အပိုင်း ၆၃

“တစ်ခန်းပဲကျန်တော့တာလား”

ထန်စန်းမျက်မှောင်ကြုပ်သွား၏။ ဘ၀နှစ်ခုအတွေ့အကြုံရှိသူဖြစ်သဖြင့် ငယ်စဉ်အချိန်ကရှောင်ဝူနှင့်အိပ်ယာမျှသုံးရခြင်းအပေါ် စိတ်ထဲမထားခဲ့၊ ယခုသူတို့နှစ်ယောက်လုံးအရွယ်ရောက်လာပြီဖြစ်ရာ ယောကျာ်းနှင့်မိန်းမကြားကိစ္စများကို သူရှင်းလင်းစွာနားလည်ပေသည်။ အရင်ဘဝက ထန်ဂိုဏ်း၌သင်ကြားခဲ့ရဘူးသည့် ယောကျာ်းနှင့်မိန်းမ ဆိတ်ကွယ်ရာ၌နီးကပ်စွာထိတွေ့ခြင်းမပြုရဆိုသည့်  စကားအားလည်းမှတ်မိနေသေး၏။

စာရေးက တောင်းပန်ဟန်ဖြင့်ပြန်ပြောသည်။

“အာ ဟုတ်ကဲ့ တစ်ခန်းပဲရှိတော့တာပါ၊ ဒါပေမဲ့ ဆရာတို့အတွက်အဆင်ပြေမှာပါဗျ၊ ကျတော်တို့ရဲ့အခန်းတွေကအကြီးကြီးတွေပဲ၊ ထည့်ထားတဲပရိဘောဂတွေရောဆိုရင် လူနှစ်ယောက်အတွက်တော့ကောင်းကောင်းလုံလောက်ပါတယ်”

ထို့သို့ပြောရင်း စာရေးက ထန်စန်းအားအဓိပ္ပာယ်တစ်မျိုးဖြင့်ကြည့်ကာအချက်ပြသည်။ ထိုအဓိပ္ပာယ်အား စကားဖြင့်ရှင်းပြရန်ပင်မလိုချေ။ သို့သော်ကျတော်တို့၏လူရိုးကြီးထန်စန်းကမည်သို့များသဘောပေါက်မည်နည်း။

ရှောင်ဝူက ခပ်ဖြီးဖြီးပြုံး၍ ပြောသည်။

“တစ်ခန်းထဲဆိုလဲအဆင်ပြေပါတယ်၊ ငါတို့နော်ဒင်​ကျောင်းမှာတုန်းကလဲ အိပ်ဆောင်တစ်ဆောင်ထဲမှာပဲအတူအိပ်ခဲ့ရတာပဲမဟုတ်လား၊ ဒီမှာပိုက်ဆံချွေတာနိုင်ရင် အင်္ကျီလှလှလေးတွေဝယ်လို့ရတယ်လေ”

ထန်စန်းက ကူကယ်ရာမဲ့စွာဖြင့်ခေါင်းကိုယမ်းလိုက်၏။ သူကခေါင်းမာသောလူတစ်ယောက်မဟုတ်၊ အဆိုးဆုံးအနေဖြင့်ကြမ်းပြင်ပေါ်၌ အိပ်ရရုံသာ၊ ညဘက်၌လည်းကျင့်စဉ်ကျင့်ရဦးမည်ဖြစ်သဖြင့် အဆင်ပြေပေသည်။

“ကောင်းပြီလေ ကျတော်တို့ကို အဲ့အခန်းပေးပါ”

စာရေးက ထန်စန်းအားစာရင်းမှတ်၍ အခန်းသော့ပေးရန်လိုက်ရှာနေစဉ်မှာပင် နှောင့်ယှက်လိုသည့်အသံတစ်သံက အဝေးမှပျံလွင့်လာသည်။

“ဒီအခန်းကငါရမှာမဟုတ်ဘူးလား”

