အခန်း ၁၁ ရှောင်ဝူ ဒီတော့နင်ကတကယ်ပဲယုန်လားအပိုင်း ၄၈

ရှောင်ဝူကထန်စန်းအားစိုက်ကြည့်သည်။ အရင်တစ်ခါကကျောက်ခဲများဖြင့် မညှာမတာအပစ်ခံခဲ့ရသည်ကိုပြန်သတိရသွားပြီး ဒေါသထွက်သွား၏။

“‘စောင့်ရမယ်လား ဘာကိုစောင့်ရမှာလဲ၊ ဘယ်အချိန်မှနင်ပြန်လာမယ်ဆိုတာ ဘယ်သူကသိမှာမို့လဲ၊ အားလုံးကငါတို့ကိုအနိုင်ကျင့်ကြတယ်၊ အဲ့ခေါင်းဆောင်ရှောင်ဆိုတဲ့ ခွေးမသားကငါ့ကိုအိမ်မွေးယုန်တောင်ဖြစ်စေချင်နေသေးတယ်၊ အဲ့ကိစ္စကိုဒီတိုင်းထားလိုက်ရင် ငါ့နာမည်ကရှောင်ဝူမဟုတ်တော့ဘူးဟဲ့”

ထန်စန်းမျက်​မှောင်ကြုပ်သွားသည်။ ထိုကောင်စုတ်လေးက အသက်ဘယ်လောက်ရှိနေ၍ ထိုကဲ့သို့ညစ်ပတ်သောအကြံများရှိနေရသနည်း။ ထိုကောင်များအား ဆုံးမပေးမှဖြစ်ချေမည်။
အလုပ်သင်ကျောင်းသားများမှာအလွယ်တကူအနိုင်ကျင့်၍မရကြောင်း သိစေရမည်သာ..။

ထို့သို့တွေးရင်း သူ့အကြည့်များကပြောင်းလဲသွား၏။ သူ့လက်က ခါးဆီသို့ရောက်သွားသည်။

ယခုအချိန်တွင် ဝမ်ရှန်း၏ခန္ဓာကိုယ်အစိတ်အပိုင်းအချို့မှာ တုတ်ရာကြောင့်ခရမ်းရောင်ပင်သန်းနေပြီဖြစ်၏။ တိုးညှင်းလာသော ကျားဟိန်းသံနှင့်အတူ သူထုတ်ဖော်ထားသောဝိညာဉ်စွမ်းအားများမှာ အားနည်းသထပ်အားနည်းလာသည်။ သူ့ပြိုင်ဘက်ကသူ့တိုက်မှုများကိုအလွယ်တကူရှောင်နိုင်နေ၏။ ကြောင်တစ်ကောင်ကကြွက်အားကစားနေသည့်အလား ဝမ်ရှန်းအားကစားနေသည်။

ဝမ်ရှန်း၏သိုင်းကွက်များက ရိုးရှင်းလှ၏။ သူကနည်းလမ်းတစ်မျိုးတည်းအားထပ်ကာထပ်ကာအသုံးပြုနေသည်။ ထို့အတွက်ကြောင့် သူ၏အားသာချက်ဖြစ်သောဝိညာဉ်စွမ်းအားပင်ကုန်ခမ်းစပြုလာပြီဖြစ်၏။ ရှေ့သို့နှစ်လှမ်းတက်ကာ လက်ကျန်ခွန်အားဖြင့်ထိုးချလိုက်သည်။ ဒီတကြိမ်၌ရန်သူ၏ရိုက်နှက်ချင်းခံရပါက လဲမကျသွားအောင်တောင့်ခံမည်။ လက်ကျန်ခွန်အားဖြင့် ရန်သူအားမှတ်လောက်သားလောက်ဖြစ်သွားအောင်လုပ်မည်ဟု ဝမ်ရှန်းကဆုံးဖြတ်ထား၏။

လျူလုံမှာ ဝမ်ရှန်းနှင့်တစ်ခါနှစ်ခါမျှသာ တိုက်ခိုက်ဖူးသူမဟုတ်၊ ဝမ်ရှန်းဘာလုပ်ချင်နေသည်အားသူသိပေသည်။ ဝမ်ရှန်း၏မိုက်ရူးရဲတိုးဝင်လာမှုက သူ၏မျက်နှာအမူအရာအား တင်းမာသွားစေသည်။ သူ့လက်ထဲရှိတုတ်အား တင်းတင်းဆုပ်၍ဝှေ့ယမ်းလိုက်သည်။ တုတ်ချက်သုံးချက်ကဆက်တိုက်ဆိုသလို ဝမ်ရှန်း၏ခေါင်းနှင့်ပုခုံးနှစ်ဖက်သို့ကျဆင်းလာ၏။ ဤတုတ်သုံးချက်ထိမှန်သွားသည်နှင့် ဝမ်ရှန်းမှာဆက်လက်တိုက်ခိုက်နိုင်တော့မည်မဟုတ်။

