အပိုင်း ၅၈
“မြေခွေးမိစ္ဆာတွေဟုတ်လား၊ အဲ့တာဘာလဲ”
သိချင်စိတ်ဖြင့် ရှောင်ဝူကမေး၏။
ထန်စန်းက စပ်ဖြီးဖြီးပြုံးရင်း..
“ဘာမှမဟုတ်ပါဘူးဟာ၊ မြေခွေးမိစ္ဆာမတွေဆိုတာ လူအသွင်ပြောင်းနိုင်တဲ့ဝိညာဉ်သားရဲတစ်မျိုးပေါ့၊ သူတို့ရဲ့အထူးစွမ်းရည်က ယောကျာ်းတွေကိုမြူဆွယ်တာပဲ”
ရှောင်ဝူမှာခေတ္တမျှကြက်သေသေသွား၏။ သူမထန်စန်းကိုကြည့်သောအကြည့်များက ရုတ်တရက်ထူးဆန်းလာသည်။ မျက်တောင်အားပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူမ၏အမူအရာမှာပေါက်ကွဲတော့မည့်မီးတောင်ကဲ့သို့ ဒေါသထွက်နေဟန်ရသည်။
“နင်သေရမယ် ငါ့ကိုမြေခွေးမလို့ပြောရဲတယ်ပေါ့၊ လာစမ်း ငါနင့်ကိုရိုက်ပစ်မယ်”
ထို့သို့ပြောရင်း သူမလေးမှာ အစွယ်ထုတ်ထားသော ကျားသစ်မလေးအလား ထန်စန်းအားခုန်အုပ်တော့သည်။
ပတ်ဝန်းရှိအလုပ်သင်ကျောင်းသားများမှာမူ ထိုအဖြစ်အပျက်အားမအံသြတော့။ အစ်မရှောင်ဝူနှင့်ထန်စန်းတို့မှာ ထိုကဲ့သို့ မကြာခဏထချလေ့ရှိသောကြောင့် သူတို့မှာ ကျင့်သားရနေပြီဖြစ်၏။ တခါတလေကျ သူတို့နှစ်ယောက်မှာ တစ်နေ့တည်းနှင့်အကြိမ်များစွာထချကြသည်လည်းရှိသည်။ တဖက်ရှိပွဲကြည့်ပရိသတ်ကျောင်းသားများမှာမူ နှစ်ဖက်အားရန်မဖြစ်စေရန် ဝင်ဆွဲပါက သူတို့ပါရောယောင်အရိုက်ခံရနိုင်သည်ဟု ခံစားမိကြသဖြင့်ဝင်မဆွဲကြ။
နောက်နေ့မနက်စောစောတွင် ထန်စန်းက သူဘေးရှိခုန်ပေါက်မြူးကြွနေသောကောင်မလေးနှင့်အတူ နော်ဒင်အကယ်ဒမီမှထွက်လာခဲ့၏။ ကျောင်းဝတ်စုံကြီးတကားကားဖြင့် သူတော်စင်ဝိညာဉ်ရွာသို့ ပြန်လာခဲ့တော့သည်။
ဤနှစ်က ထန်စန်းအတွက်အလွန်အကျိုးရှိသောနှစ်ပင်၊ အလွန်စိတ်ချမ်းသာရသောနှစ်လည်းဖြစ်၏။ ဆန်းကြယ်ကောင်းကင်ပညာရပ် ပထမအဆင့်အားဖောက်ထွက်နိုင်ခဲ့ပြီးနောက် ကြိုးစားပမ်းစားလေ့ကျင့်ခဲ့သည်ကြောင့် ထိုပညာရပ်မှာ အလျင်အမြန်တိုးတက်လာသည်။ သူ့တွက်ချက်မှုအရ သူ့ဆန်းကြယ်ကောင်းကင်ပညာရပ်မှာ ဒုတိယအဆင့်၏အဆင့်မြင့်အဆင့်သို့ပင်ရောက်နေပြီဖြစ်သည်။ ဝိညာဉ်စွမ်းအားသည်လည်း အဆင့်၁၆ကိုကျော်၍ အဆင့်၁၇သို့နီးကပ်လာချေပြီ။