ထန်စန်းနှင့်ရှောင်ဝူတို့မှာ တပြိုင်တည်းလှည့်ကြည့်မိလိုက်ကြသည်။ သူတို့နောက်၌ကောင်တာသို့ တွဲလျှောက်လာသော လူသုံးယောက်အားမြင်လိုက်ရ၏။

ယောကျာ်းတစ်ယောက်နှင့်မိန်းမနှစ်ယောက်တို့ပင်၊ ကောင်မလေးနှစ်ယောက်မှာလှပစွာဝတ်ဆင်ထားပြီး ၁၇နှစ် ၁၈နှစ် လောက်ထင်ရသည်။ ပိန်သွယ်သွယ်ရှိ၍ ရှောင်ဝူထပ်စာပါကအနည်းငယ်မျှအရပ်ပိုရှည်သည်။ အံသြစရာကောင်းသည်က သူမတို့မျက်နှာမှာချွတ်စွတ်ပင်တူညီနေကြ၏။ အမြွှာညီအစ်မများဖြစ်ကြပုံရသည်။

သို့သော် ထန်စန်း၏အာရုံက ထိုအလှလေးနှစ်ယောက်ပေါ်တွင်မရှိပေ။ အလယ်တွင်ရှိသော လူက သူ့အာရုံအားဆွဲဆောင်သွား၏။

ထိုလူ၏အရပ်မှာ ၁.၈မီတာခန့်ရှည်လောက်ပေမည်။ သူနှင့်စာပါကခေါင်းတဝက်စာခန့်ပိုရှည်နေ၏။ အသက်သိပ်မကြီးသေး သူ့နောက်တွင်ရပ်နေသော အမြွှာညီအစ်မထပ်ပင်ငယ်သေးပုံရသည်။ ပုခုံးခပ်ကျယ်ကျယ်နှင့်ဖြစ်သည်။ အသွင်အပြင်ကခန့်ညားကာ ပြတ်သားမည့်ပုံပေါ်၏။ သူခေါင်းမှနေ၍ ရွှေအိုရောင်ဆံပင်ရှည်ကြီးက ခါးထိတိုင်စင်းကျနေသည်။ ဆံပင်များကရှုပ်ပွနေခြင်းလည်းမရှိ တ​ဖြောင့်တည်းဖြစ်နေသည်။

အထူးသဖြင့် ထန်စန်းအားဖမ်းစားသွားသည်က ထိုသူ၏မျက်လုံးများပင်။ သူ၏မျက်စိနှစ်ဖက်လုံး၌ သူငယ်အိမ်နှစ်စုံစီရှိကတွဲလျက်တည်ရှိနေသည်။ အပြာရင့်ရင့် မျက်လုံးများမှလာသောအကြည့်များက အေးစက်နေသယောင်၊ နှလုံးသားထဲထိတိုင် အေးခဲစေနိုင်သော ရေခဲလေအလား၊ တဝက်မှေးထားသော မျက်လုံးများမှ နတ်ဆိုးဆန်သောအလင်းကတဖျတ်ဖျတ်လက်နေသည်။ ထိုသူ၏အကြည့်များအောက်တွင် ထန်စန်းမှာသူကိုယ်တစ်ကိုယ်လုံး ဓါးထက်ထက်ဖြင့်ထိုးဖောက်ခြင်းခံရသလို ခံစားလိုက်ရ၏။

ခန့်ညားသောသွင်ပြင်နှင့်ထိုကဲ့သို့ဆန်းကြယ်သောမျက်လုံးအစုံက မည်သည့်နေရာတွင်မဆို လူအများ၏အာရုံစိုက်မှုအားရရှိနိုင်ပေသည်။

ဒီကောင်ကစွမ်းအားကြီးတယ်၊ ထိုကောင်ကိုမြင်မြင်လိုက်ရခြင်း ထန်စန်းခေါင်းထဲသို့ ပထမဆုံးဝင်လာသောအတွေးပင်။

