အပိုင်း ၄၆
ထန်စန်းမှာမူ ဆန်းကြယ်ကောင်းကင်ရတနာမှတ်တမ်းအားပိုင်ဆိုင်ထားသည်ဖြစ်ရာ သူ၏ကျင့်ကြံခြင်းအခြေခံနှင့်အမြန်နှုန်းမှာ ဝိညာဉ်သခင်အများစုထပ်သာမည်မှာအမှန်ပင်၊ ဂရန်းမာစတာပြောစကားကြောင့် ဤလောကရှိကျင့်ကြံခြင်းနည်းစနစ်များကိုလေ့လာကြည့်သည့်အခါ ကိုယ်တွင်းစွမ်းအင်ကျင့်စဥ်များနှင့်အတော်လေးဆင်တူနေသည်ကိုသတိထားမိလိုက်၏။ ဤကဲ့သို့ကျင့်စဥ်နည်းစနစ်တစ်ခုအားထုတ်ဖော်နိုင်ရန် ဂရန်းမာစတာမှာ အချိန်မည်မျှသုံး၍ကြိုးပမ်းအားထုတ်ခဲ့ရမည်နည်း။ သို့သော်ထိုကျင့်စဥ်မှာ ထန်စန်း၏လက်ရှိကျင့်စဥ်နည်းစနစ်အားမယှဥ်နိုင်ပေ။ သိထားရမည်က ဆန်းကြယ်ကောင်းကင်ပညာရပ်မှာ ထန်ဂိုဏ်းအဆက်ဆက်မရေမတွက်နိုင်သောဘိုးဘေးများ၏ သွေးချွေးများဖြင့်ဖန်တီးခဲ့ရသောကျင့်စဥ်ပညာရပ်ဖြစ်သည်။ ဂရန်းမာစတာမှာမူ တစ်ယောက်တည်းသာဖန်တီးခဲ့ရခြင်းဖြစ်၏။
“ပြီးတော့ မင်းအခုနော်ဒင်မြို့ရဲ့ဝိညာဉ်ခန်းမကိုသွားလို့ရပြီ၊ မြို့လယ်မှာရှိတယ်၊ နေရာအတိအကျကတော့ လမ်းတွေ့တဲ့လူကိုမေးသွားပေါ့၊ ဝိညာဉ်သခင်ဖြစ်ကြောင်း အထောက်အထားရဖို့ မင်းအဲ့ကိုသွားရမယ်၊သူတို့ကမင်းရဲ့ဝိညာဉ်စွမ်းအားကိုစစ်ဆေးပြီး ဝိညာဉ်ခန်းမရဲ့တရားဝင်မှတ်ပုံတင်ထုတ်ပေးလိမ့်မယ်၊ ဒါဆိုမင်းအနေနဲ့လစဥ်ထောက်ပံ့ကြေးထုတ်နိုင်ပြီ၊ အလုပ်သင်ကျောင်းသားအဖြစ် အလုပ်တွေဆက်လုပ်နေစရာမလိုတော့ဘူးပေါ့”
ဂရန်းမာစတာပေးသော စာအုပ်အား ထန်စန်းက လရောင်ဆမ်းတံတား ၂၄စင်းထဲ ဂရုတစိုက်ဖြင့်ထည့်သိမ်းထားလိုက်သည်။ လရောင်ဆမ်းတံတား ၂၄စင်းအားမည်သည့်အရာဖြင့် ပြုလုပ်ထားမှန်းမသိသော်လည် ထိုအရာကအလွန်အကြမ်းခံကာ ပျော့ပျောင်းလှ၏။ ချီစွမ်းအင်အားသုံး၍ ခါးပတ်၏အရွယ်အစားအားလည် လိုသလိုကျုံနိုင် ဆန့်နိုင်သည်။ မဟုတ်ပါက ထန်စန်း၏ကလေးအရွယ်ခန္ဓာကိုယ်ဖြင့် ခါးပတ်မှာမည်သို့တော်မည်နည်း။
ယခုဆိုလျှင် ထန်စန်းကဂရန်းမာစတာပေးထားသော ခါးပတ်အားကျောင်းဝတ်စုံနှင့်တွဲလျက်ဝတ်ဆင်ထားသည်။ သူ့တစ်ကိုယ်လုံးရှိ ချီ-စိတ်ဝိညာဉ်-အသွင်အပြင်အပြင်တို့မှာ နော်ဒင်အကယ်ဒမီသို့ရောက်ရောက်လာချင်းကနှင့်မတူပဲ ကွာခြားသွားပြီဖြစ်၏။ ထိုအခြင်းအရာအား ‘အဝတ်အစားကလူအားပြောင်းလဲသွားစေသည်’ဟုခေါ်ဆိုပေသည်။ ထန်စန်း၏ပုံစံမှာအရမ်းကြီးမခန့်ညားသော်လည်း သပ်ရပ်သောအဝတ်အစားများကြောင့် လူအများအားလန်းဆန်းသောခံစားချက်ကိုပေးစွမ်း၏။
