အပိုင်း ၅၁
ထန်စန်းကရှောင်ချန်ယုနား ခြေတစ်လှမ်းခြင်းလှမ်းလာရင်း....
“ကြိုးစားကြည့်မနေနဲ့ မင်းရုန်းလို့ရမှာမဟုတ်ဘူး၊ ငါ့ရဲ့ပထမဆုံးဝိညာဉ်ကွင်းက နတ်ဆိုးအိမ်မက်မြွေပဲ၊ ငါ့ငွေပြာမြက်မှာ နတ်ဆိုးအိမ်မက်မြွေရဲ့ အကြမ်းခံနိုင်စွမ်းရှိတယ်၊ ဟုတ်တာပေါ့ နတ်ဆိုးအိမ်မက်မြွေရဲ့ အဆိပ်အစွမ်းလည်းနဲနဲပါတာပေါ့၊ မင်းက ဆက်တိုက်ချင်သေးတယ်ဆိုရင် နတ်ဆိုးအိမ်မက်မြွေရဲ့အဆိပ်ကိုမြည်းခိုင်းဖို့လဲဝန်မလေးဘူ၊ အိုး..ဒါနဲ့မေ့တော့မလို့ ငါမှာတော့ဖြေဆေးမရှိဘူးနော်”
ဆယ်ပင်ကျော်မည့်ငွေပြာမြက်များက ထန်စန်းနောက်၌ တလှုပ်ရမ်းရမ်းဖြစ်နေ၏။ မြက်ဓါးသွားဆယ်ခုက ထန်စန်းနောက်၌လှုပ်ရမ်းနေသည်မှာ နတ်ဆိုးအိမ်မက်မြွေဆယ်ကောင်ကလူအများအားကိုက်ရန်ချောင်းနေသည့်အလား...
ကြောက်ရွံနေသည့်ဟန်က အတန်းကြီးကျောင်းသားများထံမှပေါ်လာသည်။ ရှောင်ချန်ယု၏နောက်လိုက်နောက်ပါများမှာမူ ဟန်ပင်မဆောင်နိုင်ပဲ နောက်သို့အလျင်အမြန်ဆုတ်သွားကြ၏။
သူတို့မှာ နတ်ဆိုးအိမ်မက်မြွေနှင့်ရင်မဆိုင်ဘူးသော်လည်း ထိုသားရဲအကြောင်းကြားဖူးကြသည်ပင်၊ မည်သူကမှ ထိုကြောက်မက်ဖွယ်ကောင်းသော မြွေဆိပ်ဖြင့်မမိိလိုကြချေ။
“မြွေဆိပ်ကို မသုံးပါနဲ့ ငါရှုံးတယ်လို့ဝန်ခံတယ်”
ရှောင်ချန်ယုမှာ ကျောင်းသားခေါင်းဆောင်ဖြစ်သော်လည်း ၁၂နှစ်အရွယ်ကလေးတစ်ယောက်သာဖြစ်သေး၏။ တခြားကလေးများကဲ့သို့ သူလည်းကြောက်တတ်သည်သာ၊ သူ့စိတ်ထဲဲတွင်အနည်းငယ်တော့ ဇဝေဇဝါဖြစ်နေသည်။
အမှန်တကယ်တွင် ထန်စန်း၏ငွေပြာမြက်၌ အဆိပ်သဘာဝရှိသော်လည်း ပထမဆုံးဝိညာဉ်ကွင်းသာဖြစ်သေးသည်။ အလွန်အမင်းစွမ်းအားကြီးလှသော နတ်ဆိုးအိမ်မက်မြွေမှ စုပ်ယူခဲ့ခြင်းမဟုတ်သောကြောင့် အဆိပ်စွမ်းအားမှာ အများဆုံးအကြောခဏသေစေရုံလောက်ဖြစ်မည်သာ၊ သေစေနိုင်လောက်အောင် အလွန်အမင်းအဆိပ်ပြင်းမည်မဟုတ်၊ သို့သော်ရှောင်ချန်ယုမှာ ထို့အကြောင်းအားသိအောင် သူ့ကိုယ်ဖြင့်စမ်းသပ်ကြည့်မည်လား
ရှောင်ချန်ယုခြေထောက်ရှိ ငွေပြာမြက်မှာဖြေးညှင်းစွာပျောက်ကွယ်သွား၏။ ထန်စန်းမျက်နှာ၌ ခပ်ဖွဖွအပြုံးတစ်ခုပေါ်လာပြီး အလုပ်သင်ကျောင်းသားများဘက်သို့ကြည့်သည်။
“မင်းကအရှုံးကိုဝန်ခံလိုက်ပြီဆိုမှတော့ ရှောင်ဝူနဲ့သဘောတူထားတဲ့စည်းကမ်းကိုလိုက်နာရမယ်”
တုံးအသောအမူအရာဖြင့် ရှောင်ချန်ယုက ထန်စန်းအားကြည့်သည်။
“ဒါဆိုငါကမင်းကိုခေါင်းဆောင်လို့သတ်မှတ်ရမှာလား ဒါမှမဟုတ် သူမကိုသတ်မှတ်ရမှာလား”
ရှောင်ဝူ၏ခွန်အားက ထန်စန်းထပ်သာလိမ့်မည်ဟု သူမယုံချေ။ ၆နှစ်သားအရွယ်ဝိညာဉ်သခင် ထိုအရာက သူ့စိတ်ကူးကိုပင်ကျော်လွန်နေပြီဖြစ်၏။
ထန်စန်းခပ်ဖွဖွပြုံးရင်း..
