အခန်း ၁၂ စနစ်မဲ့လေပွေတူရိုက်နည်း အပိုင်း ၅၂

ဂိတ်စောင့်နှစ်ယောက်မှာ အသက်၂၀ခန့်ရှိမည့်ပုံရသည်။ သူ့တို့ကိုယ်ပေါ်ရှိဝိညာဉ်စွမ်းအားအတက်အကျကခပ်လှမ်းလှမ်းသို့မရောက်နိုင်သဖြင့် သူတို့တစ်ယောက်မှ ဝိညာဉ်သခင်အဆင့်သို့မရောက်သေးကြောင်းသိနိုင်သည်။ ထို့သို့ဖြစ်ရခြင်းမှာ နော်ဒင်မြို့မှာ ချောင်ကျသောအရပ်၌ရှိနေသောကြောင့်ဖြစ်၏။ ထိုမျှချောင်ကျသောအရပ်၌ရှိသည့် ဝိညာဉ်ခန်းမက Tian Dou အင်ပါယာအတွက်အရေးမပါသောကြောင့်ပင်။

“ဦးလေးတို့ မင်္ဂလာပါဗျ၊ ကျနော်က နော်ဒင်ဝိညာဉ်သခင်အကယ်ဒမီက ပထမနှစ်ကျောင်းသားပါ၊ ကျတော့်ဆရာက ဒီမှာ ဝိညာဉ်စွမ်းအားအဆင့်ကိုတိုင်းဖို့ပြောလိုက်လို့”

ထန်စန်းက သူဝတ်ထားသည့်ကျောင်းဝတ်စုံအားညွှန်ပြရင်းပြောလိုက်၏။

ထန်စန်းဝတ်ထားသည့်ဝတ်စုံမှ နော်ဒင်အကယ်ဒမီအမှတ်အသားအားတွေ့လိုက်သည့်အခါ အစောင့်နှစ်ယောက်၏မျက်လုံးထဲ၌ မနာလိုအားကျဖြစ်ဟန်များပေါ်လာသည်။ ထို့နောက် ပထမဆုံးစကားစပြောသည့် အစောင့်က...

“ဒီလိုဆိုတော့လဲ အထဲဝင်လိုက်သွားလိုက်လေ၊ပထမထပ်မှာရှိတဲ့ ဝိညာဉ်ဂရန်းမာစတာ မာရှန်းညိုဆိုသူကိုရှာလိုက် သူကမင်းကိုကူညီပေးလိမ့်မယ်”

“ကျေးဇူး..”

ထန်စန်းကျေးဇူးတင်ကာ ဝိညာဉ်ခန်းမထဲသို့ခပ်သုတ်သုတ်ပင်ဝင်သွား၏။

ဝင်သွားသော ထန်စန်းအား အစောင့်နှစ်ယောက်က အားကျဟန်ဖြင့်ကြည့်နေကြသည်။ တစ်ယောက်ကစပြော၏။

“တကယ်လို့ ငါလည်းနော်ဒင်အကယ်ဒမီမှာဝင်ခဲ့ရခဲ့ရင်ကွာ အခုဆိုဝိညာဉ်သခင်ဖြစ်နေလောက်ပြီ၊ ဟေး ဒါနဲ့နော်ဒင်အကယ်ဒမီမှာလဲ ဝိညာဉ်စွမ်းအားစစ်ဆေးတဲ့နေရာရှိတဟ်မဟုတ်လား၊ဘာလို့ဒီကလေးကဝိညာဉ်ခန်းမကိုလာရတာလဲ”

“ဘယ်သူသိမှာလဲ၊ ဒီအရွယ်ကလေးကဘာကိစ္စများရှိမှာမိုလို့လဲ၊ သူ့ဆရာကကိစ္စတချို့အကြောင်းကြားပေးဖို့ ခိုင်းလိုက်တာလားမှမသိတာ၊ ​ဒီအကြောင်းဆက်မပြောတာအကောင်းဆုံးပဲ”

မီတာ၂ဝမြင့်သော လိပ်ခုံးပုံအဆောက်ဦးက ထူးဆန်းသောခံစားချက်ကိုပေးစွမ်း၏။ ဝိညာဉ်ခန်းမထဲသို့ ထန်စန်းဝင်ဝင်ချင်း ခမ်းနားကြီးကျယ်သောအငွေ့အသက်က သူ့နှလုံးသားထဲသို့တိုးဝင်လာသည်။ လိပ်ခုံးပေါ်ခေါင်မိုး၌ နံရံဆေးရေးပန်းချီများဖြင့်ပြည့်နှက်နေသည်။ နံရံ၏အကွက်တိုင်း၌ စိတ်ဝိညာဉ်ပုံစံမျိုးစုံအား ရေးဆွဲဖော်ပြထား၏။ အောက်ခြေ၌ရွှေနှင့်ကျောက်စိမ်းအားရော၍ အနားကွပ်ထားသောကြောင့် ကြည့်လိုက်သည့်လူအများအား ရိုးစင်းသည်ဟုထင်မြင်စေသလို တချိန်တည်းမှာပင် ခမ်းနားကြီးကျယ်ဟန်ကိုလည်းပေးစွမ်းနေသည်။