“ဆရာ ခဏလောက်နားလိုက်ဦး၊ ကျတော်သွားလိုက်ဦးမယ်၊ နေ့လည်ကျဆရာ့အတွက် စားစရာယူလာခဲ့မယ်လေ”
ဂရန်းမာစတာ၏အခန်းမှထွက်လာပြီးနောက် ထန်စန်းမှာ အတန်းဆင်းခေါင်းလောင်သံအားကြားလိုက်ရ၏။ နော်ဒင်မူလတန်းကျောင်း၏အတန်းချိန်များမှာ သိပ်မကြာပါချေ။နေ့လည်ပိုင်းအတန်းမစခင်ကြားထဲ၌ ထမင်းစားရန်နာရီဝက်အချိန်ပေးထားသည်။
အတန်းဆင်းခေါင်းလောင်းသံကိုကြားလိုက်သည့့်အခါ ထန်စန်းကအိပ်ဆောင်သို့ပြန်၍ သူ့သူငယ်ချင်းများကိုနှုတ်ဆက်ရန်စဉ်းစားလိုက်၏။ သူပြန်ရောက်လာကြောင်း သူတို့အားအသိပေးရမည်ပင်။
သို့သော် အိပ်ဆောင်သို့သူပြန်ရောက်သည့်အခါ အလွန်အမင်းအံသြသွား၏။ အိပ်ဆောင်ကလုံးဝကိုပြောင်ရှင်းနေသည်။ ကြွက်တစ်ကောင်ကြောင်တမီးပင်မတွေ့ရ၊ သူ့အိပ်ယာမှာတော့သူထားခဲ့သည့်အတိုင်းပင်၊ ရှောင်ဝူအဝတ်ထုပ်များက အိပ်ယာအလယ်၌ရှိနေဆဲဖြစ်၏။
အတန်းဆင်းသွားတာတောင် တစ်ယောက်မှပြန်မလာဘူးလား၊ ထန်စန်း စိတ်ထဲသံသယဝင်လာသည်။ အိပ်ဆောင်မှ လှည့်ထွက်လာပြီး အားကစားကွင်းသို့ ဦးတည်လိုက်၏။
အပြင်ဘက်တွင် အိပ်ဆောင်သို့ပြန်လာနေသောကျောင်းသားတစ်ယောက်စနှစ်ယောက်စသာရှိသည်။ ဂရန်းမာစတာညွှန်ကြားထားသည့်အတိုင်း ဝိညာဉ်ခန်းမ၌မှတ်ပုံတင်ရန် ထန်စန်းပထမဆုံစဉ်းစားလိုက်၏။ ရုတ်တရက် ထိုအဆင့်မြှင့်ကျောင်းသားများထံမှ ‘အလုပ်သင်ကျောင်းသားတွေ’ ဆိုသောစကားလုံးအား ထန်စန်းခပ်ယဲ့ယဲ့ကြားလိုက်ရသည်။
ကိုယ်တွင်းစွမ််းအင်၏အကူအညီကြောင့် မည်သည့်အရပ်မှအသံဖြစ်ကြောင်း သူသိလိုက်သည်။
အလျင်အမြန်အာရုံစိုက်ကာ သူတို့စကားဝိုင်းအားခိုးနားထောင်လိုက်၏။
“အဲ့အလုပ်သင်ကျောင်းသားတွေက သူတို့ကိုယ်သူတို့အထင်ကြီးလွန်းနေတာပဲကွ၊ ဆဋ္ဌမနှစ်ကျောင်းသားဖြစ်တဲ့ ခေါင်းဆောင်ရှောင်ကိုတောင်စိန်ခေါ်ရဲသေးတယ်၊ ငါထင်တယ်ကွာ မနက်ဖြန်ကျရင် အလုပ်သင်ကျောင်းသားတွေရဲ့အရိပ်ကိုတောင်မြင်ရမှာမဟုတ်ဘူး”