“အမှန်တော့ ရှောင်ဝူကမှမင်းတို့ရဲ့ခေါင်းဆောင်ပဲ၊ ငါတောင်သူမကိုမနိင်ဘူး၊ မဟုတ်လို့ရှိရင် အခန်း၇ရဲ့အကိုကြီးကငါဖြစ်နေမှာပေါ့”
“အာ ဒါက”
ရှောင်ချန်ယုမှာ ပါးစပ်အဟောင်းသားဖြစ်သွာသည်။ သူ့စိတ်ထဲ၌... ‘မင်းကတောင်ဒီလောက်ကြမ်းနေတာ သူကမင်းထပ်ပိုစွမ်းသေးတယ်တဲ့လား မင်းတို့ကောင်တွေက ၆နှစ်အရွယ်ကလေးတွေရောဟုတ်ရဲ့လားကွာ’
ရှောင်ဝူက ထန်စန်းနားသို့အလျင်အမြန်ကပ်လာပြီး သူ့ပုခုံးအားပုတ်သည်။ အစ်မကြီးတစ်ယောက်၏ဟန်ပန်မျိုးဖြင့်...
“ရှောင်စန်း နင်ချသွားတာမဆိုးဘူး၊ အလုပ်ကောင်းကောင်းလုပ်ခဲ့တာပဲ”
ထန်စန်းက တဟာဟားရယ်ရင်း...
“ဆရာကငါ့ကိုခေါ်ထားသေးတယ်၊ ကျန်တဲ့ကိစ္စတွေတော့ကိုယ်ဘာသာကိုယ်လုပ်လိုက်တော့၊ ဘာပဲဖြစ်ဖြစ် နင်ကတစ်ကျောင်းလုံးရဲ့အစ်မကြီးဖြစ်သွားပြီမဟုတ်လား”
ရှောင်ဝူက စပ်ဖြီးဖြီးဖြင့် ထန်စန်းပုခုံးအားတစ်ချက်ထုသည်။
“အွန်း ဒါဆိုလဲနင်သွားတော့၊ ကျန်တာငါဆက်လုပ်လိုက်မယ်”
ထို့သို့ပြောပြီးနောက် သူမကရှောင်ချန်ယုအား စိုက်ကြည့်ကာ...
“ဘာလဲ နင်ကမကျေနပ်သေးဘူးလား၊ ကောင်းပြီလေ ဒါဆိုလဲငါ့ကိုယ်ငါမိတ်ဆက်ရတာပေါ့၊ ငါ့နာမည်ကရှောင်ဝူ ပထမနှစ် အလုပ်သင်ကျောင်းသူပဲ၊ စိတ်ဝိညာဉ်က ယုန်၊ အဆင့်၁၂ ဝိညာဉ်သခင် ”
ရှောင်ချန်ယုပင် အသာထား ထန်စန်းပါတုန်လှုပ်သွား၏။ ယခုမှပင် ရှောင်ဝူကသူနှင့်အတူဝိညာဉ်သခင်အဆင့်သို့ရောက်နေသည်မှန်း သူသိလိုက်သည်။ ထို့အပြင် သူ့ထပ်တစ်ဆင့်ပင်မြှင့်နေသေး၏။ သို့သော် သူမအသက်မှာသူနှင့်အတူတူပင်ဖြစ်သောကြောင့် သူမတွင်လည်း ပြည့်ဝဝိညာဉ်စွမ်းအားရှိနေခဲ့သည်လား။
ရှောင်ဝူခန္ဓာကိုယ်မှ အနီရောင်အလင်းကပျံလွင့်လာသည်။ ထို့အလင်းကသူ့ကိုယ်တဝိုက်ဝန်းရံလာပြီး သူမမျက်လုံးလေးများ အနီရောင်သို့ပြောင်းလဲသွား၏။ နားရွက်လေးများကရှည်လာပြီး အမွှေးပွပွလေးများဖြင့်ဖုံးလွှမ်းနေသည်။ အရပ်ကလည်းအနည်းငယ်ရှည်လာပုံရသည်ည်။ နူးညံသော ဝိညာဉ်စွမ်းအားလှိုင်းအားက သူမအားဗဟိုပြု၍ပျံနှံ့လာ၏။ ခြေထောက်အောက်မှ ဝိညာဉ်စက်ဝန်းက ထန်စန်းတုန်းကကဲ့သို့ထွက်ပေါ်လာသည်။ မမျှော်လင့်ထားစွာ ထိုအရာကနှစ်ရာချီသက်တမ်းရှိသော အဝါရောင်ဝိညာဉ်ကွင်းဖြစ်နေသည်။
ရှောင်ချန်ယုက သူ့နဖူးသူပြန်ရိုက်လိုက်ပြီး...
