အခန်း ၁၅ နှစ်တစ်ထောင်ဝိညာဉ်ကွင်း၏စွမ်းရည် ကျားဖြူဗာဂျရာအသွင်ပြောင်းခြင်း အပိုင်း၆၇

ထန်စန်း၏ဒုတိယဝိညာဉ်ကွင်းစွမ်းရည်​ဖြင့် ခြေချုပ်မိသွားသဖြင့် သိုက်မုပိုင်မှာ သူ၏တတိယမြောက်ဝိညာဉ်ကွင်းစွမ်းရည်ကိုသုံးရုံမှလွဲ၍ တခြားနည်းလမ်းမရှိတော့ပေ။

ယခုလက်ရှိ ရှောင်ဝူနှင့်ထန်စန်းတို့ရှေ့တွင်ရှိသော သိုက်မုပိုင်၏အသွင်သဏ္ဍာန်မှာ နောက်တကြိမ်ထပ်မံပြောင်းလဲသွား၏။ သားရဲစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းကြောင့်ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်က ထပ်မံကြီးထွားလာသည်။ ကြီးထွားလာသောကြွက်သားများကြောင့် အဝတ်အစားများပင်စုတ်ပြဲကုန်ကြ၏။ အထူးဆန်းဆုံးအရာက သူ့ကိုယ်ပေါ်၌ပေါ်လာသောအမည်းရောင်အစင်းကြောင်းများပင်၊ သားမွေးများသာ သူ့ကိုယ်ပေါ်၌မရှိပါက သိုက်မုပိုင်မှာ ကျားတစ်​ကောင်နှင့်ခြားနားမည်မဟုတ်။

ကျားလက်ဝါးများကပိုကြီးလာသည်။ လက်သည်းများငွေရောင်တလက်လက်ဖြင့် ပိုမိုချွန်ထက်လာကြ၏။ သိပ်သည်းသောရွှေရောင်အလင်းက သူ့ကိုယ်တဝိုက်၌ဝန်းရံနေသည်။ သွေးနီရောင်မျက်လုံးတစ်စုံ၌ သွေးဆာသည့် အရိပ်အယောင်များကရိပ်သန်းလာသည်။ သူ့တစ်ကိုယ်လုံးမှထွက်ပေါ်လာသောအရှိန်အဝါကသားရဲတို့၏ဘုရင်အလား ထင်မှတ်မိစေ၏။

သူ့ရှေ့ရှိအသွင်ပြောင်းခြင်းမှာ မည်သည်ကိုဆိုလိုမှန်း ထန်စန်းမသိသော်လည်း သိုက်မုပိုင်၏တတိယမြောက်ဝိညာဉ်ကွင်းစွမ်းရည်ဖြစ်ကြောင်းကိုမူ ရိပ်စားမိသည်။

အခြေအနေမှာ အဆိုးဘက်သို့ကျရောက်နေပြီဟု တွက်ဆမိသောရှောင်ဝူက သူမ၏ဝိညာဉ်ကွင်းများကို ချက်ချင်းဖော်ထုတ်လိုက်၏။ ထန်စန်းကဲ့သို့ သူမနံဘေး၌ အဝါရောင်ဝိညာဉ်ကွင်းနှစ်ကွင်းကပေါ်လာသည်။ ချစ်စရာကောင်းသော နားရွက်ဖြူလေးနှစ်ခု သူမခေါင်းပေါ်၌ ပေါ်ထွက်လာသည်။ နဂိုလှပြီးသားပုံရိပ်လေးက ယခုအခါ ပို၍နူးညံလာသယောင်။