“ပြောစရာတောင်မလိုဘူး၊ အလုပ်သင်ကျောင်းသားတွေကနောက်ခံလေးနည်းနည်းရှိတာနဲ့ငါတို့အကယ်ဒမီရဲ့ သခင်လေးကို လာစိန်ခေါ်ရဲသေးတယ်၊ သူတို့တွေကတောင်ပြောသေးတယ်၊ ပထမနှစ်က အလုပ်သင်ကျောင်းသူကောင်မလေးတစ်ယောက်ကအရမ်းကြမ်းတယ်ဆိုပဲ၊ အလုပ်သင်ကျောင်းသားတွေအကုန်လုံး အဲ့ကောင်မလေးကို အစ်မရှောင်ဝူလို့ခေါ်ကြတယ်တဲ့၊ ဒီတစ်ခေါက်ဖြစ်ရပ်က သူတို့ကိုရန်စဖို့အခွင့်အရေးပေးလိုက်သလိုဖြစ်သွားတယ်၊ ဒါပေမဲ့ သူတို့လောင်းကြေးကတော့ရှယ်ကြမ်းတယ်နော်၊ တကယ်လို့ခေါင်းဆောင်ရှောင်နိုင်ရင် အလုပ်သင်ကျောင်းသားတွေကိုအကုန်လုံးက သူ့အစေခံတွေဖြစိလာရမယ်တဲ့၊ အစ်မရှောင်ဝူနိုင်ရင်တော့ သူမကတစ်ကျောင်းလုံးရဲ့အစ်မကြီးဖြစ်လာလိမ့်မယ်”
“အလုပ်သင်ကျောင်းသားတွေကတော့ သေချင်နေကြတာပဲ၊ပထမနှစ်ကျောင်းသူတစ်ယောက် ကဘယ်လောက်များအစွမ်းရှိမှာမို့လဲ၊ ခေါင်းဆောင်ရှောင် ဆဋ္ဌမနှစ်ကျောင်းသားတွေထဲမှာတောင် နည်းနည်းပဲရှိတဲ့ ဝိညာဉ်သခင်အဆင့်ကိုရောက်ထားတဲ့သူပဲ၊ ကြည့်ရတာခေါင်းဆောင်ရှောင်ကတော့ အစေခံတွေတပြုံတခေါင်းကြီးရတော့မယ်နဲ့တူတယ်”
အဆင့်မြှင့်ကျောင်းသားများမှ ထိုစကားကိုကြားလိုက်သည့်အခိုက် ထန်စန်းနှလုံးသားထဲ၌တင်းကြပ်သွားသည်။ ရှောင်ဝူနှင့်သိသည်မှာသိပ်မကြာသေးသော်လည်း ရှောင်ဝူ၏စရိုက်အကြောင်းသူကောင်းကောင်းနားလည်၏။ ထိုချစ်ဖို့ကောင်းသောကောင်မလေးက အမြင်အတိုင်းမနူးညံ့မပျော့ပြောင်းပေ၊ ဆန့်ကျင်ဘက်အနေဖြင့် အကျိုးသင့်အကြောင်းသင့်မဟုတ် အရိုင်းမလေးသာ၊ အလုပ်သင်ကျောင်းသားများမှာ မကြာခဏအနိုင်ကျင့်ခံရည်ဟု ဝမ်ရှန်းပြေားဖူးသည်ကိုအမှတ်ရလိုက်သည်။ ထိုကျောင်းသားနှစ်ဦး၏ပြောစကားအရ ထိုအချင်းအရာမှာ အမှန်ဖြစ်ပုံရ၏။
ထန်စန်းသည်လည်း အလုပ်သင်ကျောင်းသားတစ်ဦးပင်ဖြစ်သော်ကြောင့် သူ့အတန်းဖော်များအနိုင်ကျင့်ခံနေရသည်ကိုရပ်မကြည့်နိုင်ပေ။
“ဟိုကစီနီယာနှစ်ယောက် ခေါင်းဆောင်ရှောင်နဲ့ အဲ့အလုပ်သင်ကျောင်းသားတွေကဘယ်နေရာမှာလဲဗျ”
ထိုကျောင်းသားနှစ်ယောက်အား ထန်စန်းလှမ်းမေးသည်။
ကျောင်းသားနှစ်ယောက် ခဏကြက်သေသေသွား၏။ ဘယ်ဘက်တွင်ရှိသောကျောင်းသားကပြောသည်။