သူနှင့်ဝိညာဉ်စွမ်းအားအရာတွင် အကယ်ဒမီ၌သူနှင့်ယှဉ်နိုင်သူဟူ၍ရှောင်ဝူတစ်ယောက်သာရှိပေသည်။ သူမကျင့်စဉ်ကျင့်သည်ကို သူတစ်ခါမှမမြင်ဘူးသော်လည်း ဝိညာဉ်စွမ်းအားအရာ၌အမြဲတမ်းသိပ်မကွာခြားပါပေ။ သူတို့နှစ်ယောက်တိုက်ခိုက်ကြရာဝယ် တခါတလေထန်စန်းကအသာရ၍ တခါတလေ သူကိုယ်တိုင်ပင် ရှောင်ဝူ၏ဖိနှိပ်ခြင်းကိုခံရ၏။ နှစ်ယောက်စလုံးမှာ ကလေးများသာဖြစ်ကြသည်ကြောင့် ကိစ္စတစ်ခုအား အလျှော့မပေးပဲငြင်းကြရာမှ များသောအားဖြင့် လက်ရည်စမ်းပွဲအသွင်သို့ပြောင်းသွားကြသည်သာ။
အစပိုင််း လက်ရည်စမ်းစဉ်အခါက ရှောင်ချန်ယုနှင့်ဝမ်ရှန်းတို့ကဲ့သို့ အတန်းကြီးကျောင်းသားများပါ ဝင်ပါကြသေး၏။ နောက်ပိုင်းတွင် ထန်စန်းနှင့်ရှောင်ဝူတို့၏ မိုးကြိုပစ်သလိုအလျင်အမြန်တိုးတက်လာသောခွန်အားကြောင့် မည်သူမှမပါကြတော့၊ မည်သူက ထိုမွန်စတားနှစ်ကောင်၏သဲအိတ်အဖြစ်ခံချင်မည်နည်း။
ဤသို့ဖြင့်ရှောင်ဝူအားနော်ဒင်အကယ်ဒမီ၏အစ်မကြီးဟုခေါ်ကြသလို ရှောင်ချန်ယုတို့အဖွဲ့ကလည်း ထန်စန်းအား အကိုကြီးရှောင်စန်းဟုပင်ဟုခေါ်ကြတော့၏။
အပြန်အလှန်လက်ရည်စမ်းရာ၌ ထန်စန်းမှာ ရှောင်ဝူအားနိုင်သည်ထပ် ရှုံးသည်ကပိုများ၏။ ရှောင်ဝူ၏တိုက်ခိုက်ပုံမှာ စီးဆင်းနေသော ရေကဲ့သို့အဆက်မပြတ်ပင်၊ အထူးသဖြင့် သူမ၏ပျော့ပျောင်းခြင်းစွမ်းရည်က လူများကိုခန့့်မှန်းမရနိုင်သောခံစားချက်အားပေးသည်။ အကယ်၍ ဝိညာဉ်ကွင်း၏အထောက်အပံ့မရှိသောအခြေအနေ၌ ထန်စန်းမှာများသောအားဖြင့်ရှုံး၏။ အကယ်၍ဝိညာဉ်ကွင်းသုံးရပါလျှင်မူ ငွေပြာမြက်၏ချုပ်နှောင်ခြင်းစွမ်းရည်နှင့် အကြောသေအဆိပ်စွမ်းအားဖြင့်တောင်မှ ရှောင်ဝူမှာ သူနှင့်သရေကျအောင်တိုက်ခိုက်နိုင်ပေသည်။
ထန်စန်းကလက်နက်ပုန်းများအား လက်ရည်ည်စမ်းရာ၌မသုံးချေ။ တစ်နေရာသွား၍လျှို့ဝှက်စွာလေ့ကျင့်၏။ အဘယ်ကြောင့်ဆိုသော် ပထမအချက် လက်နက်ပုန်းများ၏ သတ်ဖြတ်နိုင်စွမ်းမှာကြီးမားသည်။ တခြားလူအား ဒဏ်ရာအလွယ်တကူရစေနိုင်၏။ ဒုတိယအချက် သူကရှောင်ဝူနှင့်တိုက်ခိုက်ရာတွင် အနီးကပ်တိုက်ခိုက်လိုသောကြောင့်ပင်၊ ဤသို့ဖြင့်သူ့အနီးကပ်တိုက်ခိုက်နိုင်စွမ်းမှာပိုမိုတိုးတက်လာနိုင်သည်။ ထို့အပြင်အကယ်ဒမီရှိဆရာများမှာ သူတို့လက်ရည်စမ်းရာ၌စောင့်ကြည့်လမ်းညွှန်ပေးရန်မလိုဟုဆုံးဖြတ်ထားကြ၏။ ထန်စန်းနှင့်ရှောင်ဝူတို့မှာ ပထမနှစ်သာရှိသေးသော်လည်း ကျောင်း၏ဂုဏ်ထူးဆောင်ပါရမီရှင်များပင်မဟုတ်ပါလား။