သားရဲစိတ်ဝိညာဉ်အသွင်ပြောင်းခြင်း၊ ရှောင်ဝူ၏အသွင်ပြောင်းရာ၌ဖြစ်ပေါ်လာသည့်လက္ခဏာများမှာ သိုက်မုပိုင်နှင့်မတူချေ။ သိုက်မုပိုင်၏စိတ်ဝိညာဉ်မှာ ကျားဖြူဖြစ်သဖြင့် သားရဲစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းက သူ့အားပိုပြီးကြမ်းတမ်းကာ သန်မာလာစေရန်လုပ်ဆောင်ပေးသည်။ ရှောင်ဝူ၏စိတ်ဝိညာဉ်မှာ ယုန်ဖြစ်သောကြောင့် သူမအားပို၍နူးညံပျော့ပျောင်းလာစေသည်။ အသွင်ပြောင်းသည့်အခါ သူမ၏ခြေထောက်လေးများမှာ ပို၍ရှည်သွယ်လာကြသည်။ ယုန်တစ်ကောင်လက္ခဏာများနှင့်နီးစပ်လာစေ၏။

ထန်စန်းပင် ရှောင်ဝူ၏ဝိညာဉ်ကွင်းများမှာ မည်သည့်ဝိညာဉ်သားရဲမှလာသည်မှန်းမသိ။ နှစ်ကုန်ပိုင်းတွင် ထန်စန်းမှာ ဂရန်းမာစတာနှင့်နော်ဒင်ကျောင်းအုပ်၏အကူအညီဖြင့် ဒုတိယမြောက်ဝိညာဉ်ကွင်းအားရရှိခဲ့သည်။ ရှောင်ဝူမှာမူ အိမ်ပြန်သွားမည်ဟုဆိုကာပြန်သွား၏။ သူမပြန်ရောက်လာသည့်အခါ ဒုတိယမြှောက်ဝိညာဉ်ကွင်းအားရပြီးဖြစ်သည်။ နှစ်ရာချီဝိညာဉ်ကွင်းလည်း ဖြစ်နေသေး၏။

ထန်စန်းပတ်ဝန်းကျင်တဝိုက်မှ အပြာနှင့်အနက်ရောင်ရှိသောငွေပြာမြက်များက ထိုးထွက်လာကြသည်။ ငွေပြာမြက်အား လက်ဝါးပြင်တစ်ခုတည်းမှသာထုတ်ဖော်၍ရသည်မဟုတ်။ ဆူးပါသောငွေပြာမြက်နွယ်များက အသွင်ပြောင်းနေသော သိုက်မုပိုင်ဆီသို့တိုးဝင်သွားကြ၏။ သူတို့၏ဦးတည်ရာကား သိုက်မုပိုင်၏လည်ပင်းနှင့် ခြေလက်လေးချောင်းတို့ပင်။ ထန်စန်းမှာသူ့ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်ဖြင့် ဆန်းကြယ်ကောင်းကင်ပညာအားအစွမ်းကုန်လှည့်ပတ်၍ ပထမဆုံးဝိညာဉ်ကွင်း၏စွမ်းရည် ချုပ်နှောင်ခြင်းအားအကန့်အသတ်ထိရောက်အောင်ထုတ်ဖော်လိုက်သည်။

တိုက်ကွက်အား အသုံးပြုပြီးသည်နှင့်ထန်စန်းမှာ ပြေးထွက်သွားမည့်ဟန်ပြင်နေသော ရှောင်ဝူအား ခေါင်းကိုယမ်းရင်းတားလိုက်၏။

ယောကျာ်းချင်းတိုက်ပွဲ၌ တခြားသူများကဝင်မပါပဲ ဘေးမှသာရပ်ကြည့်နေသင့်သည်။ ထန်စန်းအသက်မှာ ၁၂ပင်မကျော်သော်လည်း ဤသည်မှာဂုဏ်သိက္ခာနှင့်ဆိုင်ကြောင်း သူသိ၏။ သိုက်မုပိုင်ထံမှ အေးစက်မှုနှင့်နိုင်လိုမင်းထက်ပြုမူလိုသော စရိုက်ကိုအာရုံခံမိသော်လည်း သတ်ဖြတ်လိုစိတ်မရှိကြောင်းသူသိ၏။

ထန်စန်းကရှောင်ဝူအားဆွဲထားလိုက်ရင်း သူ့မျက်လုံးများကရုတ်တရက်ကျဉ်းမြောင်းသွားသည်။ ရှီး..ဟုပင်ရေရွတ်မိလိုက်၏။

