အပိုင်း ၆၆
တုံ့ဆိုင်းခြင်းမရှိ ထန်စန်းကနောက်သို့အမြန်ဆုတ်၏။ တစ္ဆေအရိပ်ခြေလှမ်းကြောင့် သိုက်မုပိုင်၏သိုင်းကွက်အား ဆံချည်တစ်မျှင်အလိုလောက်မှပင် ကပ်ရှောင်နိုင်ခဲ့သည်။ တဆက်တည်း သူ့ဘေးတဝိုက်ရှိငွေပြာမြက်များအား ရှေ့သို့တိုးဝင်သွားစေသည်။ ပစ်မှတ်ကား သိုက်မုပိုင်၏ခန္ဓာကိုယ်အားချုပ်နှောင်ရန်ပင်။ ထန်စန်းမှာမူ ရစ်ပတ်နေသောနွယ်များအကြား ပျောက်ကွယ်သွား၏။
သိုက်မုပိုင်၏မျက်လုံးများကတောက်ပသွားပြီး တကိုယ်လုံးအားဝိညာဉ်စွမ်းအားဖြင့်ဖုံးအုပ်သွားသည်။ လက်သည်းများအား ဝှေ့ယမ်းလိုက်ရာ တိုးဝင်လာသော နွယ်ပင်များမှာ တစစီဖြစ်သွားရ၏။
ငွေပြာမြက်မှဖြစ်လာသော ထိုနွယ်များအား အစတုန်းကတစ်ချက်တည်းဖြင့် ဖြတ်ပစ်လိုက်မည်ဟု သူတွေးထားသော်လည်း သူတုန်လှုပ်သွား၏။ ထိုနွယ်များမှာ မထင်မှတ်ထားရလောက်အောင်မာကြောနေသည်။ သူ့လက်သည်းများနှင့် အဆင့်၃၇ ဝိညာဉ်စွမ်းအားကိုထည့်ပေါင်းကာ ခုတ်သည့်တိုင်အောင် တဝက်မျှသာဖြတ်နိုင်သည်။ ရုတ်ချည်းဆိုသလို နွယ်ပင်များမှာ နောက်သို့အလျင်အမြန်ဆုတ်သွား၏။ ကျားလက်သည်းများမမှီနိုင်သော အကွာအဝေးသို့တိုင်ဆုတ်သွားပြီးနောက် ပြန်လည်ကုစားနေကြသည်။
နွယ်များဖြန့်ကျက်ရာတစ်ဝိုက် လက်ဖက်ရည်ကဲ့သို့ မွှေးရနံ့ကသင်းပျံနေသည်။ ထိုနွယ်များမှာ မကုန်ခမ်းနိုင်သည့် အလားနေရာအနှံ့မှထွက်ပေါ်လာ၏။ စိတ်ဝိညာဉ်စွမ်းအားကြောင့် သိုက်မုပိုင်၏အလျင်နှင့်ခွန်အားကတိုးနေသည့်တိုင်အောင် နွယ်ပင်များဆုတ်ခွာသွားသည်အား မှီအောင်မလိုက်နိုင်ခဲ့ပေ။
ဒါကငွေပြာမြက်လား၊ သိုက်မုပိုင်မှာအတော်ပင်အံသြသွားရ၏။ ငွေပြာမြက်မှာ ထိုမျှလောက်စွမ်းအားကြီးလိမ့်မည်ဟု သူတစ်ခါမှမတွေးဖူးခဲ့ချေ။ တဖက်လူက သူ့ထပ်ဝိညာဉ်ကွင်းတစ်ကွင်းမရှိသည့်တိုင်အောင် သူ့အားယာယီခြေချုပ်မိစေနိုင်သည်။ အကယ်၍ဝိညာဉ်ကွင်းအရေအတွက်သာ တူညီပါကဤတိုက်ပွဲ၏အနိုင်ရသူမှာ မည်သို့ဖြစ်မည်ဟု ပြောဖို့ရန်ခက်ခဲပေလိမ့်မည်။