သို့သော် ထိုအချိန်၌ လျူလုံမှာသူ၏တုတ်ကိုင်ထားသောလက်၌ ရုတ်တရက် ခြင်ကိုက်ခံရသလိုခံစားလိုက်ရ၏။ တဆက်တည်း သူ၏ရိုက်ချက်မှာလွဲချော်သွားတော့သည်။

သူ့သိုင်းကွက်မှာ အမှန်ဆိုလျှင်မဆိုးလှ၊ သို့သော်ယခုလွဲချော်သွားခြင်းကြောင့် ဟာကွက်ကပေါ်လာ၏။ သူ့ပထမရိုက်ချက်က ဝမ်ရှန်း၏ခေါင်းအားထိမှန်သွားသည်။ သို့သော်ဝမ်ရှန်းက အလျှော့မပေးတောင်ခံထားပြီး ရှေ့သို့ရှောင်လိုက်ရာ ကျန်သည့်နှစ်ချက်မှာ ဘာမှမရှိသည့်လေထုကိုသာရိုက်မိသွား၏။

ရှည်လျားသည့်လက်နက်များအသုံးပြုသည့် ကိရိယာဝိညာဉ်သခင်က သားရဲစိတ်ဝိညာဉ်ပိုင်ဆိုင်ထားသော တိုက်ပွဲဝိညာဉ်သခင်နှင့်အနီးကပ်တိုက်ခိုက်ခြင်းကသေချင်နေ၍ပင်၊ အကယ်၍ လျူလုံ၏ခွန်အားမှာ ဝမ်ရှန်းထပ်ပိုမိုမြင့်မားပါကလည်း အဆုံးသတ်မှာထိုသို့ဖြစ်မည်သာ။

ဖန်းး....

ဝမ်ရှန်း၏ကျားလက်သည်းရိုက်ချက်က လျူလုံခေါင်းတည့်တည့်အားမိမိရရထိမှန်သွား၏။ လူတစ်ကိုယ်လုံးမှာ လက်ဝါးချက်ကြောင့်လွင့်ထွက်သွားသည်။ သူ့ခန္ဓာကိုယ်ကလေပေါ်တွင်ပြောင်းပြန်လှန်လှန်သွား၏။ ရုတ်တရက်လျူလုံ၏ညာခြေအား ဝမ်ရှန်းကဖမ်းဆွဲလိုက်သည်။ ကျားတစ်ကောင်ကသူ့အမြှီးအားဝှေ့သကဲ့သို့ လျူလုံ၏ခန္ဓာကိုယ်အားဝှေ့ယမ်း၍ မြေပြင်ပေါ်သို့ရိုက်ချ၏။

လျုလုံမှာ ဝမ်ရှန်းလောက်ခုခံနိုင်စွမ်းမရှိပေ။ သူ၏ဝိညာဉ်စွမ်းအားအလုံးစုံမှာ တုတ်ရှည်အတွင်း၌စုစည်းထား၏။ ခုခံနိုင်ရန်ဝိညာဉ်စွမ်းအားမကျန်ရှိတော့သဖြင့် ဝမ်ရှန်း၏သိုင်းကွက်နှစ်ကွက်နှင့်ပင်အလဲလဲအကွဲကွဲဖြစ်သွားရသည်။ မြေနှင့်ခပ်ပြင်းပြင်းဆောင့်မိသောကြောင့် သတိပင်မေ့သွားခဲ့၏။

ဝမ်ရှန်းကစိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်သို့မော့ကြည့်ပြီး ဟိန်းဟောက်လိုက်၏။ နှစ်ပေါင်းများစွာခါးသီးမျိုသိပ်ထားရသည့်ခံစားချက်များပွင့်ထွက်လာသည့်အလား ...

ပထမခေါင်းဆောင်ရှောင်မှာ လျူလုံကဝမ်ရှန်းအား ကစားနေသည်အား ပျော်ရွှင်စွာဖြင့်ကြည့်နေခဲ့သော်လည်း အခြေအနေများကအဆိုးဘက်သို့ရုတ်ချည်းပြောင်းလဲသွားသောကြောင့် အတော်တုန်လှုပ်သွား၏။

သိထားရမည်က လျူလုံမှာသူ့လက်အောက်ငယ်သားများအနက် ခွန်အားအရာမှာနံပါတ်သုံးပင်၊ အကယ်၍သူ့တွင်ပထမဆုံးဝိညာဉ်ကွင်းပိုင်ဆိုင်ထားခြင်းမရှိပါက သူပင်လျှင် လျူလုံအားအနိုင်ယူနိုင်မည်ဟု အတပ်မပြောနိုင်ပေ။