အမြွှာညီအစ်မနှစ်ယောက်က ထိုလူ၏လက်နှစ်ဖက်အားဆွဲဖက်ထား၏။ ထိုသူကထန်စန်းအားသတိမပြုမိ၊ သူ့အကြည့်ကရှောင်ဝူကိုယ်ပေါ်သို့ရောက်သွားသည့်အခါ အနည်းငယ်အံသြသွားပုံရသည်။ သို့သော် ရုတ်တရက်ဖျတ်ခနဲကြည့်လိုက်ခြင်းသာ၊ ထို့ထပ်မပို။

ထိုလူငယ်က ကောင်တာသို့လျှောက်လာ၏။ စာရေးအားကြည့်၍ ပြောသည်။

“မင်းကအခုမှအလုပ်စဝင်တာလား၊ ငါအတွက်အခန်းတစ်ခန်းအမြဲချန်ပေးထားရတာမသိဘူးလား”

စာရေးက ခေတ္တမျှကြောင်အသွားသည်။ သူကစူးစမ်းသည့်ဟန်ဖြင့်မေးသည်။

“ဒီကလူကြီးမင်းက..”

အမြွှာသူငယ်အိမ်ပိုင်သည့် လူငယ်လေးက စိတ်မရှည်တော့သည့်ဟန်ဖြင့်ပြောသည်။

“မင်းတို့ရဲ့မန်နေဂျာကိုခေါ်လိုက်”

ထိုအမြွှာသူငယ်အိမ်ပိုင်သော လူငယ်၏အကြည့်များအောက်တွင် စာရေးမှာ နှလုံးသားထဲမှပင်အေးစက်လာသလို ခံစားမိလိုက်သည်။ ထို့ကြောင့် အတွင်းခန်းသို့ ခပ်သုတ်သုတ်ဝင်ကာသူ့အထက်လူအားသွားခေါ်၏။

ထန်စန်းက အေးစက်စက်လေသံဖြင့်ပြောသည်။

“ဒီကအစ်ကို ကျတော်တို့ကဒီကိုအရင်ရောက်တာနော်”

အမြွှာသူငယ်အိမ်ပိုင်ရှင်လူငယ်က ခေါင်းကိုပင်စောင်းမကြည့်၊ အေးစက်စက်လေသံဖြင့်ပြန်ဖြေ၏။

“အဲ့တော့ ဘာဖြစ်လဲ”
တခြားလူများကို ရှင်းပြဖို့ရန်သောက်ဂရုမစိုက်သည်မှာသူ့အကျင့်ပင်။

ထန်စန်းမှာ အလွယ်တကူစိတ်ဆတ်တတ်သူမဟုတ်ပေ။ သို့သော်ရှောင်ဝူက သူတစ်ပါး၏အနိုင်ကျင့်ခြင်းအား မည်သို့ငြိမ်ခံနေမည်နည်း။ လျှပ်တပြက်အတွင်း ထန်စန်းနားရောက်လာ၏။

“ဘာဖြစ်လဲဟုတ်လား ဒါဆိုရှင်ထွက်သွားလိုက်လေ”

အမြွှာသူငယ်အိမ်ပိုင်ရှင်လူငယ်က ယခုမှပင်ခေါင်းအားစောင်းငှဲ့ကြည့်သည်။ သူ၏နတ်ဆိုကဲ့သို့အေးစက်သောအကြည့်ကရှောင်ဝူ့ပေါ်ကျသွားပြီး ခေါင်းညိတ်သည်။

“ကောင်းတယ်၊ ငါ့ကိုဒီလိုမျိုးပြောရဲတဲ့သူမရှိတာ ဘယ်လောက်တောင်ကြာပြီလဲ၊ မင်းခန္ဓာကိုယ်ပေါ်က ဝိညာဉ်စွမ်းအားအတက်အကျကြောင့် မင်းကဝိညာဉ်သခင်တစ်ဦးမဟုတ်လား၊ ဒါဆိုမင်းတို့နှစ်ယောက်ပေါင်းပြီး ငါ့ကိုရိုက်နိုင်ရင် ငါဒီကနေထွက်သွားပေးမယ်၊ မဟုတ်ရင်တော့ ထွက်သွားတယ်ဆိုတာဘယ်လိုလုပ်ရလဲဆိုတာ မင်းတို့ကသရုပ်ပြပေးပေါ့”