​ငွေရောင်အလင်းဆယ်ခုက ​တိုးဝင်လာသောငွေပြာမြက်နွယ်များအား ဖြတ်သန်းသွားသည်။ ကြံခိုင်လှပါသည်ဆိုသော ငွေပြာမြက်များမှာ လေထဲ၌ရုတ်ချည်းပင် အစိတ်စိတ်အပိုင်းပိုင်းဖြစ်ကုန်ကြ၏။ သိုက်မုပိုင်၏ခန့်ညားသော ကိုယ်ဟန်က ထန်စန်းရှိသို့လျှောက်လာရင်းလမ်းတွင်ရှိသမျှငွေပြာမြက်များအားခုတ်ပိုင်းသွားသည်။ ကြီးမားသော ဖိအားတစ်ရပ်အားပေးစွမ်း၏။

“မင်းငွေပြာမြက်က မဆိုးဘူး၊ သူ့ရဲ့မာ​ကျောမှုကငါထင်ထားတာထပ်ပိုသာတယ်၊ ငါ့ရဲပုံမှန်ဝိညာဉ်စွမ်းအားလောက်နဲ့ဆို သူတို့ကို တစ်ချက်တည်းနဲ့ဖြတ်ပစ်နိုင်မှာမဟုတ်ဘူး၊ ဒါပေမဲ့ အခုငါက ငါ့ ရဲ့တတိယမြောက်ဝိညာဉ်ကွင်းစွမ်းရည်ဖြစ်တဲ့ ကျားဖြူဗာဂျရာအသွင်ပြောင်းခြင်းကိုသုံးနေတာ၊ ဒီဝိညာဉ်ကွင်းကိုရဖို့ ဗာဂျရာကျားကိုအတော်လေးခက်ခက်ခဲခဲ အမဲလိုက်ခဲ့ရတယ်၊ ဒီစွမ်းရည်ကိုသုံးလိုက်တာနဲ့ ငါ့ရဲ့ရုပ်ခွန်အား၊ တိုက်ခိုက်နိုင်စွမ်းနဲ့ ခုခံနိုင်စွမ်းကတိုးသွားရုံသာမက ဒီလို ကျားဖြူဗာဂျရာအသွင်ကိုလည်း ပိုင်ဆိုင်လာစေတယ်”

ထန်စန်းနှင့်ရှောင်ဝူတို့နား ဆယ်မီတာအကွာသို့ရောက်လာသည့်အခါ သိုက်မုပိုင်မှာရုတ်တရက်ရပ်တန့်လိုက်သည်။ ဆက်တိုက်ဖို့ရန်မကြိုစားတော့။

“ငါ့ကျားဖြူဗာဂျာရာအသွင်ပြောင်းခြင်းက နာရီဝက်လောက်ပဲခံတယ်၊ ဒါပေမဲ့ ဒီနာရီဝက်အတွင်း ငါ့ရဲ့ စွမ်းရည်တွေအားလုံးကနှစ်ဆတိတိတိုးလာလိမ့်မယ်၊ ငါ့ရဲ့အဆင့် ၃၇ရောက်နေတဲ့ဝိညာဉ်စွမ်းအားနဲ့ဒီစွမ်းရည်သာပေါင်းလိုက်ရင် မင်းအဆိပ်ကငါ့ကိုထိခိုက်စေဖို့မလုံလောက်ဘူး၊ မင်းဝိညာဉ်စွမ်းရည်ကထူးခြားပါတယ်၊ ထိန်းချုပ်လမ်းစဉ်စိတ်ဝိညာဉ်အတွက် မဆိုးဘူးလို့ဆိုလို့ရပေမဲ့ ငါ့ရဲ့ယှဉ်ရင်တော့ ခွန်အားခြင်းလုံးဝကွာခြားသွားတယ်”

သိုက်မုပိုင်၏နတ်ဆိုးကဲ့သို့မျက်လုံးများက နီရဲနေဆဲပင်၊ ရုတ်တရက် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများက ကျုံသွား၏။ သူ့မျက်လုံးထဲအနီရောင်အလင်းကလည်းပျောက်ကွယ်သွားသည်။ သူ့ကိုယ်ပေါ်ရှိ ကျားဖြူစိတ်ဝိညာဉ်ပြောင်းခြင်းကြောင့် ဖြစ်ပေါ်လာသောလက္ခဏာများမှာ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားတော့၏။

