အပိုင်း ၅၀

အဖြူရောင်က ၁၀နှစ်သက်တမ်းဝိညာဉ်ကွင်းဟုဆိုလိုပြီး အဝါရောင်က နှစ်၁၀၀သက်တမ်းဝိညာဉ်ကွင်းဟုဆိုလိုသည်။ ထိုအရာနှစ်ခု၏စွမ်းအားမှာ အဆင့်ကြီးတစ်ခုစီကွာခြားသည်။အကယ်၍နှစ်ဖက်စလုံးမှာ အဆင့်အတူတူပင်ဖြစ်ပါက ထိုသို့ကွာခြားချက်ကတိုက်ပွဲအားအဆုံးအဖြတ်ပေးနိုင်၏။

ထို..ထိုအရာကမည်သို့ဖြစ်နိုင်မည်နည်း။ ထန်စန်းကိုယ်ပေါ်၌ပေါ်လာသော ဝိညာဉ်ကွင်းကြောင့် လှောင်ပြောင်ခဲ့ကြသောကျောင်းသားများမှာ ပြိုင်ဘက်၏စိတ်ဝိညာဉ်အကြောင်းသူတို့နားလည်းထားသမျှကို ပြောင်းပြန်လှန်လိုက်သလိုပင်၊ ​၆နှစ် ၇နှစ်အရွယ်သာရှိသေးမည့်ပုံရသော ပထမနှစ်ကလေးတစ်ယောက်က ဝိညာဉ်သခင်အဆင့်သို့ရောက်နေသည်တဲ့လား၊ နော်ဒင်မူလတန်းကျောင်း၏သမိုင်းတစ်လျှောက်လုံး ထိုကဲ့သို့အဖြစ်အပျက်မျိုး မဖြစ်ခဲ့ဘူးချေ။ ထိုကောင်လေး၏စိတ်ဝိညာဉ်ကပင်သုံးစားမရသော ငွေပြာမြက်ဖြစ်နေခဲ့သေး၏။

“ခေါင်းဆောင် ဒါအခွင့်အရေးပဲ သူ့မှာငွေပြာမြက်ပဲရှိတာ နှစ်တစ်ရာဝိညာဉ်ကွင်းနဲ့တောင် သူ့ကိုဘယ်လောက်များအစွမ်းထက်အောင်လုပ်ပေးနိုင်မှာမို့လို့လဲ”

အတန်းကြီးကျောင်းသားတစ်ယောက်က ထုတ်ပြောသည်။

“အရူး တိတ်စမ်း”

ရှောင်ချန်ယု သူ့လက်အောက်ခံ၏စကားအားဖြတ်အော်၏။

ငွေပြာမြက်ပဲလား၊ ရှောင်ချန်ယုမှာ သူ့စိတ်ထဲမှနေ၍ ထိုမျှရိုးရှင်းမည်မဟုတ်ဟုသိလိုက်သည်။ ငွေပြာမြက်က အသုံးမဝင်သောစိတ်ိညာဉ်ဖြစ်ကြောင်းသံသယရှိစရာပင်မလို၊ သို့သော် ထိုငွေပြာမြက်ပိုင်ရှင်က ဝိညာဉ်သခင်အဆင့်သို့ရောက်ခဲ့သည်ကြောင့်အနည်းငယ်ကွာခြားသွားပြီဖြစ်၏။ ထို့အပြင် နှစ်တစ်ရာဝိညာဉ်ကွင်းကိုလည်းပိုင်ဆိုင်ထားသေးသည်။ ထိုကလေး၏စွမ်းအားဖြင့် နှစ်တစ်ရာဝိညာဉ်ကွင်းအားရယူရန်မဖြစ်နိုင်ချေ။ တခြားလူများက သူ့ကိုကူညီပေးခဲ့ခြင်းဖြစ်ရမည်သာ၊ ငွေပြာမြက်ပိုင်ရှင်ကိုတောင် ဝိညာဉ်သခင်အဆင့်သို့ရောက်အောင်ပြုလုပ်နိုင်ပြီး နှစ်ရာချီဝိညာဉ်ကွင်းပါထောက်ပံ့ပေးနိုင်သောကြောင့် ထိုပထမနှစ်လေး၏နောက်ကွယ်က အင်အားစုကမည်မျှစွမ်းအားကြီးမည်နည်း။

