အပိုင်း ၆၅

ပုခုံးဖြင့်တိုက်မိသည့်အခါ၌ သခင်လေးသိုက်ဆိုသူ၏ရင်ဘတ်ကြွက်သားများမှာ ရုတ်တရက်သံမဏိကဲ့သို့မာကြောသွားကြောင်းထန်စန်းခံစားမိလိုက်၏။ သခင်လေးသိုက်အား အသာစီးယူကာ လွှင့်ထွက်သွားအောင်လုပ်နိုင်ခဲ့သော်လည်း သူ့ပုခုံးမှာတဆစ်ဆစ်ဖြင့်ကိုက်ခဲသွားရသည်သာ။

သခင်လေးသိုက်မှာ အနည်းငယ်ရှက်သွားပုံရသည်။ တစ်ဖက်ရန်သူအား လျှော့တွက်ခဲ့သည်ကသူ့အမှားပင်။ သူ့ထက်နှစ်အနည်းငယ်ပိုငယ်မည့်ပုံရသော ကလေး၏စွမ်းအားက သူထင်ထားသည်ထပ်ပိုကြမ်းနေသည်။

“ဆက်ချချင်သေးလား” ထန်စန်းကတည်ငြိမ်စွာဖြင့်မေးသည်။

သခင်လေးသိုက်၏ နတ်ဆိုးဆန်သောမျက်လုံးများကတောက်ပသွား၏။

“ကောင်းပြီလေ၊ မင်းကငါ့ကိုဝိညာဉ်စွမ်းအားသုံးရအောင်လုပ်နိုင်လိုက်တာပဲ၊ တော်ပါပေတယ်၊ဒီပွဲမှာ ငါရှုံးသွားပြီ၊ ဒါပေမဲ့မင်းကခွန်အားစမ်းကြည့်ချင်တယ်ဆိုမှတော့ ဆက်ချကြတာပေါ့၊ရလဒ်ကိုမေ့ထားလိုက် ရှုံးရှုံးနိုင်နိုင် အဲ့အခန်းကမင်းအပိုင်ပဲ”

သခင်လေးသိုက်၏မျက်လုံးများ၌ ရှုံးနိမ့်သွားရသဖြင့် ဒေါသထွက်နေခြင်း မုန်းတီးခြင်းအလျှင်းမရှိ၊ ထူးဆန်းသောအလင်းတချို့လင်းလက်နေသည်။ ထိုအလင်းအားရှင်းပြရန်စကားလုံးမရှိပေ။  ‘လာမည့်တိုက်ပွဲအား ရင်ခုန်စိတ်လှုပ်ရှားခြင်း’ ဟူသောစကားလုံးကပင် အတိကျဆုံးဖော်ပြချက်ဖြစ်ပေလိမ့်မည်။ သူ့အမူအရာက လှပသောမိန်းမပျိုတစ်ယောက်အားမြင်လိုက်ရသည့်အလား ခြေလက်များကမြှောက်ကြွမြှောက်ကြွဖြစ်နေသည်။

ထန်စန်း၏မျက်လုံးများကလည်းတောက်ပသွား၏။ ထန်စန်းချက်ချင်းပင်သဘောပေါက်လိုက်သည်။ ဤသခင်လေးသိုက်ဆိုသူမှာ သူ့ကဲ့သို့ပင်တိုက်ခိုက်ရသည်အားကြိုက်နှစ်သက်ပေမည်။ အရင်သူ့မျက်လုံးရှိ အေးစက်သောအကြည့်များအစား တိုက်ပွဲဆာလောင်စိတ်ကအစားထိုးသွားသည်။

“ကျားဖြူစိတ်ဝိညာဉ်အသွင်ပြောင်ခြင်း”

သိပ်သည်းသော ခပ်ဖျော့ဖျော့အလင်းလွှာတစ်ခုက သူ့ကိုယ်အနှံ့မှထွက်ပေါ်လာသည်။ သခင်လေးသိုက်က သူ့လက်နှစ်ဖက်လုံးအားဘေးသို့ဆန့်တန်းလိုက်၏။ တစ်ကိုယ်လုံးရှိ အရိုးများမှာ ဂျိုးဂျိုးဂျွတ်ဂျွတ်အသံများထွက်ပေါ်လာပြီး အင်္ကျီအောက်ရှိကြွက်သားများမှာလည်းဖောင်းကြွလာသည်။ သူ့ဘက်ခြမ်းရှိလေထုကပင် ပူပြင်းလာပုံရ၏။