ရှောင်ဝူက လှောင်ပြောင်လိုက်၏။

“‘မိုးမခပင်ခြောက်က မိုးမခပင်ခြောက်ပါပဲ တစ်ချက်လေးတောင်ခံနိုင်ရည်မရှိဘူး၊ ခေါင်းဆောင်ရှောင်ဆိုတဲ့ကောင် နင်ဘာပြောချင်သေးလဲ”

ခေါင်းဆောင်ရှောင်က လျူလုံအားဆေးကုပေးရန် လက်အောက်ငယ်သားတစ်ယောက်အားခေါ်ခိုင်းလိုက်သည်။ သူတို့ကမူလတန်းကျောင်းသားများဖြစ်ကြသေးသည်သာ၊ ထိုမျှလောက်ဝိညာဉ်စွမ်းအားဖြင့်တိုက်ခိုက်မှုက အသက်အားမနှုတ်ယူနိုင်ပေ။

“ဒီတစ်ယောက်အတွက် ငါတို့ဘက်ကအရှုံးကိုလက်ခံတယ်၊ လင်းဖန် ဒီတစ်ခါမင်းအလှည့်”

ခေါင်းဆောင်ရှောင်စေလွှတ်လိုက်သည့် ဒုတိယမြောက်အတန်းကြီးကျောင်းသားကပိန်သေးသေး လူတစ်ယောက်ပင်၊ ပုညှက်လှသောခန္ဓာကိုယ်နှင့် နှာခေါင်းမျက်လုံးများပါမကျန်သေးလွန်းလှသဖြင့် မည်သူကမှ ၁၂နှစ်သားဟုထင်မည်မဟုတ်၊ ဆန့်ကျင်ဘက်အနေဖြင့် ရှောင်ဝူနှင့်ထန်စန်းတို့အသက်လောက်သာရှိမည်ဟုထင်ရသည်။

“ဝမ်ရှန်းကိုပြန်ခေါ်လိုက် ငါသွားမယ်”
ရှောင်ဝူ့နားထဲ၌ ထန်စန်း၏ခပ်တိုးတိုးအသံအားကြားလိုက်ရ၏။

ရှောင်ဝူ၏အမြင်၌ ပြိုင်ပွဲမှာမဆိုးလှပေ။ ထန်စန်းက ကွင်းအတွင်းသို့ဝင်လာသောဒုတိယပြိုင်ပွဲဝင်မှာ အမြန်နှုန်းအမျိုးအစားဝိညာဉ်ကျောင်းသားတစ်ယောက်ဖြစ်ကြောင်းသတိထားမိလိုက်၏။ ဝမ်ရှန်းအားတန်ပြန်ရန်ကောင်းလှသည်မှာအမှန်ပင်။ ဝမ်ရှန်းမှာအရင်တိုက်ပွဲတွင်ဝိညာဉ်စွမ်းအား အတော်များများကုန်ခမ်းခဲ့သောကြောင့် ယခုပွဲ၌ရှုံးမည်မှာ သံသယရှိစရာပင်မလိုချေ။

“ဝမ်ရှန်း နင်ပြန်လာတော့၊ ငါ့တို့ရဲ့ရှောင်စန်းကိုတာဝန်ယူခိုင်းလိုက်မယ်၊ နင်အေးဆေးနားလို့ရပြီ”

ဝမ်ရှန်းမှာ လျူလုံနှင့်တိုက်ပွဲကြောင့်စိတ်လှုပ်ရှားခဲ့ရသော်လည်း အပြည့်အဝပြန်လည်မသက်သာသေးပေ။ ရှောင်ဝူအသံအားကြားလိုက်သောအခါ မည့်သည့်အချိန်ကမှန်းမသိပြန်ရောက်လာသော ထန်စန်းအားတွေ့သွား၏။ သူ့ကိုယ်သူလည်းသိသည်။ လျူလုံအား မနည်းအနိုင်ယူပြီးနောက် သူ့တွင်နောက်တစ်ပွဲဆက်တိုက်ရန်အားလက်ကျန်မရှိတော့။ အကယ်၍ ထန်စန်းသာ သူ့ကျောက်စရစ်ခဲများဖြင့် တိတ်တဆိတ်ပစ်ကာ လျူလုံအားအခက်တွေ့အောင်လုပ်ဆောင်ပေးခဲ့မရှိပါက ပထမပွဲ၌ သူအနိုင်ရမည်မဟုတ်မှန်း သူသိ၏။