ဝိညာဉ်ခန်းမ၌ သလင်းကျောက်ဖြင့်ပြုလုပ်ထားသောပြတင်းပေါက်များစွာရှိရာ ထိုပြတင်းပေါက်များမှလာသောအလင်းက နရံံဆေးရေးပန်းချီများကိုရိုက်မိသည်။ ရွှေရောင်များ ပြိုးပြိုးပျက်ပျက်တောက်ပလာပြီး ကြည့်လိုက်သည့်သူတိုင်းမျက်စိကျိန်းကာ ရင်သပ်ရှုမောစေလောက်၏။

တာဝန်ခံဋ္ဌာနက မည်သည့်နေရာ၌ရှိနေသနည်း။ ဝိညာဉ်ခန်းမ၏အငွေ့အသက်များကြောင့် ခေတ္တကြောင်အမ်းသွားပြီးနောက် ထန်စန်းမှာသူသွားရမည့်နေရာအားအလျင်အမြန်လိုက်ရှာ၏။

ဝိညာဉ်ခန်းမတွင်း၌ လူသိပ်မရှိချေ။ အစေခံတချို့သာသန့်ရှင်းရေးလုပ်နေကြ၏။ သွားရမည့်နေရာအား ထန်စန်းမသိမှတော့ လိုက်မေးကြည့်ရတော့မည်သာ၊ ရုတ်တရက် အသိအကျွမ်းတစ်ဦးအား အဝေးမှလှမ်းမြင်လိုက်ရသည်ည်။ ထိုလူမှာတခြားမဟုတ် သူ့အားဝိညာဉ်နှိုးထပေးခဲ့သော အထီးကျန်ဝံပုလွေစိတ်ဝိညာဉ်ပိုင်ရှင် ဂရန်းမာစတာ စုယွင်တောက်ပင်။

ထန်စန်းက သူရှိရာသို့မြန်မြန်သွားလိုက်သည်။ ယခုအခါစုယွင်တောက် အမျိုးသမီးဝိညာဉ်သခင်တစ်ယောက်နှင့်အတူစကားပြောနေသည်။ သူမပုံစံမှာ အရပ်ရှည်ကာပိန်သွယ်သော်လည်း အချို့နေရာများ၌ကောင်းစွာဖွံဖြိုး​နေပြီဖြစ်၏။
မျက်နှာကိုကြည့်ချင်းဖြင့် အလှလေးတစ်ယောက်ဟုပြောနိုင်သည်။ နှစ်ယောက်သား ရီလိုက်မောလိုက်ဖြင့် တွတ်ထိုးနေကြရာ ထန်စန်းရောက်လာသည်ကိုပင် သတိမပြုမိလိုက်ကြ

“ဂရန်းမာစတာ စုယွင်တောက်”

ထန်စန်းက လှမ်းနှုတ်ဆက်သည်။

စုယွင်တောက်က သူ့အားရှာတွေ့သွား၏။ သူ့ဘေးနားရှိ အမျိုးသမီးဝိညာဉ်သခင်က ထန်စန်းအားတွေ့သည့်အခါ အံအားသင့်ဟန်ဖြင့်...

“ဘယ်လိုလုပ်ပြီး ဒီလောက်ငယ်တဲ့ကလေးလေးကကျမတို့ရဲ့ဝိညာဉ်ခန်းမကိုရောက်လာရတာတုန်း၊ ဘယ်နိုဘယ်ရဲ့သားလဲ၊ ဝိညာဉ်ခန်းမကိုစိတ်ဝိညာဉ်နိုးထဖို့များရောက်လာတာလား”

စုယွင်တောက်မှာ ထန်စန်းမည်သူဖြစ်ကြောင်း သေချာမမှတ်မိဖြစ်နေ၏။ အမှန်တွင် သူစိတ်ဝိညာဉ်နှိုးထပေးခဲ့ရသောကလေးများမှာ မနည်းမနောပင်မဟုတ်ပါလား၊ ထန်စန်း၏ယခုအသွေးအမွေးက ရွာတုန်းကကဲ့သို့ နုံခြာစုတ်ပြတ်နေခြင်းမရှိသောကြောင့်လဲ မမှတ်မိခြင်းဖြစ်သည်။

“မင်းက...”