“ဟဲ့ နင့်ရွာရောက်ဖို့လိုသေးလား”
ရှောင်ဝူကအရှေ့သို့မျှော်ကြည့်၏။ ထို့နောက် ထန်စန်းရှိရာနောက်သို့ပြန်လှည့်ကြည့်ရင်း အလျင်မေးသည်။
“ငါတို့မကြာခင်ရောက်တော့မှာ ဟိုကတောင်ထိပ်ကိုမြင်လား၊ ငါတို့ရွာကတောင်ခြေမှာရှိတယ်”
အိမ်ပြန်ရောက်ခါနီးပြီဖြစ်သဖြင့် ထန်စန်းတစ်ယောက်စိတ်လှုပ်ရှားနေသည်။ နော်ဒင်အကယ်ဒမီ၏တင်းးကြပ်လှသောစည်းမျဉ်းများကြောင့် ကျောင်းသားများမှာ အိမ်သို့ ညအိပ်ညနေပင်ပြန်ခွင့်မရကြ၊ ဆရာများသာအလှည့်ကျမစောင့်နေကြပါက ထန်စန်းမှာ အစောကတည်းကအိမ်ပြန်၍သူ့အဖေအား သွားခိုးတွေ့မည်သာ။
အိမ်သို့ပြန်ရာလမ်းတစ်လျှောက် သူ့အဖေအကြောင်းကခေါင်းထဲရောက်နေသည်။
‘မတွေ့ရတာတစ်နှစ်တောင်ကြာပြီနော်အဖေ ဘယ်လိုများနေနေလဲ အဆင်ရောပြေရဲ့လား’
ထိုသို့ခံစားနေရခြင်းမှာ အရင်င်ဘဝ၌မိဘမဲ့တစ်ကောင်ကြွက်ဖြစ်ခဲ့ခြင်းကြောင်းလဲဖြစ်နိုင်၏။ ထို့အတွက် ဒီဘဝ၌ထန်စန်းမှာ မိသားစုသံယောဇဉ်အားအလေးထားနေမိခြင်းဖြစ်သည်။
ခါးတွင်ပတ်ထားသော လရောင်ဆမ်းတံတား၂၄စင်းအား ခပ်ဖွဖွစမ်းကြည့်မိသည်။ ထိုထဲ၌ သူ့အဖေအတွက်ပန်းပဲတူအသစ်တစ်ခုပါ၏။ အဝတ်အစားသစ်တချို့နှင့် အတော်ကောင်းသောဝိုင်အရက်အချို့ပင်ပါလိုက်သေးသည်။
၆နှစ်ခန့်နေထိုင်ခဲ့သော တောင်ခြေရှိရွာအသေးလေးမှာ မျက်စိရှေ့တွင်ပေါ်လာပြီပင်၊ ဘာကြောင့်မှန်းမသိ ဖော်ပြ၍မရနိုင်သောခံစားချက်တချို့က သူ့ရင်ထဲ၌ပေါ်လာ၏။ ထိုခံစားချက်အားစကားလုံဖြင့်ဖော်ပြ၍မရနိုင်ပေ။ တတ်နိုင်သလောက်ဖော်ပြရမည်ဆိုပါက မိသားစုနှင့်ပြန်တွေ့ရတော့မည်ဆိုသောကြောင့် ဖြစ်ပေါ်လာသောခံစားချက်ပင်၊ ထိုမိသားစု၌သူ့အဖေနှင့်သူသာရှိသော်လည်းမိသားစုဖြစ်နေသေးသည်သာမဟုတ်ပါလား။
ခပ်သုတ်သုတ်ဖြင့် သူတို့နှစ်ယောက် သူတော်စင်ဝိညာဉ်ရွာထဲသို့ဝင်လာခဲ့၏။ ထန်စန်း၏အိမ်မှာ ရွာအစွန်၌ရှိသဖြင့် သိပ်ပင်မသွားလိုက်ရ၊ ထန်စန်းက ယိုယွင်းနေသော ခေါင်မိုးဖြင့်အိမ်အားလက်ညှိုးထိုးပြလိုက်ရင်း....
