေတများနှင့်တူညီနေသည်မဟုတ်ပါလား။
ထိုဆိုင်းပုဒ်ပေါ်၌ ဓါးတစ်ချောင်း တူတစ်ချောင်းနှင့် မိုးပြာလျှပ်စီးနဂါးသင်္ကေတတို့က သပ်ရပ်စွာတည်ရှိနေသည်။ ဂရန်းမာစတာတွင်ရှိသော ဝိညာဉ်ခန်းမ တံဆိပ်ပြားပေါ်မှ သင်္ကေတများအတိုင်းပင်၊ သို့သော် ထိုသင်္ကေများမှာ မည်ကဲ့သို့ စျေးဆိုင်တစ်ဆိုင်၏ဆိုင်းပုဒ်ပေါ်တွင်ရှိနေရသနည်း။