ခေါင်းပေါ်ရှိ ရွှေရောင်ဆံပင်တထွေးကြီးက ရုတ်ချည်းဆိုသလို အမဲတစ်ဝက် အဖြူတစ်ဝက်ဖြစ်သွားသည်။ အဖြူရောင်က အဓိကဖုံးလွှမ်းထားပြီး အမည်းရောင်အစင်းများက နေရာအနည်းငယ်၌သာရှိသည်။ သူ့နဖူးပေါ်၌
‘ဘုရင်’ ဟုအဓိပ္ပာယ်ရသည့် သင်္ကေတတစ်ခုကပေါ်လာ၏။ ဘုရင်ဟူသောတရုတ်စကားလုံးမှာ ဤသို့ပင်(王)

သူ့လက်များက အများဆုံးပြောင်းလဲသွားခြင်းပင်၊ ​နဂိုမူလတုန်းကထပ် နှစ်ဆကျော်မျှပိုကြီးလာသည်။ အဖြူရောင်သားမွေးများက လက်နှစ်ဖက်အားဖုံးအုပ်နေပြီး လက်သည်းများကလည်း ဓားမြှောင်ဆယ်ချောင်အလား။ လက်သည်းတစ်ခုစီက ရှစ်လက်မနီးပါးလောက်ပင်ရှည်၏။ နေ့အလင်းကြောင့် တဖျတ်ဖျတ်လက်နေကြသည်။

သခင်လေးသိုက်က ခါးအားအနည်းငယ်ကုန်းလိုက်သည်။ မျက်ဝန်းအတွင်းရှိ သူငယ်အိမ်လေးခုက အပြာရင့်ရင့်ဖြစ်လာ၏။ လူအများအား သွေးဆာနေသည့်သားရဲတစ်ကောင်အလား ခံစားမိစေသည်။

သူ့ခြေထောက်အောက်မှနေ၍ စက်ဝန်းသုံးခုထွက်ပေါ်လာသည်။ အဝါနှစ်ကွင်းနှင့် ခရမ်းတစ်ကွင်းတို့ဖြစ်ကြ၏။ ထိုဝိညာဉ်စက်ကွင်းများက အပေါ်အောက်ရွှေ့လျားနေရင်း ထိုကွင်းများမှ ဝိညာဉ်စွမ်းအင်များက လှိုင်းလုံးများအလား ထွက်ပေါ်နေသည်။

“နှစ်တစ်ထောင် ဝိညာဉ်ကွင်း...”

ရှောင်ဝူပင်အလန့်တကြားအော်လိုက်၏။ သူမ အမူအရာကပျာယာခတ်သွားသည်။ ချက်ချင်းပင် ထန်စန်းနှင့်အတူဝင်တိုက်ရန်ပြင်လိုက်မိသော်လည်း ထန်စန်းကတားလိုက်၏။

ဝိညာဉ်ကွင်းများကြား၌ အဖြူရောင်အား ၁၀နှစ်သက်တမ်းဝိညာဉ်ကွင်း၊ အဝါရောင်အား နှစ်ရာချီဝိညာဉ်သက်တမ်းရှိဝိညာဉ်ကွင်း၊ ခရမ်းရောင်အား နှစ်တစ်ထောင်ဝိညာဉ်ကွင်းဟုသတ်မှတ်ထားကြသည်။ ဤလူငယ်အား သခင်လေးသိုက်ဟုခေါ်ကြသည်မဟုတ်ပါလော။ထိုလူငယ်အသက်မှာ ထန်စန်းနှင့်ရှောင်ဝူတို့ထပ် သုံးနှစ်လေးနှစ်မျှသာ ပိုကြီးမည့်ပုံရသော်လည်း တတိယမြှောက်ဝိညာဉ်ကွင်းအားပိုင်ဆိုင်ထားပြီးဖြစ်၏။ ထိုထဲမှတစ်ကွင်းမှာ နှစ်ထောင်ချီဝိညာဉ်ကွင်းပင်ဖြစ်နေသေးသည်။

ဝိညာဉ်ကွင်းသုံးကွင်း၏အဓိပ္ပာယ်မှာ ထိုသခင်လေးသိုက်ဆိုသူ၏အဆင့်မှာ အနည်းဆုံး ၃ဝဟုဆိုလိုခြင်းပင်။ ဝိညာဉ်အကြီးအကဲအဆင့်ဖြစ်ပြီး အစွမ်းထက်သားရဲစိတ်ဝိညာဉ်ပိုင်ဆိုင်သော တိုက်ပွဲဝိညာဉ်သခင်လည်းဖြစ်သေး၏။

“သိုက်မုပိုင် စိတ်ဝိညာဉ်က အဖြူရောင်ကျား အဆင့်၃၇ ဝိညာဉ်အကြီးအကဲ တိုက်ပွဲဝိညာဉ်သခင် ကျေးဇူးပြုပြီးလမ်းညွှန်ပေးပါဦး”