သိုက်မုပိုင်မှာ စိတ်ရှည်လက်ရှည်ရှိသူမဟုတ်၊ တခြားလူများအား ခွန်အားအပြည့်ဖြင့်တိုက်ခိုက်ရာ၌ အားသန်သူဖြစ်သည်။ သူ့အကြည့်များကတောက်ပသွားသည်။ သိုက်မုပိုင်၏နတ်ဆိုးမျက်လုံးများက ရုတ်တရက် အဖြူရောင်သို့ပြောင်းလဲသွား၏။ သူ့ကိုယ်ပေါ်၌ ဝဲလျက်ရှိနေသော ဝိညာဉ်ကွင်းသုံးခုအနက် ပထမတစ်ခုမှာရုတ်ချည်းပင်တောက်ပလာသည်။ အဖြူရောင်အလင်းအကာအကွယ်တစ်ခုက သူ့ကိုယ်တဝိုက်၌ပေါ်လာပြီး တိုးဝင်လာသော နွယ်ပင်များအား ကာဆီးပေးထားသည်။
တဆက်တည်း သူ့ကိုယ်ပေါ်ရှိ ဒုတိယမြောက်ဝိညာဉ်ကွင်းကပါ တောက်ပလာသည်။ ကြီးမားသောအဖြူရောင်အလင်းက လျှပ်တပြက်အတွင်း သိပ်သည်းသွား၏။ သိုက်မုပိုင်က ကျားဟိန်းသံတစ်ချက်ပြု၍ နို့နှစ်ရောင် အလင်းစက်လုံးအား ပါးစပ်မှမှုတ်ထုတ်လိုက်သည်။
ထိုအရာများက သိုက်မုပိုင်ရှိ ပထမဝိညာဉ်ကွင်း
နှစ်ခု၏စွမ်းရည်ပင်၊ ကျားဖြူခန္ဓာကိုယ် အကာအကာအကွယ်နှင့်ကျားဖြူအလင်းလှိုင်းဟုခေါ်တွင်၏။ ထိုစွမ်းရည်နှစ်ခုအား ပေါင်းစပ်၍ပစ်လွှတ်လိုက်ခြင်းက ဒုက္ခအကြီးအကျယ်ပေးစွမ်းနိုင်ပေသည်။
အပြင်မှကြည့်ပါက သိုက်မုပိုင်၏ခန္ဓာကိုယ်အားနွယ်များစွာကဖုံးအုပ်နေသည်ကိုမြင်ကြရမည်ဖြစ်သည်။ ထိုသည်ကိုကြည့်ရင်း ရှောင်ဝူက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချ၏။ ရုတ်တရက် ဖုံးလွှမ်းထားသော နွယ်များအကြားမှ အလင်းလှိုင်းများထွက်ပေါ်လာပြီး ပေါက်ကွဲထွက်သွားသည်။
ငွေပြာမြက်မှ ဖြစ်ပေါ်လာသောနွယ်များမှာ တစစီဖြစ်ကာ နေရာအနှံ့သို့လွှင့်ထွက်သွားကြ၏။ ပြင်းထန်သော စွမ်းအားလှိုင်းများက နှင်းဆီတည်းခိုခန်းအတွင်းရှိ ပရိဘောဂများအား လှည်းကျင်းလိုက်သကဲ့သို့ လွှင့်စင်သွားစေသည်။
စိတ်ဝိညာဉ်များမှာ ပိုင်ရှင်နှင့်တစ်သားတည်းပင်၊ ထန်စန်း၏မျက်နှာမှာ ရုတ်ချည်း ဖြူဖျော့သွား၏။ နောက်သို့ ယိမ်းယိုင်စွာဆုတ်လိုက်ပြီး ဟန်ချက်ကိုမနည်းထိန်းလိုက်ရသည်။
အဖြူရောင်အလင်းက ပျောက်ကွယ်သွား၏။ သိုက်မုပိုင်၏ခန့်ညားသောဟန်ပန်ကပြန်လည်ထွက်ပေါ်လာသည်။ ကျိုးပဲ့ပျက်စီးသွားသော ငွေပြာမြက်နွယ်များမှာ ထန်စန်းရှိရာ၌တဖြည်းဖြည်းစုဝေးလာကြသော်လည်း အရင်ကထပ် အရေအတွက်နည်းသွားပုံရ၏။