လက်ရှိ သိုက်မုပိုင်၏ပုံစံမှာ ရှုပ်ပွနေသည်။ အဝတ်အစားများမှာ အပေါက်ပေါက်အပြဲပြဲဖြစ်နေသည်။ အထူးသဖြင့် ငွေပြာမြက်ဆူးနွယ်များဖြင့် ရစ်ပတ်ခံလိုက်ရသည့် အစိတ်အပိုင်းမှာ မွစာကြဲနေ၏။

နတ်ဆိုးမျက်လုံးများက ပုံမှန်ကဲ့သို့ဖြစ်သွားသည့်အခါ သိုက်မုပိုင်က ထန်စန်းနှင့်ရှောင်ဝူအား လေးလေးနက်နက်ဖြင့်ကြည့်သည်။

“ငါတို့တွေ သိပ်မကြာခင်ပြန်တွေ့ရလိမ့်မယ်လို့ ငါထင်နေတယ်၊ ရှရက်ကျောင်းတော်ကိုသွားလို့ မင်းတို့ကိုတစ်ယောက်ယောက်က ပြဿနာရှာရင် ငါ့နာမည် နတ်ဆိုးမျက်လုံးကျားဖြူ သိုက်မုပိုင်ကိုပြောလိုက်”

ထိုသို့​ပြောပြီးနောက် သူက တဖက်ခြမ်းရှိ အမြွှာညီအစ်မနှစ်ယောက်အားခေါ်၍ တည်းခိုခန်းမှ ထွက်ခွာသွားသည်။

ရှောင်ဝူမှာ ထွက်ခွာသွားသည့် သိုက်မုပိုင်အားကြည့်ရင်း မနေနိုင်ပဲလှမ်းမေး၏။

“ဟေး ကျမတို့ ရှရက်ကျောင်းကိုသွားမယ်ဆိုတာ ရှင်ဘယ်လိုသိတာလဲ”

သိုက်မုပိုင်က လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေသည်။

“မင်းတို့အသက်တွေက ၁၂နှစ်လောက်ပဲရှိကြဦးမယ်၊ ဒီအရွယ်လောက်နဲ့ အဆင့်၂၀ထပ်ပိုတဲ့ဝိညာဉ်စွမ်းအားအဆင့်ကိုလဲပိုင်ဆိုင်ထားကြသေးတယ်၊ အချိန်ကိုပါတွက်ကြည့်ရင် မင်းတို့ဒီကိုလာတာ ရှရက်သင်တန်းကျောင်းမှာ ဝင်ခွင့်လာဖြေဖို့ကလွဲလို့ဘာဖြစ်နိုင်မှာမို့လို့လဲ၊ ၁၂နှစ်အရွယ်လေးတွေတဲ့လား ဟားဟား ထန်စန်း ငါ့အသက်က ၁၅နှစ်ရှိပြီ၊ မင်းကိုငါရှရက်ကျောင်းတော်မှာစောင့်နေမယ်”

လေကြီးသော စကားများကိုပြောပြီးနောက် သိုက်မုပိုင်မှာ တည်ခိုးခန်းမှ တခါတည်းထွက်သွားတော့သည်။

သူထွက်သွားသည်နှင့်  ရှောင်ဝူမှာ  နှာခေါင်းရှုံ့လိုက်ရင်းပြောသည်။

“ဟွန့် ဒီလူကတော်တော်လေး မင်္သကာစရာကောင်းတာပဲ၊ ပုံစံကြည့်ပြီးတော့ လူကောင်းလို့သတ်မှတ်လို့မရဘူး၊ ရှောင်စန်း ငါတို့ရှရက်​ကျောင်းကိုရောက်ရင် ဒီလူနဲ့မတွေ့အောင်ရှောင်နေတာပိုကောင်းမယ်”

Popular posts from this blog

အပိုင်း ၇၀

အပိုင်း ၆၉