အမြွှာမျက်လုံးပိုင်ရှင်ထံမှ ထိုစကားအားကြားလိုက်သည့်အခါ သူ့ဘေးရှိအမြွှာညီအစ်မနှစ်ယောက်မှာ ပြုံးမိသွားကြ၏။ စိုးရိမ်စိတ်ပင်မရှိ အမြွှာသူငယ်အိမ်ပိုင်ရှင်လူငယ်၏လက်အားလွှတ်ကာ တဖက်သို့ဆုတ်ပေးကြသည်။

ထိုအချိန်မှာပင် အစောကစာရေးက သတ်လတ်ပိုင်းအရွယ်လူတစ်ယောက်နှင့်အတူပြန်ရောက်လာသည်။ ထိုလူကြီးက အမြွှာသူငယ်အိမ်ပိုင်ရှင်နှင့် ထန်စန်း ရှောင်ဝူတို့အကြား ကတောက်ကဆဖြစ်နေသည်ကိုသေချာကြားလိုက်သဖြင့် သူ့အမူအရာကစိုးရိမ်တကြီးဖြစ်သွား၏။

“မချကြပါနဲ့ မချကြပါနဲ့ တိုက်ခိုက်တယ်ဆိုတာဘယ်သူ့အတွက်မှအကျိုးမရှိဘူး”

အမြွှာသူငယ်အိမ်ပိုင်ရှင်က ထိုလူကြီးအား စောင်းပါးရိပ်ချည်ကြည့်၍ပြောသည်။

“အာ မန်နေဂျာဝမ် ဒီနေရာမှာ ခင်ဗျား စီးပွားရေးဆက်လုပ်ချင်သေးလား”

မန်နေဂျာဝမ်က သူနဖူးပေါ်သို့စီးကျလာသော ​ချွေးများကိုသုတ်ရင်း ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေရှာသည်။

“သခင်လေးသိုက် ဒီလိုဖြစ်ရတာသခင်လေးကိုဆန့်ကျင်တာမဟုတ်ရပါဘူး၊ အကုန်လုံးက ဒီအလုပ်သမားလေးရဲ့အပြစ်တွေပါ၊ ဒီကလေးကမနေ့ကမှဒီကိုရောက်တော့ စည်းမျဉ်းတွေကိုမသိသေးဘူ၊ ဦးလေးကိုချမ်းသာပေးပါ ဦးလေးကိုချမ်းသာပေးပါ၊ သခင်လေးအတွက် ချက်ချင်းအခန်းစီစဉ်ပေးမယ်နော်”

ထိုသို့ပြောရင်း မန်နေဂျာဝမ်ဆိုသူက ထန်စန်းနှင့်ရှောင်ဝူအားကြည့်သည်။ သူကတောင်းပန်ဟန်ဖြင့်ပြော၏။

“ဦးလေးကိုဗွေမယူပါနဲ့၊ အဲ့အခန်းက သခင်သိုက်ကြိုယူထားတာမိုလို့ပါ၊ ကျေးဇူးပြုပြီး တခြားတည်းခိုခန်းကိုရှာလိုက်ကြပါလား”

အကယ်၍ ထန်စန်း၏စရိုက်အတိုင်းသာဆိုပါက ဒီကိစ္စအား ဒီတိုင်းထားလိုက်မည်ပင်၊ မြို့ထဲ၌ တည်းခိုခန်းအများအပြားရှိသည်မဟုတ်ပါလား။ တခြားတည်းခိုခန်းသို့ပြောင်းရခြင်းအပေါ်စိတ်ထဲထားနေမည်မဟုတ်။ သို့သော်ရှောင်ဝူမှာမူ လောကကြီးကသောင်းကနင်းဖြစ်သည်ကိုမြင်လေ ပိုပျော်လေဖြစ်သည့်အတွက် မည်သို့အလွယ်တကူအလျှော့ပေးမည်နည်း။

“ကျမတို့က အလျှော့မပေးနိုင်ဘူး၊ အဲ့တော့ဘာဖြစ်လဲ၊ အရှက်မရှိတဲ့လူတွေ၊ ကျမတို့ကငယ်တယ်ဆိုပြီး အနိုင်ကျင့်လို့ရမယ်ထင်လား”

သခင်လေးသိုက်ဆိုသူက ဟွန့်..ဟူသောအသံဖြင့်နှာခေါင်းရှုံ့လိုက်ရင်း...