ထိုသို့ကြီးမားသောစွမ်းအားကို ထုတ်ဖော်ပြသ၍ သိုက်မုပိုင်က ဝိညာဉ်အဆင့်နှင့်စိတ်ဝိညာဉ်အားကြောငြာလိုက်ခြင်းကြောင့် ဤတိုက်ပွဲကတရားဝင်စိန်ခေါ်ပွဲတစ်ခုအဖြစ်သို့ပြောင်းလဲသွား၏။

အားကောင်းသောဖိအားအောက်တွင်ပင် ထန်စန်းမှာတည်ငြိမ်နေသည်။ သူ့နှလုံးသားထဲရှိအနက်ဆုံးအပိုင်းတွင် သိုဝှက်သိမ်းဆည်းထားသော တိုက်ခိုက်လိုသည့်စိတ်ဆန္ဒများမှာနိုးကြွားလာသည်။ သူ့မျက်လုံးထဲ၌ ခရမ်းဖျော့ဖျော့အလင်းကရိပ်သန်းသွားပြီး ညာလက်အားမြှောက်လိုက်၏။

အပြာရင့်ရောင်အလင်းက ရုတ်တရက်ထွက်ပေါ်လာသည်။ အပြာရင့်ရင့်ရှိသော ငွေပြာမြက်အစုအဝေးက သူ့လက်ဝါးမှထိုးထွက်လာကြ၏။
မြက်ဓါးသွားမှာ အလွန်သေးမျှင်ကြသော်လည်းသူတို့၏မျက်နှာပြင်ပေါ်၌ မြွေလိမ်မြွေကောက်အသွင်ရှိမျဉ်းကြောင်းများမှာ ရစ်ခွေနေကြသည်။ အရင်ကကဲ့သို့ ငွေပြာမြက်မှာ ခပ်ပြားပြားမဟုတ်တော့ ဆလင်ဒါကဲ့သို့ခပ်လုံးလုံးဖြစ်သွား၏။ သေချာကြည့်ပါက ထိုမြက်များပေါ်၌ ဆူးသေးသေးလေးများရှိနေသည်ကိုတွေ့ရပေမည်။

နို့နှစ်ရောင်အလင်းက ထန်စန်းတကိုယ်လုံးအားဖြတ်သန်းသွားသည်။ ငွေပြာမြက်မှာ လှုံ့ဆော်ခံလိုက်ရသည့်အလား ရုတ်ချည်းပင်ကြီးထွားလာ၏။ ကြီးထွားလာသည့် ကြိမ်ပင်များကဲ့သို့မျက်စိတမှိတ်အတွင်း လူ့လက်မောင်းလုံးခန့်ဖြစ်လာသည်။ မြက်သွားပေါ်ရှိ မြွေသဏ္ဍာန် အနက်ရောင်​မျဉ်းများကတောက်ပလာပြီး ထန်စန်းကိုယ်တဝိုက်၌ လှုပ်ရှားနေကြသည်မှာ မြွေကြီးများအလား။

အဝါရောင်ဝိညာဉ်ကွင်းနှစ်ခုမှာ ထန်စန်းခြေထောက်အောက်မှ ထွက်ပေါ်လာပြီး သူ့ကိုယ်တဝိုက်၌လှည့်ပတ်နေသည်။

“ထန်စန်း စိတ်ဝိညာဉ်ကငွေပြာမြက် အဆင့်၂၉ ဝိညာဉ်ဂရန်းမာစတာ ကိရိယာဝိညာဉ်သခင် ကျေးဇူးပြုပြီး သင်ကြားပေးပါဦး”

သိုက်မုပိုင်၏ မျက်ခုံးများက မြှင့်တက်သွားသည်။

“မင်းစိတ်ဝိညာဉ်က ငွေပြာမြက်လား”

ရှောင်ဝူက လှမ်းပြောသည်။

“ဘာလဲ ရှင်ကအထင်သေးတာလား”

ထန်စန်းက ဂရန်းမာစတာလက်ကိုင်စကားကိုပြန်ပြောလိုက်၏။

“‘အသုံးမကျတဲ့စိတ်ဝိညာဉ်ဆိုတာမရှိဘူး၊ အသုံးမကျတဲ့ဝိညာဉ်သခင်တွေပဲရှိတယ်’”