စုယွင်တောက်၏မရေရာဟန်ဖြစ်နေသောအမူအရာကြောင့် ထန်စန်းမှာအလျင်အမြန်ရှင်းပြလိုက်၏။

“ဂရန်းမာစတာ စုယွင်တောက်၊ ကျတော်ထန်စန်းလေ၊ နောက်ဆုံးအကြိမ် ဂရန်းမာစတာသူတော်စင်ဝိညာဉ်ရွာကိုရောက်တုန်းက ပြည့်ဝဝိညာဉ်စွမ်းအားနဲ့ငွေပြာမြက်ပါတဲ့ထန်စန်းပါဗျ”

“ဒီတော့ မင်းကဟိုကောင်လေးပဲ၊ ဒါနဲ့မင်းကဒီကိုဘာလို့ပြေးလာရတာတုန်”

ပြည့်ဝဝိညာဉ်စွမ်းအားဆိုသည်မှာ မှတ်မိလွယ်သည့်အရာပင်၊ ရုတ်ချည်းပင် စုယွင်တောက်က ထန်စန်းအားမှတ်မိသွား၏။

ထန်စန်းက “ဆရာက ကျတော့်ကိုဝိညာဉ်ခန်းမမှာ အဆင့်တက်သွားကြောင်းထောက်ခံစာယူခိုင်းတယ်လေ၊ တစ်ခါတည်းဝိညာဉ်စွမ်းအားကိုပါစစစ်ဆေးခိုင်းလို့”

စုယွင်တောက်မှာ တုန်လှုပ်သွားပြီး...

“မင်းက ပထမဆုံးဝိညာဉ်ကွင်းရပြီးသွားပြီလား၊ဒါနော်ဒင်အကယ်ဒမီရဲ့ကျောင်းဝတ်စုံမဟုတ်လား၊ နော်ဒင်အကယ်ဒမီကအကောင်းဆုံးသင်တန်းကျောင်းအဖြစ်ကျော်ကြားထိုက်ပါပေတယ်၊ ဆရာတွေကတကယ့်ကိုတာဝန်ယူတတ်ကြတာပဲ”

စုယွင်တောက်၏အဖော် အမျိုးသမီးက သူမအားလျစ်လျူရှုထားသည်ကြောင့် မကျေမနပ်ဖြစ်နေပုံပေါ်သည်။

“ယွင်တောက် ရှင်ကျမနဲ့မိတ်ဆက်ပေးဦးမှာလား”

သူ့ဘေးနားရှိမိန်းမပျို၏ စိတ်တိုလာသည့်ဟန်ကိုစုယွင်တောက်ကသတိထားမိလိုက်သဖြင့် ကမန်းကတန်းပင်ပြန်ဖြေလိုက်သည်။

“စီစီ ဒီကလေးက ကိုယ်မင်းကိုပြောတဲ့တစ်ယောက်လေ၊ ပြည့်ဝဝိညာဉ်စွမ်းအားရှိတယ်ဆိုတာ၊ ဆိုးတာကသူ့စိတ်ဝိညာဉ်ကငွေပြာမြက်ဖြစ်နေတာပဲ၊ မဟုတ်ရင် သူ့အနာဂတ်ကအကန့်အသတ်မရှိဘူး၊ အဲ သူကအခုဝိညာဉ်ကွင်းရပြီးသွားပြီဆိုတော့ အစစ်အမှန်ဝိညာဉ်သခင်တစ်ယောက်ဖြစ်လာပြီလေ၊ ကိုယ်မင်းကိုခဏလောက်တော့ဒုက္ခပေးရဦးမယ်၊ ဒီမှာခနလောက်စောင့်နေပေးပါလား၊ ကိုယ်ဒီကလေးကို တာဝန်ခံဋ္ဌာနက ဂရန်းမာစတာအဖိုးမာဆီခေါ်သွားပေးလိုက်အုံးမယ်”

စီစီဆိုသောအမျိုးသမီးက စုယွင်တောက်ထံမှ ထန်စန်း၌ပြည့်ဝဝိညာဉ်စွမ်းအားရှိကြောင်းကြားလိုက်သည့်အခိုက် သူမမျက်လုံးများကတောက်ပသွား၏။ ကံမကောင်းစွာဖြင့် ထန်စန်း၌ငွေပြာမြက်ရှိကြောင်းကြားလိုက်သည့်အခါ သူမ၏ကျေနပ်နေသည့်မျက်နှာက အထင်သေးဟန်သို့ပြောင်းလဲသွားသည်။ ခေါင်းညိတ်ရင်းသူမကပြောသည်။