ရှောင်ချန်ယု၏အဖေက နော်ဒင်မြို့၏ရဲတိုက်ပိုင်ရှင်ဖြစ်ပေသည်။ မဟုတ်ပါက သူ့အနေဖြင့်အကယ်ဒမီအတွင်း၌ ထိုမျှလောက်မောက်မာထောင်လွှားနေနိုင်မည်နည်း။ ဆရာအချို့ပင် သူ့အားအတိုက်အခံမလုပ်ရဲကြ။ သူငယ်စဥ်ကတည်းက အဖေ၏အမျိုးမျိုးသောအာဏာပိုင်အပြုအမူများကိုမြင်တွေ့ခဲ့ရသဖြင့် နိုင်ငံရေးလောကနှင့်လည်းတီးမိခေါက်မိရှိပေသည်။ ထိုကြောင့် ထန်စန်း၏နောက်ခံအား အရင်ဆုံးတွေးမိခြင်းလည်းဖြစ်၏။ ကမ္ဘာပေါ်၌ အချို့ကလန်ကြီးများမှာ စော်ကားမိ၍မဖြစ်ကြောင်း သူ့အဖေက အကြိမ်ကြိမ်အထပ်ထပ်သတိပေးခဲ့သည်သာ၊ အင်ပါယာမျိုးနွယ်ထပ်စာလျှင်ပင် ထိုကလန်ကြီးများက ပို၍ရက်စက်ကြမ်းကြုတ်ကြောင်း သူ့အဖေကသင်ပြထားခဲ့သည်။ အင်ပါယာကဂုဏ်သတင်းမကျဆင်းအောင် အချို့သောစည်းမျဉ်းများကိုစောင့်ထိန်းရသည်ဖြစ်သော်လည်း ထိုကလန်ကြီးများမှာ အခြေခံအားဖြင့်ထိုသို့လုပ်ရန်မလို၊ သူတို့အားရန်စလာပါက ပြတ်ပြတ်သားသားရှင်းလင်းပစ်ကြသည်သာဖြစ်၏။

“မင်းကတကယ်ပဲ အလုပ်သင်ကျောင်းသားလား”
ရှောင်ချန်ယုမှာ မဝံမရဲဖြင့်မေးသည်။

ထန်စန်းက တည်တည်ငြိမ်ငြိမ်ပင်ခေါင်းညိတ်ပြ၏။ ဝိညာဉ်စက်ဝန်းအားထုတ်ဖော်ပြီးနောက် သူ့ကိုယ်အတွင်းရှိသွေးများဆူပွက်လာကာ ခန္ဓာကိုယ်ကအားအင်အပြည့်ဖြစ်နေသလိုခံစားနေရသည်။ သူ့ခွန်အားမည်မျှရှိသည်ကို သိနိုင်ရန် အစွမ်းထက်သော ပြိုင်ဘက်ဖြင့်တိုက်ခိုက်ချင်နေမိသည်။ အခြေခံပြောင်းလဲပြီးနောက် သူ့ခွန်အားမည်သည့်အဆင့်သို့ရောက်နေပြီမှန်း သိလိုလှ၏။

“ဒီလိုပဲ ဆက်တိုက်ရတော့မှာပေါ့”

လက်ရှိအခြေအနေမှာ ‘လေးညှို့သို့တင်ထားသောမြားအား ပြန်ချရန်မဖြစ်နိုင်သကဲ့သို့’ ဆိုသည့်အ​ခြေအနေတိုင်း နောက်ဆုတ်ရန်မဖြစ်နိုင်တော့၊ ရှောင်ချန်ယု သူ့စိတ်ထဲတွေးထား၏။ အကယ်၍ ဤပထမနှစ်ကောင်လေးအား နိုင်ခဲ့ပါလျှင်လည်း ဒါဏ်ရာပြင်းပြင်းထန်ထန်ရအောင်လုပ်၍မဖြစ်။