“ထန်စန်း သားရဲစိတ်ဝိညာဉ်တွေရဲ့စွမ်းအားက ကိရိယာစိတ်ဝိညာဉ်တွေထပ်ပိုစွမ်းအားကြီးတယ်၊ မင်းငွေပြာမြက်ရဲ့စွမ်းအားက ငါ့ကိုအံအားသင့်စေပေမဲ့ အဆုံးသတ်ကျရင် ငါ့ကိုအနိုင်ယူနိုင်မှာ မဟုတ်ဘူး”
ထန်စန်းက ချိနဲ့စွာပြုံး၍ ပြန်ပြောသည်။
“သေချာရဲ့လား”
ရုတ်တရက် ထန်စန်းကိုယ်ပေါ်ရှိ ဒုတိယမြှောက်ဝိညာဉ်ကွင်းကတောက်ပသွား၏။ သိုက်မုပိုင်၏ ခန္ဓာကိုယ်က တင်းကြပ်သွားသလိုခံစားလိုက်ရသည်။ သူ့ကိုယ်ပေါ်၌ နွယ်အချို့ကမည်သည့်အချိန်ကမှန်း မသိကပ်တွယ်နေသည်ကိုသတိပြုမိလိုက်သည်။ ထန်စန်း၏ဒုတိယမြှောက် ဝိညာဉ်ကွင်းတောက်ပလာသည်နှင့် တပြိုင်နက် ထိုနွယ်များမှာ ရုတ်ချည်းကြီးထွားလာကြပြီး သိုက်မုပိုင်အား ချုပ်နှောင်ကြတော့၏။
နွယ်ပေါ်၌ရှိသော ဆူးကလေးများမှာ သေးငယ်ကြသော်လည်း နွယ်ပင်များက သိုက်မုပိုင်အား တင်းကြပ်စွာချုပ်နှောင်ထားကြသဖြင့် နာကျင်မှုအားခံစားရပေသည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်ကထုံထိုင်းလာသည်ကို သူသတိပြုမိလိုက်၏။
ထန်စန်း အဆင့်၂၉သို့မရောက်ခင်ကပင် ဂရန်းမာစတာမှာ ထန်စန်း၏ဒုတိယမြောက်ဝိညာဉ်ကွင်းမှာ မည်သည့်သားရဲဖြစ်သင့်ကြောင်း စဉ်းစားပြီးဖြစ်သည်။
ထန်စန်း၏ဒုတိယမြောက်ဝိညာဉ်ကွင်းမှာ အပင်မျိုးစိတ် ဝိညာဉ်သားရဲဖြစ်ပြီး တစ္ဆေကပ်ပါးနွယ်ပင်ဟုခေါ်တွင်၏။ ဒုတိယဝိညာဉ်ကွင်းအတွက် အကန့်အသတ်မှာ ၇၆၄နှစ်ဖြစ်ပြီး ထန်စန်းရရှိခဲ့သည့် တစ္ဆေကပ်ပါးနွယ်မှာ သက်တမ်းနှစ်၆၀၀ကျော် ရှိနေပြီပင်။
တစ္ဆေကပ်ပါးနွယ်မှာ အပင်မျိုးစိတ်ဝိညာဉ်သားရဲများအနက်အလွန်အမင်းကြောက်ဖို့ကောင်းသော အပင်ဖြစ်သည်။ သူ့တွင်ရှိသော ဆူးကလေးများဖြင့်စူးမိပါက အဆိပ်မှာ ချက်ချင်းတစ်ကိုယ်လုံးသို့ပျံနှံ့သွားပြီး သွေးရေအိုင်ဖြစ်သည်အထိတိုက်စားပေလိမ့်မည်။ ထို့နောက် တစ္ဆေကပ်ပါးနွယ်၏မြေသြဇာဖြစ်သွားမည်သာ။ ထိုအဆိပ်အပြင် ဝိညာဉ်သခင်တို့ အကြောက်ရွံ့ဆုံးအရာက တစ္ဆေကပ်ပါးနွယ်၏