“အစ်မရှောင်ဝူ ကျတော်လက်ခံပါပြီဗျ၊ အခုကစပြီး အစ်မက နော်ဒင်မူလတန်းဝိညာဉ်သခင် သင်တန်းကျောင်းရဲ့အစ်မကြီးပဲ၊ အားလုံးပဲလာကြလာကြ အစ်မရှောင်ဝူကိုလာပြီးနှုတ်ဆက်ကြစမ်း”
ငွေပြာမြက်ပိုင်ရှင် အဆင့်၁၁ ကိရိယာဝိညာဉ်သခင်ကပင်အတော်ကြမ်းနေသည်။ ဤသည်ကအဆင့်၁၂ တိုက်ပွဲဝိညာဉ်သခင်ပင်၊ ထို့အပြင်နှစ်ရာချီဝိညာဉ်ကွင်းလဲပိုင်ဆိုင်ထားသေး၏။ တိုက်ကြည့်စရာပင်မလို ရှောင်ချန်ယုမှာ သူကရှောင်ဝူ၏ပြိုင်ဘက်မဖြစ်နိုင်ကြောင်းချက်ချင်းသိလိုက်သည်။
ရှောင်ဝူက သူမအားဦးညွှတ်ကာအရိုအသေးပေးနေကြသည့်အတန်းကြီးကျောင်းသားများအား ဘဝင်ခိုက်နေသောအပြုံးဖြင့်ကြည့်သည်။ ထို့နောက် သူမဘေးနားမရှိ ထွက်မသွားသေးသော ထန်စန်းအား စူးရဲရဲကြည့်ရင်း...
“နင့်မှာလုပ်စရာရှိတယ်ဆို၊ ဘာလို့မသွားသေးတာလဲ၊ ဘာလဲ နင်မှာပဲ ပြည့်ဝဝိညာဉ်စွမ်းအားရှိရမယ်လို့ သတ်မှတ်ထားလို့လား၊ နင့်မှာတောင်ရှိနေမှတော့ ဘာလို့ငါ့မှာလဲမရှိရမှာလဲ”
ထန်းစန်းမှာ အတွေးလွန်နေရာကနိုးထလာ၏။ ရှောင်ဝူအားသေချာကြည့်ရင်း သူ့လက်ကိုမြှောက်သည်။ သူမ၏အမွေးပွပွဖြစ်နေသော နားရွက်ရှည်လေးများကို ပွတ်သပ်ကြည့်သည်။
“ရှောင်ဝူ ဒီတော့နင်ကတကယ်ပဲ ယုန်ပဲပေါ့”
“နင်……”
နားရွက်ဆိုသည်မှာ ယုန်များ၏အထိမခံသောနေရာဖြစ်သည်။ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းဖြစ်သော်လည်း ထိုအကျိုးသက်ရောက်မှုက ရှောင်ဝူ၏ခန္ဓာကိုယ်နှင့်တွဲလျက်ပါလာသေးသည်သာ၊ မိန်းမငယ်လေး၏ လှပသောမျက်နှာလေးမှာ ပါးနီများချယ်ထားသလို ရဲရဲနီသွား၏။ သူမ၏လက်အားမြှောက်၍ ထန်စန်းအားထုဟန်ပြင်ရာ ထန်စန်းမှာလေကဲ့သို့အလျင်ဖြင့် ထွက်ပြေးရတော့သည်။
ကျန်ရစ်ခဲ့သောရှောင်ဝူမှာ မည်သို့ဖြစ်ကျန်ခဲ့မည်မသိ၊ အကယ်ဒမီမှထန်စန်းထွက်ပြေးလာနိုင်သည့့်အခါ သူ့စိတ်ထဲ၌အကြောင်းအရာတစ်ခုကကြီးစိုးလာ၏။ တခြားအရာများထပ်သူဆရာ၏အဆိပ်ဒါဏ်ရာအားပိုစိုးရိမ်သည်။ ဒီတစ်ခေါက်ခရီး၌ ရလာသောအကျိုးအမြတ်က သူတွေးထားသည်ထပ်ပင်ပိုကောင်းနေသည်။ ဆန်းကြယ်ကောင်းကင်ပညာရပ်၏တစ်ဆို့မှုအားဖြေရှင်းပြီးဖြစ်ရုံမက သူ့ငွေပြာမြက်ကလည်း ချုပ်နှောင်ခြင်းစွမ်းရည်ကိုရရှိခဲ့ရာ သူ့ခွန်အားကအတော်လေးတိုးတက်လာသည်ဟုဆိုနိုင်သည်။ သူ့အနေဖြင့် အဆက်မပြတ်ကြိုစားပါက ဆန်းကြယ်ကောင်းကင်ပညာ၏အဆင့်မြှင့်အဆင့်များသို့ပင်ရောက်နိုင်သည်ဟု သူယုံကြည်၏။ အများဆုံး ၁၀နှစ်တည်းနှင့်ဆန်းကြယ်ကောင်းကင်ပညာ၏အဆင့်၅သို့ရောက်နိုင်ပေလိမ့်မည်။ ထိုအဆင့့်သို့ရောက်ပါက ဆန်းကြယ်ကောင်းကင်းမှတ်တမ်းတွင် ရေးမှတ်ထားသော လက်နက်ပုန်းအသုံးပြုနည်းမဟာကျင့်စဉ်များကိုကျင့်ကြံနိုင်ပြီဖြစ်သည်။
ဤလောကတွင်ဝိညာဉ်ကလန်အများအပြားရှိကြောင်း သူ့ဆရာကပြောခဲ့ဖူးသဖြင့် သူသည်လည်းဒီကမ္ဘာ၌ ထန်ဂိုဏ်းအား အသစ်မှစ၍ပြန်လည်တည်ထောင်နိုင်မည်လား။
တုန်းလျှိုတိုက်ကြီး၌ တုန်းကောင်ကင်အင်ပါယာပင်ဖြစ်စေ လျှိုတောင်ပိုင်းကြယ်အင်ပါယာပင်ဖြစ်စေ၊ မြို့တိုင်း၌ ဝိညာဉ်ခန်းမအားမြို့အမှတ်သင်္ကေတအဖြစ်ဆောက်လုပ်ထားသည်။ ထန်စန်းမှာလမ်းရှိလူတစ်ယောက်အားမေးကြည့်ရုံနှင့်ပင် ဝိညာဉ်ခန်းမအားရှာတွေ့သွား၏။
အလုပ်သင်ကျောင်းသားများ၏ပြဿနာအား ဖြေရှင်းနေရသဖြင့် နေ့မကောင်းသောသူ့ဆရာအား နေ့လည်စာပြင်ပေးရန်နောက်ကျနေမည်စိုးသည်။ ထို့ကြောင့်ဝိညာဉ်ခန်းမရှိရာသို့ ကမန်းကတန်းပြေးသွား၏။
“ဟေ့ ကလေး ဒါကဝိညာဉ်ခန်းမကွ မင်းအရမ်းကာရောပြေးလို့မရဘူး”
ဝိညာဉ်ခန်းမသို့ရောက်ခါနီးတွင်အပေါက်ဝရှိ ဂိတ်စောင့်တစ်ယောက်မှလှမ်းတား၏။
နော်ဒင်မြို့ရှိ ဝိညာဉ်ခန်းမမှာအလွန်ကြီးမားသော လိပ်ခုံးပုံစံအဆောက်အဦးကြီးဖြစ်သည်။ ပေ၂၀ကျော်ခန့်မြင့်ပြီး အထပ်သုံးထပ်ရှိသည်။
အဆောက်အဦးတစ်ခုလုံးမှာ အညိုရောင်ဖြစ်၏။ ဂိတ်ဝ၌ ဓါးရှည်အမှတ်သင်္ကေတအားချိတ်ဆွဲထားသည်။ ဂရန်းမာစတာ၏ရှင်းပြထားမှုကြောင့် ထိုသင်္ကေတ တစ်ခုမှာမည်သည်ကိုဆိုလိုကြောင်းသိသည်။ နော်ဒင်မြို့ရှိ ဝိညာဉ်ခန်းမမှာ အဆင့်အနိမ့်ဆုံးဝိညာဉ်ခန်းမဖြစ်ကြောင်းသိလိုက်၏။
ဤတွင် အခန်း၁၁ပြီး၏။