လင်းဖန်၏တိုက်ခိုက်မှုအား မြန်ဆန်လှသည်ဟုပြောလျှင် ရှောင်ချန်ယု၏တိုက်ခိုက်မှုအား အလွန်စွမ်းအားကြီးသည်ဟုဆိုနိုင်၏။ ပထမဆုံးဝိညာဉ်ကွင်းအားရပြီးဖြစ်သဖြင့် သူ့အခြေခံစွမ်းရည်ကပင် ဝမ်ရှန်းတတ်နိုင်စွမ်းထပ်အဆများစွာသာသည်။ ဝမ်ရှန်း၏စိတ်ဝိညာဉ်မှာ သားရဲဘုရင်ဖြစ်သော်လည်း အနိမ့်ပိုင်းအဆင့်များတွင် ရှောင်ချန်ယုအားလွှမ်းမိုးရန်ခက်ခဲနေဆဲဖြစ်၏။

ရှောင်ချန်ယုအား ရင်ဆိုင်ရသည့်အခါ ထန်စန်းမှာ လင်းဖန်းနှင့်တိုက်ခိုက်တုန်းကကဲ့သို့ ခပ်ပေါ့ပေါ့သဘောမထားပေ၊ ဝိညာဉ်ကွင်းရှိခြင်းနှင့် ဝိညာဉ်ကွင်းမရှိခြင်း ထိုနှစ်ခု၏စွမ်းအားကလုံးဝကွားခြားလှသည်သာ၊ ရှောင်ချန်ယုက တရကြမ်းပြေးဝင်လာ၏။ သူ့ကိုယ်မှဝိညာဉ်စွမ်းအားက ထန်စန်းဘေးစတုရန်းသုံးမီတာပတ်လည်အားဖိအားပေးနေသည်။ ထိုအရာက မည်သည့်နည်းစနစ်မှမပါသော ပကတိခွန်အားသာဖြစ်၏။ ဝိညာဉ်စွမ်းအားခြင် ယှဉ်ပြိုင်လိုသည့်ဟန်ရသည်။

စွမ်းအားခြင်းယှဉ်ပြိုင်လိုသည်လား၊ သူကကြောက်နေမည်မဟုတ်၊ စွမ်းအားခြင်းတိုက်ရိုက်ယှဉ်ပြိုင်ခြင်းက ထန်ဂိုဏ်းသားတို့၏ကျွမ်းကျင်ရာမဟုတ်သော်လည်း သူ့ဆန်းကြယ်ကောင်းကင်ပညာရပ်ကမည်သည့်အဆင့်သို့ရောက်နေမည်မှန်း စမ်းသပ်ကြည့်ချင်မိသည်။
ချက်ချင်း စွမ်းအင်များအားသူ့လက်ဝါးနှစ်ဖက်၌စုစည်းလိုက်ပြီး ရှောင်ချန်ယု၏ဝံပုလွေလက်သည်းများနှင့်ထိပ်တိုက်တွေ့ဆုံလိုက်၏။

ရှောင်ချန်ယု၏လက်အောက်ငယ်များက ထိုအဖြစ်အပျက်အားမြင်လိုက်သည့်အခါ ပျော်ရွှင်သွားကြသည်။ ဘာနှစ်ရာချီဝိညာဉ်ကွင်းလဲ၊ ဒီအရူးကောင်ကခေါင်းဆောင်ရှောင်၏ဝံပုလွေလက်သည်းများကို လက်ဗလာဖြင့်ရင်ဆိုင်ချင်သည်လား၊ သေလမ်းအားရှာနေခြင်းပင်၊ ရှောင်ချန်ယုမှာ ဝံပုလွေအသွင်ပြောင်းပြီးနောက် သူ့လက်သည်းများဖြင့် ကျောက်တုံးများကို ပိုင်းဖြတ်ပြခဲ့သည်ကို သူတို့မြင်ဖူးကြသည်မဟုတ်ပါလား။