ကပ်တွယ်နိုင်သောသဘာဝပင်။ ထိုနွယ်ပင်ကတိုက်ခိုက်လိုက်သည်နှင့်မရေမတွက်နိုင်သောအစေ့ငယ်များကိုပါပစ်လွှတ်သည်။ ပစ်မှတ်၏ခန္ဓာကိုယ်၌တွယ်ကပ်စေ၏။ ပင်မတစ္ဆေကပ်ပါးနွယ်ပင်မှထောက်ပံ့ပေးသည့်အခါ(သို့မဟုတ်)လက်ခံကောင်၏ခန္ဓာကိုယ်မှလုံ့လောက်သော အဟာရများစုပ်ယူပြီးသည့်အခါ သူတို့မှာကြီးထွားလာကြပြီး အာရုံကြောအဆိပ်များကိုထိုးသွင်းကာပျံနှံ့စေသည်။ မည်သို့ဆိုစေရလဒ်ကတော့ အတူတူပင်။
သက်တမ်း ၆၀၀ကျော်ရှိ တစ္ဆေကပ်ပါးနွယ်၏ဝိညာဉ်ကွင်းအားရရန် ဝိညာဉ်ဘိုးဘေးအဆင့်ရှိ အဆင့်၄၀ကိရိယာဝိညာဉ်သခင်ဖြစ်သော နော်ဒင်ကျောင်းအုပ်သည်တောင် အတော်လေးရုန်းကန်ခဲ့ရ၏။ သူကိုယ်တိုင်ကခွန်အားကို ထိန်းချုပ်ထားရသည့်အပြင် ထန်စန်းအားလည်း နောက်ဆုံးသတ်ကွက်ရအောင် ကြိုးစားပေးခဲ့ရသည်မဟုတ်ပါလား။
တစ္ဆေကပ်ပါးနွယ်အားရပြီးနောက်တွင် ထန်စန်း၏စွမ်းရည်များမှာ အဖက်ဖက်မှတိုးတက်လာ၏။ ငွေပြာမြက်ကပို၍ကြံခိုင်လာသည့်အပြင် အပြင်ပိုင်းသဏ္ဍာန်မှာ တစ္ဆေကပ်ပါးနွယ်နှင့်ဆင်တူလာသည်။ အရောင်နှင့်နွယ်ကဲ့သို့ရစ်ခွေနေသောမျဉ်းကြောင်းများကသာ မူလအတိုင်းကျန်ရှိနေသည်။ အာရုံကြောအားထိုင်းမှိုင်းစေသောအဆိပ်အစွမ်းကလည်း ပို၍တိုးတက်လာ၏။ လေထဲရှိ သင်းပျံပျံရနံ့ကလည်း အဆိပ်အစွမ်းအားပို၍အကျိုးသက်ရောက်စေရန်ထောက်ပံ့ပေးသည်။
တစ္ဆေကပ်ပါးနွယ်က ထန်စန်းအားပေးခဲ့သော ဒုတိယမြောက်ဝိညာဉ်စွမ်းရည်မှာ 'ကပ်တွယ်ခြင်းပင်'။
ဝိညာဉ်စွမ်းအင်ကြောင့် တစ္ဆေကပ်ပါးနွယ်၏တွယ်ကပ်နိုင်စွမ်းမှာ မူလကထပ်ပင်ပိုအားကောင်းသွား၏။ စွမ်းအင်ဖြည့်သွင်းလိုက်သည်နှင့်အစေ့များမှ အပင်ချက်ချင်းပေါက်လာပြီး ရန်သူအားမလှုပ်နိုင်အောင်ချုပ်နှောင်မည်ဖြစ်သည်။ မသိမသာဖြင့် ရန်သူအားထိန်းချုပ်နိုင်သောစွမ်းရည်တရပ်ဟုပင်ဆိုနိုင်သည်။
ငွေပြာမြက်၏ နဂိုကြံခိုင်မှုပါထည့်ပေါင်းလိုက်သည့်အခါ အဆင့်၃၇ ဝိညာဉ်အကြီးအကဲဖြစ်သည့် သိုက်မုပိုင်ပင် သူ့လက်သည်းများဖြင့် ဆွဲဖြတ်ကာထွက်မလာနိုင်တော့။ အဆုံးတွင် သူထန်စန်းအားလျှော့တွက်ရုံသာမက ငွေပြာမြက်၏လုပ်နိုင်စွမ်းကိုလည်း လျှော့တွက်မိနေဆဲဖြစ်ကြောင်းသိလိုက်ရ၏။ ယခုမူလမ်းဆုံးသို့ရောက်သွားပြီဖြစ်သည်။