“ဘာလဲ မင်းကလဲဝင်ပါချင်လိူ့လား၊ ခေါင်းဆောင်ရှောင်မှာလူပြည့်နေပြီကွ၊ မင်းကြည့်ရတာ ဒုတိယနှစ် တတိယနှစ်လောက်ပဲရှိသေးပုံပေါ်တယ်၊ အဲ့နားကိုမသွားနဲ့ အန္တရာယ်များတယ် မတော်တဆဒဏ်ရာရသွားဦးမယ်”
ထန်စန်း၏သပ်ရပ်သောအဝတ်အစားနှင့် ခါးရှိအရည်အသွေးကောင်းသောခါးပတ်တို့ကြောင့် ထိုကျောင်းသားနှစ်ယောက်မှာ ထန်စန်းအားအလုပ်သင်ကျောင်းသားဟုမထင်မိကြပါချေ။
“စီနီယာတို့ ကျတော်ခမ်းလှမ်းလှမ်းကပဲကြည့်မှာပါဗျ”
မလိုအပ်ပဲ သူကအလုပ်သင်ကျောင်းသားဖြစ်ကြောင်း ထန်စန်းပြောပြနေမည်မဟုတ်။
“အေးပါကွာ တားမရတော့လဲသွားပေါ့ သူတို့ကကျောင်းနောက်ကတောထဲမှာရှိတဲ့တောင်ပေါ်မှာယှဉ်ချကြမှာတဲ့”
သတင်းအတိအကျရောက်ပြီးနောက် ထန်စန်းစကားစဖြတ်၍ ကျောင်းအနီးရှိတောအုပ်ထဲသို့ အလျင်အမြန်ပြေးသွားလိုက်၏။
ကျောင်းအနောက်ရှိတောင်ဟုခေါ်သော်လည်း ထိုနေရာမှာ နော်ဒင်အကယ်ဒမီဝန်းအတွင်းရှိနေခြင်းမဟုတ်၊ ကျောင်းအပြင်ဘက်ရှိတောင်ကုန်းလေးတစ်ခုသာဖြစ်သည်။ အနားတွင်မည်သူမှမရှိသောကြောင့် တစ္ဆေအရိပ်ခြေလှမ်းဖြင့် တောင်ကုန်းပေါ်သိို့ အားကုန်ပြေးသွားလိုက်သည်။
တောအုပ်မှာအလွန်တိတ်ဆိတ်နေ၏။ သို့သော်ငြိမ်းချမ်းနေသည်တော့မဟုတ်၊ ပတ်ဝန်းကျင်ရှိလေထုမှာ တိုက်ပွဲဖြစ်မည့်အရိပ်အယောင်များဖုံးလွှမ်းနေသည်။
ထန်စန်းမှလွဲ၍ အလုပ်သင်ကျောင်းသားအကုန်လုံးကရှောင်ဝူနောက်၌တန်းစီရပ်နေကြသည်။ သူတိ့ရှေ့တွင် နှစ်ပေါင်းစုံမှအဆင်မြှင့်ကျောင်းသားနှစ်ဆယ်ကျော်ရှိသောအုပ်စုတစ်ခုကရှိနေ၏။
ထိုအုပ်စုအား နော်ဒင်အကယ်ဒမီဝတ်စုံဖြင့်ကျောင်းသားတစ်ဦးက ဦးဆောင်သည်။ ထိုလူငယ်ကကိုယ်လုံးကိုယ်ပေါက်အနည်းငယ်ကြီး၍ အရပ်ရှည်သည်။ ကလေးဆန်သောမျက်နှာပေါက်ကကျန်ရှိနေသေးသော်လည်း အရွယ်ရောက်မည့်အရိပ်အငွေ့များကမူပေါ်နေပြီဖြစ်၏။ ရှောင်ဝူနှင့်ယှဥ်ပါက သူ့ခန္ဓာကိုယ်မှာထက်ဝက်မျှပိုကြီးနေသည်။ အသွင်အပြင်ကတော့ ခန့်ညားရည်မွန်ပုံရ၏။ တစ်ခုသာ သူ့မျက်နှာရှိသူတစ်ပါးအားအထင်အမြင်သေးသော ပုံစံကသာ နဂိုမူလရုပ်ခံအားဖျက်နေခြင်းဖြစ်သည်။
“ကလေးမလေး မင်းနောက်ဆုတ်ဖို့အချိန်ရှိသေးတယ်နော်၊ အမှန်တော့ငါ့မှာအိမ်မွေးယုန်လေးရှိရင်လဲမဆိုးလှပါဘူး၊ မင်းရဲ့စိတ်ဝိညာဉ်က ယုန်ဆိုတာဟုတ်တယ်မလား”