“ဒါဆိုရှင်သွားနှင့်လေ၊ ကျမဒီမှာပဲစောင့်နေမယ်”

“ကျေးဇူးပဲ”

ထန်းစန်အပေါ် စုယွင်တောက်၏သဘောထားမှာပြောင်းလဲပါချေ။ သာမန်အတိုင်းဝိညာဉ်ခန်းမ၏တာဝန်ကိုကျေပွန်အောင်လုပ်နေရသည်ည်ဟုပင် သဘောထား၏။

စုယွင်တောက်ကထန်စန်းအားခေါ်၍ ဒုတိယထပ်သို့ ဘေးဘက်ရှိလှေကားဖြင့်တက်သည်။ ဒုတိယထပ်၌ ပိတ်ထားသောအခန်းများအားထန်စန်းတွေ့လိုက်၏။ ထိုအခန်းများမှတစ်ခန်းမှာပထမထပ်နှင့်တိုက်ရိုက်ချိတ်ဆက်ထားသည်။ မေးစရာပင်မလို ထိုနေရာမှာဝိညာဉ်ခန်းမ၏ရုံးခန်းဧရိယာပင်ဖြစ်ချေမည်။

စုယွင်တောက်မှာ စီစီဆိုသောမိန်းမပျိုအား အချိန်အကြာကြီးစောင့်ခိုင်းရမည်ကို စိုးရိမ်နေပုံရ၏။ ခပ်သုတ်သုတ်ပင်ထန်စန်းအားခေါ်၍အခန်းရှေ့သို့ရောက်လာသည်။ တံခါးပင်ခေါက်မနေတော့ပဲ အခန်းထဲသို့ဖွင့်ဝင်လိုက်တော့သည်။

“ဘယ်သူလဲ အာ...ယဉ်​ကျေးမှုဆိုတာဘာများလဲ မသိကြတော့ဘူးပဲ”

ခက်အက်အက်အသံကအခန်းတွင်း၌ပြည့်လျှံသွား၏။ ရုံးခန်းမှာ မဆိုးလှ၊ အတန်ငယ်ကျယ်သောစားပွဲလာခုံနောက်၌ အသက်ခပ်ကြီးကြီးလူတစ်ယောက်ထိုင်နေသည်။ ဝိညာဉ်သခင်ဝတ်စုံအားသပ်ရပ်စွာဝတ်ဆင်ထားသည်။ သူ့အဝတ်ပေါ်ရှိ ဓါးသင်္ကေတသုံးခုက ဝိညာဉ်ဂရန်းမာစတာအဆင့်ဖြစ်ကြောင်းဖော်ပြနေ၏။

“ယွင်တောက်လား မင်းတို့လူငယ်တွေက တကယ်ကိုအလျင်လိုကြတာပဲ၊ ဝိညာဉ်သခင်တွေအဆင့်တက်ဖို့ဆိုတာ တိတ်ဆိတ်တဲ့ကျင့်ကြံခြင်းပတ်ဝန်းကျင်မျိုးလိုတယ်၊ မင်းကငါ့ကိုလာနှောင့်ယှက်တယ်ဆိုတော့ အဆင့်၃၀ကိုတက်နိုင်မဲ့နည်းလမ်းကောင်းလေး ဘာလေးများရှိလို့လား”

စုယွင်တောက်က ကန့်ကွက်ဟန်ဖြင့်ပြော၏။

“မရှိပါဘူး အဖိုးမာရဲ့ ဒီကလေးက အဆင့်တက်​ထောက်ခံစာလိုလို့တဲ့၊ ဒီကိစ္စအတွက် အဖိုးကိုပဲ ဒုက္ခပေးရတော့မှာပဲ”

စုယွင်တောက်နှင့်ဤအဖိုးအိုဂရန်းမာစတာတို့မှာ ဆက်ဆံရေးကောင်းသည့်ပုံပေါ်သည်။ အဖိုးအိုကချောင်းတဟွတ်ဟွတ်ဆိုးလိုက်ရင်း ထန်စန်းအားကြည့်သည်။ သူ့ပုံစံမှာ အံသြသွားဟန်ရ၏။

“ယွင်တောက် ဒီကလေးက ဝိညာဉ်လာနိုးထတာမဟုတ်ဘဲ အဆင့်တက်ကြောင်းထောက်ခံစာလာယူတယ်ဆိုတာသေချာလား”

Popular posts from this blog

အပိုင်း ၇၀

အပိုင်း ၆၉

အခန်း ၁၅ နှစ်တစ်ထောင်ဝိညာဉ်ကွင်း၏စွမ်းရည် ကျားဖြူဗာဂျရာအသွင်ပြောင်းခြင်း အပိုင်း၆၇