“မင်းငါ့ကိုကျိန်ဆဲရဲတယ်ပေါ့ အခုအချိန်မှတော့ ထွက်သွားချင်ရင်တောင်မှနောက်ကျသွားပြီ”

“သခင်လေးသိုက် သခင်လေးသိုက် မင်း……”

မန်နေဂျာဝမ်မှာ အလွန်အမင်းစိတ်ညစ်သွားပုံရသည်။ သူမျက်နှာ၌ အသနားခံနေဟန်ဖြင့် သခင်သိုက်ဆိုသူအားကြည့်သည်။

သခင်လေးသိုက်ဆိုသူ၏မျက်လုံးထဲ၌ ခက်ထန်သောအလင်းတစ်ချက်က ဖြတ်ပြေးသွား၏။

“အဓိပ္ပာယ်မရှိတာတွေမပြောနဲ့တော့ အပျက်အဆီးတွေအားလုံးအတွက် ကျုပ်လျော်မယ်”

နော်ဒင်အကယ်ဒမီ၏အစ်မကြီးဘဝနှင့်အသားကျခဲ့သောရှောင်ဝူက တဖက်မှရန်လိုသည့်ဟန်ကိုမြင်သောအခါ ပြေးထွက်၍ရိုက်မည်ပြုသည်။

ထန်စန်းက ရှောင်ဝူ၏ပုခုံးအားလှမ်းဆွဲထားရင်းပြောလိုက်၏။

“အစ်ကို့ကိုလွှဲထားလိုက်”

ရှောင်ဝူက မကျေမနပ်ဟန်ဖြင့်ပြောသည်။

“ဘာလို့လဲ ညီမဘာသာညီမအဲ့အကောင်ကိုသွားရိုက်မယ်၊ သူ့အမေတောင်သူ့ကိုမမှတ်မိစေရဘူး”

ထန်စန်းက မျက်ခုံးတွန့်လိုက်ရင်း ပြောသည်။

“မိန်းကလေးတစ်ယောက်အနေနဲ့ မင်းစကားတွေကို နည်းနည်းလောက်ထိန်းပါဦး၊ အရင်ကအစ်ကိုဘာပြောခဲ့လဲ အစ်ကိုမင်းကိုကာကွယ်မယ်လို့ပြောခဲ့တယ်မဟုတ်လား၊ ဒါကယောကျာ်းတွေကြားကတိုက်ပွဲပဲ”

တဖက်တွင်ရန်သူက စွမ်းအားကြီးသည်ဟုသူခံစားမိသဖြင့် ရှောင်ဝူအား အရင်ထွက်စေမည်မဟုတ်။ ရှောင်ဝူထိခိုက်သွားမည်အား သူကြောက်မိ၏။ သူ့ရှေ့ထွက်ရသည့် ဒုတိယအကြောင်းပြချက်လည်းရှိပေသေးသည်။ အကယ်၍ သူတို့ရှုံးနိမ့်သွားခဲ့ပါက ကိုယ့်အရှက်ကိုယ်ခွဲသလိုဖြစ်သွားပေမည်။ တဖက်ရှိလူများမှ ရှောင်ဝူအားအရှက်မခွဲနိုင်စေရ။ 

Popular posts from this blog

အပိုင်း ၇၀

အပိုင်း ၆၉

အခန်း ၁၅ နှစ်တစ်ထောင်ဝိညာဉ်ကွင်း၏စွမ်းရည် ကျားဖြူဗာဂျရာအသွင်ပြောင်းခြင်း အပိုင်း၆၇