“ကြည့် အဲ့တာငါ့အိမ်ပဲ”
မျက်စိရှေ့တည့်တည့်၌ အိမ်အားတွေ့လိုက်ရသဖြင့် ထန်စန်းမှာ ပိုမိုတက်ကြွသွား၏။ အရှိန်အားမြင့်လိုက်ရာ သုံးလေးလှမ်းဖြင့် အိမ်ပေါက်ဝသို့ရောက်သွားတော့သည်။
အိမ်ရှေ့တံခါးမှာ သူထွက်လာခဲ့တုန်းကအတိုင်းပင်၊ အိမ်ရှိအရာများကို မပြုပြင်ဘဲဒီတိုင်းထားထားခြင်းက ထန်ဟောက်၏အကျင့်ပင်မဟုတ်ပါလော။ ကံကောင်းစွာဖြင့် ဤပန်းပဲဖို၌မည်သည့်အရာမှ ခိုးစရာမရှိသည်ကြောင့် တော်သေးသည်ဟုပြောရမည်ပင်။
“အဖေ ကျတော်ပြန်လာပြီဗျို့”
စိတ်လှုပ်ရှားစွာဖြင့် ထန်စန်းအော်ခေါ်လိုက်၏။
ထန်စန်း၏ ထိုမျှစိတ်လှုပ်ရှားနေသည့့်ပုံစံအား ရှောင်ဝူတစ်ခါမှ မမြင်ဖူးခဲ့ချေ။ ရှေ့၌ရပ်နေသောထန်စန်းအကြောင်းအား ပိုမိုသိလိုစိတ်ကသူမရင်ထဲ၌ဖြစ်ပေါ်လာသည်။ သူ့မ၏အမြင်၌ ထန်စန်းမှာ အလွန်တည်ငြိမ်သော သူငယ်ချင်းတစ်ယောက်ပင်၊ စကားများများမပြော အမြဲတမ်းအလုပ်ရှုပ်နေသည်။ သူ့အတွက်လုပ်စရာတစ်ခုမဟုတ် တစ်ခုကရှိနေဆဲဖြစ်၏။ လက်ရည်းည်းစမ်းသည့်အခါမှသာ သူ၏တည်ကြည်လေးနက်သောဘက်ခြမ်းအားမြင်ရသည်ည်။ သူမအားရှုံးနိမ့်သွားပါကလည်းစိတ်ဆိုးခြင်း ဒေါသထွက်ခြင်းစသောအမူအရာများလည်း အလျင်းမရှိ။ နဂိုတည်ကြည်သောအမူအရာဖြင့်သာ အရှုံးကိုလက်ခံပေသည်။
အော်ခေါ်ရင်းဖြင့် ထန်စန်းအထဲသို ခပ်မြန်မြန်ဝင်သွားသည်။
အရာအားလုံးမှာ ခြေရာလက်ရာမပျက်၊ ပန်းပဲခန်းမှာပွရှုပ်လျက်ရှိနေ၏။ ပြောရမည်ဆိုပါက သူထွက်သွားတုန်းကထပ် ပို၍ပင်ဆိုးရွားနေသေးသည်။ အိမ်ကဖုန်များပြည့်နေပြီး ပင့်ကူအိမ်တချို့ကိုပင်ဟိုတစဒီတစတွေ့နေရသည်။ ဤကဲ့သို့သောမြင်ကွင်းကား ထန်စန်းအားအိမ်ဖြင့်ပို၍ရင်းနှီးနေစေသယောင်။
“အိုး ရှောင်စန်း မြေးပြန်လာပြီလား”
သိမ်မွေ့သောအသံ တစ်သံအားအရင်ကြားလိုက်ရပြီး လူတစ်ယောက်ကနောက်မှထွက်ပေါ်လာသည်။
ထိုသူအား မြင်လိုက်သည့်အခါ ထန်စန်းအနည်းငယ်ကြောင်အသွား၏။
“အဖိုးဂျက် အဖိုးလား ကျတော့်အဖေရော”
အထဲမှထွက်လာသူမှာ သူတော်စင်ဝိညာဉ်ရွာ၏သူကြီးဖြစ်သူ အဖိုးဂျက်ပင်၊ သူ့မျက်နှာပေါ်၌ခြောက်သွေ့သောအပြုံးတစ်ခုရှိနေသည်။ သူက သူ့လက်ထဲရှိစာရွက်တစ်ရွက်ကို ထန်စန်းအားကမ်းပေးရင်း...
“တချက်လောက်ကြည့်ကြည့်လိုက် ဒါမင်းအဖေချန်ခဲ့တဲ့စာပဲ၊ အစောတုန်းက အဖိုးသူ့ကိုလာရှာသေးတယ် သူ့နဲ့ပေါင်းပြီး မြေးကိုလာကြိုမယ်ပေါ့၊ မြေးကအရင်ပြန်လာလိမ့်မယ်လို့ မထင်ထားခဲ့ဖူး”
စိုးရွံ့သောခံစားချက်တစ်ခုက ထန်စန်းနှလုံးသားထဲ၌ပေါ်လာ၏။ အဖိုးဂျက်ဆီမှ စာအားခပ်သုတ်သုတ်ယူရင်း ငုံကာဖတ်ကြည့်သည်။
စာရွက်ပေါ်၌ရှိသည်က ညံဖျင်းသောလက်ရေးနှင့် စာကြောင်းအနည်းငယ်မျှသာ၊ သို့သော်ထိုစာကြောင်းများထဲတွင် အချုပ်အနှောင်ကင်းမဲ့ပြီး ရဲရင့်ပြတ်သားဟန်က အပြည့်အဝပါဝင်နေသည်။