ရှောင်ချန်ယု၏လက်များက ထန်စန်းလက်ထက်အဆများစွာကြီးပုံရ၏။ သူ့စိတ်ထဲ၌ တုံ့ဆိုင်းနေသည်။ သူ့လက်သည်းများမှစွမ်းအားကိုသုံးသင့်သည်လား၊ ဝေခွဲမရဖြစ်နေ၏။ သူ့လက်သည်းများက ထန်စန်း၏လက်များအား တစစီဖြစ်သွားစေနိုင်ကြောင်း သူသိသည်။ ဤနည်းဖြင့် ပြိုင်ပွဲအား အနိုင်ရနိုင်ပါသော်လည်း အကယ်၍ထိုကောင်လေးနောက်ရှိလူများရောက်လာခဲ့ပါက....။ မည်သို့လုပ်ရမည်နည်း။

အဖြစ်အပျက်ကမြန်ဆန်လွန်းလှသည်။ ရှောင်ချန်ယု ရှင်းရှင်းလင်းလင်းမတွေးရသေးခင်မှာပင် လက်နှစ်ဖက်မှာထိပ်တိုက်တွေ့ဆုံသွားကြပြီဖြစ်၏။

ဖန်းဆိုသည့်အသံနှင့်အတူ စိမ်းနက်ရောင်အလင်းနှင့်အဖြူရောင်အလင်းတို့တောက်ပလာသည်။ သူတို့နှစ်ယောက်အား ဗဟိုပြု၍လေလှိုင်းတစ်ခုဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိလူများကိုပင် ယိမ်းယိုင်သွားစေ၏။

အားနှစ်ခုထိပ်တိုက်တွေ့ဆုံသွားသော်လည်း ထန်စန်းမှာမူ ယိမ်းယိုင်သွားသည့်ပုံမရ၊ ရှောင်ချန်းယု၏ခန္ဓာကိုယ်မှာမူ နောက်သို့အနည်းငယ်ယိမ်းယိုင်သွားသည်။ တဆက်တည်း ရှောင်ချန်ယုမှာ သူ့လက်သည်းများမှာ ထန်စန်းလက်ထဲမှခွာ၍မရတော့ကြောင်းခံစားမိလိုက်သည်။ ထိုကဲ့သို့ ဝိညာဉ်စွမ်းအားခြင်းယှဉ်ပြိုင်ရာ၌တဖက်လူအားရှုံးနိမ့်သွားသည်ကြောင့် တုန်လှုပ်ကာ ဒေါသပိုထွက်လာတော့၏။ အစောက စိုးရိမ်နေမိသောကိစ္စများမှာလည်း သူ့ခေါင်းထဲ၌မရှိတော့။

သို့သော် တစုံတစ်ခုက ရှောင်ချန်ယုအားပိုမိုတုန်လှုပ်သွားစေ၏။

သူ့လက်သည်းများက ထန်စန်းလက်များဖြင့်ဖမ်းဆုပ်ခံလိုက်ရသည့်အခါ ပြိုင်ဖက်၏လက်ကသံကဲ့သို့မာကျောနေသည်ကိုရှင်းလင်းစွာခံစားမိလိုက်သည်။ မည်မျှပင်အားထည့်နေပါသော်လည်း ထိုလက်များအားအနည်းငယ်မျှပင်ရွေ့သွားအောင်မလုပ်နိုင်ခဲ့။ ရုတ်တရက် ထန်စန်းကအခွင့်အရေးအားအရယူလိုက်သည်။ ထိုကောင်အားဒီအတိုင်းနောက်ဆုတ်ခွင့်ပေးမည်မဟုတ်။ ဆုပ်ထားသောလက်နှစ်ဖက်အား နောက်သို့ဆတ်ခနဲဆွဲလိုက်ရင်း ခေါင်းငုံကာ ရှောင်ချန်ယု၏ဝမ်းဗိုက်အား ညာပုခုံးဖြင့်ပစ်တိုက်လိုက်သည်။

ချက်ကောင်းအားတိုက်ရိုက်ထိမှန်သဖြင့် ရှောင်ချန်ယု၏ခန္ဓာကိုယ်ကား သုံးမီတာအကွာသို့ပင်လိမ့်ထွက်သွားရ၏။