“မင်းကရော အလုပ်သင်ကျောင်းသားပဲလား”
သူ့မျက်လုံးထဲ ဇဝေဇဝါဖြစ်ဟန်ဖြင့် လင်းဖန်ကထန်စန်းအားကြည့်သည်။

ထန်စန်းကခေါင်းညိတ်ကာဖြေ၏။

“စကြရအောင်”

လင်းဖန်၏အရပ်မှာပုညှပ်သည်ဟုဆိုသော်လည်း ပထမနှစ်ဖြစ်သော ထန်စန်းထပ်တော့ရှည်သေးသည်။ ဤပွဲ၌ နှစ်ဖက်က တစ်ဦးတည်းသောကျောင်းသားခေါင်းဆောင်ဖြစ်ရန်တိုက်ခိုက်ကြခြင်းဖြစ်သော်ကြောင့် သူ့အနေဖြင့်ပွဲအားမရှည်စေလို၊ ထန်စန်းခါးပတ်အားတစ်ချက်ကြည့်လိုက်ရင်း သူ့အတွေးများအားရှင်းထုတ်လိုက်၏။ ​ရှေ့သို့တစ်လှမ်းတက်ရင်း တစ်ချက်ခုန်သည်။ သူ့လက်နှစ်ဖက်တောင်ပံများအလားဆန့်တန်းရင်း ၂မီတာအကွာအဝေးအားပျံသန်းလာ၏။ ထန်စန်းခေါင်းအားရိုက်ချမည့်ဟန်ဖြင့် ဦးတည်လာသည်။

သားရဲစိတ်ဝိညာဉ်၊အကြည့်တစ်ချက်ဖြင့်ရန်သူ၏စိတ်ဝိညာဉ်မှာ မည်သည့်စိတ်ဝိညာဉ်ဖြစ်ကြောင်းထန်စန်းသိလိုက်၏။ ဤရက်များအတွင်း ဂရန်းမာစတာ၏သင်ပြပေးမှုက အလဟသဖြစ်ခဲ့ပုံမပေါ်၊ ဒီလင်းဖန်ဆိုသူက အမြန်နှုန်းအမျိုးအစားတိုက်ပွဲဝိညာဉ်သခင်ဖြစ်ပုံရသည်။ သူ့သားရဲဝိညာဉ်မှာ ပျံသန်းနိုင်သောအကောင်ပင်ဖြစ်နိုင်၏။ သူ၏မပြင်းထန်လှသောတိုက်ခိုက်မှုပုံစံကြောင့် ထိုစိတ်ဝိညာဉ်မှာ သိမ်းငှက်တော့မဖြစ်နိုင်၊ ထို့ကြောင့် ပျံလွှားသို့မဟုတ်ကျီးကန်နွယ်ဝင် သားရဲတစ်မျိုးမျိုးသာဖြစ်ရပေမည်။

နီးကပ်လာသောရန်သူအားကြည့်ရင်း ထန်စန်းမှာစိတ်လှုပ်ရှားပုံပင်မရ၊ တဖက်ရှိရန်သူမှာ ထိုနေရာတွင်လုံးဝမရှိခဲ့သည့်အလားပြုမူနေ၏။

လင်းဖန်၏အမြန်နှုန်းမှာအတော်မြန်ပေသည်။ ဆဋ္ဌမနှစ်ကျောင်းသားများတွင်ပင် သူ၏အမြန်နှုန်းမှာ ပထမနေရာ၌ချိတ်ကြောင်းပြောနိုင်၏။ သူကခေါင်းဆောင်ရှောင်၏နောက်လိုက်တစ်ဦးပြီး တိုက်ပွဲအတွေ့အကြုံများလည်းရှိသည်။ သူ့လက်အားခတ်လိုက်ရာ ခန္ဓာကိုယ်ကတပတ်လည်၍ ထန်စန်းနောက်သို့ရောက်သွား၏။လက်မောင်းနှစ်ဖက်အား ဓါးကဲ့သို့လွှဲရမ်းရင်း ထန်စန်း၏ကုတ်နှစ်ဖက်အား လက်ဝါးစောင်းဖြင့်ခုတ်ဟန်ပြင်သည်။

လင်းဖန်သူ့ခေါင်းပေါ်သို့မရောက်မချင်း ထန်စန်းတစိမှမလှုပ်ရှားခဲ့ပေ။ ရန်သူ၏ဘာမှန်းမသိသောစွမ်းရည်နှင့်ရင်ဆိုင်ရသည့်အခါ သူ့အနေဖြင့်အရမ်းကာရောမတုံ့ပြန်သည်က အကောင်းဆုံးရွေးချယ်မှုပင်မဟုတ်ပါလား။

Popular posts from this blog

အပိုင်း ၇၀

အပိုင်း ၆၉

အပိုင်း ၆၆