နော်ဒင်အကယ်ဒမီသို့ ထန်စန်းဝင်ရောက်လာပြီးသည့်အချိန်မှစ၍ သိုက်မုပိုင်မှာ ထန်စန်းတွေ့ကြုံခဲ့ရသည့် ဒုတိယမြောက်စွမ်းအားအကြီးဆုံးလူပင်။ ပထမတစ်ဦးမှာ နော်ဒင်အကယ်ဒမီ၏ကျောင်းအုပ်ဖြစ်သည်။ ဂရန်းမာစတာ၏အကူအညီတောင်းမှုကြောင့် ကျောင်းအုပ်က ထန်စန်းဒုတိယမြောက်ဝိညာဉ်ကွင်းစုဆောင်းရာတွင်ကူညီပေးခဲ့၏။ ဤသို့ဖြင့် ထန်စန်းမှာ အဆင့်၄၀ရှိသော ဝိညာဉ်ဘိုးဘေးတစ်ဦး၏အစစ်အမှန်စွမ်းအားကိုတွေ့ကြုံခဲ့ရသည်။ သို့သော် ကျောင်းအုပ်၏အသက်မှာ ၅ဝကျော်မျှရှိနေချေပြီ။ သို့သော် သူတို့ရှေ့တွင်ရှိသော သိုက်မုပိုင်က အသက်မည်မျှရှိဦးမည်နည်း။ ၁၆ ၁၇အရွယ်လောက်သာရှိပေဦးမည်။

ထိုသို့ဆိုလျှင် အံသြစရာမရှိတော့ပေ။ သူ့ကိုယ်တွင်းစွမ်းအင်နှင့်ရုပ်ခွန်အားသာမက ဆန်းကြယ်ကျောက်စိမ်းလက်ပါတွဲသုံးသည်တိုင်အောင် ပထမဆုံးထိပ်တိုက်ရင်ဆိုင်ရာ၌ သူရှုံးနှိမ့်သွားရခြင်းမှာ အဆင့်ကြီးတစ်ခုလုံးကွာဟချက်ကြောင့်ပင်ဖြစ်တော့၏။

သူရှေ့ရှိလူက ထန်စန်းရင်ဆိုင်ခဲ့ဖူးသမျှထဲတွင် စွမ်အားအကြီးဆုံးလူဖြစ်ပေမည်။ ဝိညာဉ်ကွင်းတစ်ကွင်းကွာခြားခြင်းက မည်သည့်အရာကိုဆိုလိုသည်လဲထန်စန်းသိ၏။ အထူးသဖြင့် ပြိုင်ဘက်၏တတိယဝိညာဉ်ကွင်းက နှစ်ထောင်ချီဝိညာဉ်ကွင်းဖြစ်နေသည့် အခါမျိုးတွင် တခြားစွမ်းရည်နှင့်နည်းစနစ်များ ထပ်မဖြည့်ပါက သူ့ဝိညာဉ်ကွင်းနှစ်ခုမှာ သေချာပေါက်ယှဉ်ပြိုင်နိုင်မည်မဟုတ်။ ဤတိုက်ပွဲ၌ ပြိုင်ဘက်အားယှဉ်ပြိုင်နိုင်ရန် သူ၏ဝှက်ဖဲများကိုပင် ထုတ်သုံးရနိုင်သည်ဟု ထန်စန်းတွက်ဆထား၏။

“ပြောတာ​ကောင်းတယ် ‘အသုံးမကျတဲ့စိတ်ဝိညာဉ်ဆိုတာမရှိဘူး၊ အသုံးမကျတဲ့ဝိညာဉ်သခင်တွေပဲရှိတယ်’ တဲ့လား၊ ဒါဆိုမင်းရဲ့ငွေပြာမြက်က ဘာတွေများထူးခြားနေလဲဆိုတာ သင်ကြားပေးပါဦး”

သိုက်မုပိုင်က စတင်လှုပ်ရှားသည်။ စိတ်ဝိညာဉ်၏အားဖြည့်ထားမှုကြောင့် တခြားလူတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားသည့်အလား၊ ဆံနွယ်များကလေပါ်သို့ တဖျတ်ဖျတ်လွင့်နေရင်း ပေါက်ကွဲထွက်လာသောစွမ်းအားဖြင့် ထန်စန်းရှေ့သို့ရုတ်ချည်းရောက်လာ၏။

လက်နှစ်ဖက်ရှိ လက်သည်းချွန်ကြီးများဖြင့် ထန်စန်းအားခုတ်ချလာသည်။

Popular posts from this blog

အပိုင်း ၇၀

အပိုင်း ၆၉

အခန်း ၁၅ နှစ်တစ်ထောင်ဝိညာဉ်ကွင်း၏စွမ်းရည် ကျားဖြူဗာဂျရာအသွင်ပြောင်းခြင်း အပိုင်း၆၇