သိုက်မုပိုင်၏မျက်လုံးထဲ၌ အံသြသွားဟန်ကိုမြင်သည့် ထန်စန်းကပြောသည်။
“ငါ့ငွေပြာမြက်မှာ အဆိပ်ရှိတယ်လေ၊ ကြည့်ရတာ မင်းလည်းသိလောက်ပြီထင်တယ်၊ ငါ့ငွေပြာမြက်အချုပ်အနှောင်ကနေလွတ်ချင်တယ်ဆိုရင် မင်းအနေနဲ့ခွန်အားအပြည့်သုံးဖို့လိုလိမ့်မယ်၊အဲ့တာကမင်းရဲ့ ချီနဲ့သွေးလှည့်ပတ်မှုကိုမြန်ဆန်စေတယ်၊ ဒါဆိုအဆိပ်ပြန့်တာလဲ ပိုမြန်သွားမယ်၊အခုတောင်မှကြည့်ပါလား မင်းအရေပြားကထုံထိုင်းနေသလိုခံစားနေရပြီမဟုတ်လား၊ ငါ့ငွေပြာမြက်အစေ့တွေကိုရှာဖို့မဖြစ်နိုင်တော့ဘူး၊ ဒါ့ကြောင့်မိုလို့မင်းရှုံးသွားပြီ”
သိုက်မုပိုင်ကထန်စန်းအားကြည့်သည်။ ယခုသူ့ခေါင်းထဲ၌ သူကိုယ်ပေါ်၌ချုပ်နှောင်ထားသော ငွေပြာမြက်အားမည်သို့ဖြေရှင်းရမည်နည်းစဉ်းစားနေ၏။ ရုတ်တရက် သူ့မျက်လုံးထဲ၌ သိရခက်သော အလင်းတစ်ချက်ဖြတ်ပြေးသွားသည်။
“ကောင်းတယ် အတော်လေးကြမ်းတဲ့ငွေပြာမြက်ပဲ၊ တကယ်လို့ ငါသာမင်းနဲ့အတူတူ ဝိညာဉ်ကွင်းနှစ်ခုပဲရှိရင် ငါရှုံးသွားမှာ၊ မင်းအဆိပ်ကြောင့် ငါ့ကိုယ်ကထုံထိုင်းစပြုနေပြီဖြစ်တာမို့လို့ ငွေပြာမြက်ရဲ့ချုပ်နှောင်ခြင်းကနေလွတ်ဖို့ခက်လိမ့်မယ်၊ ဒါပေမဲ့ မင်းမမေ့နဲ့ဦး မင်းထပ်စာရင် ငါ့မှာဝိညာဉ်ကွင်းတစ်ကွင်းပိုရှိတယ်၊ မင်းကို ငါ့တတိယမြှောက်ဝိညာဉ်ကွင်းရဲ့စွမ်းရည်ကိုပြရသေးတာပေါ့”
မျက်စိတမှိတ်အတွင်း သူ့ကိုယ်ပေါ်ရှိ ခရမ်းရောင်အလင်းကတောက်ပလာ၏။ သိုက်မုပိုင်အနားရှိ လေထုကပင် ပုံပျက်လာသယောင်။ သူ့နတ်ဆိုးမျက်လုံးများက သွေးနီရောင်သို့ချက်ချင်းပြောင်းလဲသွားသည်။ သူ့ကိုယ်ပေါ်၌ချုပ်နှောင်ထားသော ငွေပြာမြက်အစုအဝေးကြီးမှာ ဖောင်းကြွလာသည်။ ဘန်း..ဆိုသည့်အသံကျယ်ကြီးနှင့်အတူ ချုပ်နှောင်ထားသောငွေပြာမြက်များသာမက ကပ်ပါးမျိုးစေ့များပါမကျန် တစစီဖြစ်ကာလွှင့်ထွက်ကုန်ကြသည်။
သိုက်မုပိုင်၏ခန္ဓာကိုယ်က ဒုတိယအကြိမ်မြောက်ပြောင်းလဲသွား၏။
ထန်စန်းပင် အသက်ပြင်းပြင်းရှိုက်လိုက်ရသည်။
“ဒါကနှစ်တစ်ထောင်ဝိညာဉ်ကွင်းရဲ့စွမ်းရည်လား”
ဤတွင် အခန်း ၁၄ပြီး၏။