ရှောင်ချန်ယု၏နောက်လိုက်နောက်ပါများက ထန်စန်းခံရတော့မည်ဟုထင်သောကြောင့် အစောကပင်ပျော်ရွှင်နေခဲ့ကြသည်သာ၊ ရုတ်တရက်သူတို့ခေါင်းဆောင်ဖြစ်သူ အဝေးသို့လွှင့်သွားသည်ကိုမြင်လိုက်ရသည်ည်။ ဒီတစ်ကြိမ်တွင်တော့ သူတို့ထန်စန်းအားကြည့်သောအကြည့်များမှာမူပြောင်းလဲသွားကြ၏။ ဒီကောင်လေးက လူရောဟုတ်ရဲ့လား။ သူတို့စိတ်ထဲမှမေးမိလိုက်ခြင်းပင်။

ကျောက်စိမ်းရောင်က ထန်စန်းလက်နှစ်ဖက်လုံး၌ တောက်ပနေ၏။ ဆန်းကြယ်ကောင်းကင်ပညာရပ်၏ကိုယ်တွင်းစွမ်းအင်က အဆင့်၁၁ဝိညာဉ်သခင်တစ်ယောက်ကိုပင် လှဲသိပ်နိုင်ပေသည်။ သူသိချင်သည်ကိုသိလိုက်ပြီဖြစ်သော်ကြောင့် ထန်စန်းမှာစိတ်မရှည်တော့။ သူကခပ်တင်းတင်းဖြင့်ပြော၏။

“ငါ့မှာ မင်းနဲ့ကစားနေဖို့အချိန်မရှိဘူး၊ ဒီလိုပဲအဆုံးသတ်လိုက်တော့မယ်၊ ငွေပြာမြက် ချုပ်နှောင်လိုက်စမ်း”

ရှောင်ချန်ယုက အခုမှမတ်တပ်ထရပ်လာခြင်းဖြစ်သည်။ ထန်စန်းမှာ ခွန်အားအပြည့်ဖြင့်၀င်တိုက်လိုက်ခြင်းမဟုတ်သည်ကတစ်ကြောင်း စိတ်ဝိညာဉ်၏စွမ်းအားဖြင့် ခန္ဓာကိုယ်အားအဆင့်မြှင့်ထားသည်ကတစ်ကြောင်းကြောင့် သူ၏ခုခံနိုင်စွမ်းမှာအလွန်သန်မာနေ၏။ ထို့ကြောင့်မည်သည့်ဒါဏ်ရာကိုမှ မရခဲ့ချေ။ သူပြန်ထထလာခြင်း ထန်စန်း၏စကားကိုကြားလိုက်ရသည်။

၁ဝပင်ကျော်လောက်ရှိမည့် ထူထဲသောငွေပြာမြက်များကသူ့ခြေထောက်အောက်မှ တိုးထွက်လာ၏။ ရှောင်ချန်ယုမှာ တုံ့ပြန်ရန်အချိန်ပင်မရလိုက်၊ ထိုမြက်များမှာ သူ့ခြေထောက်အား နွယ်ကဲ့သို့ ခိုင်မာစွာကုပ်ဆွဲထားကြ၏။

“ဘာတွေလဲဟ”

ရှောင်ချန်ယု မျက်နှာကကြောက်လန့်မှုကြောင့် ဖြူရော်သွားသည်။ သူ့ခွန်အားအကုန်ဖြင့် ရုန်းကြည့်သော်လည်း အဆင့်မြှင့်ထားသော ငွေပြာမြက်များက အလွန်အမင်းကြံခိုင်နေ၏။ သူမည်ည်မျှအားစိုက်၍ရုန်းပါသော်လည်း မြက်များအားဖြတ်၍မရ ချုပ်နှောင်ထားသည်မှမလွတ်မြောက်နိုင်ဖြစ်နေသည်။

Popular posts from this blog

အပိုင်း ၇၀

အပိုင်း ၆၉

အပိုင်း ၆၆