အခန်း ၁၄ နတ်ဆိုးမျက်လုံးကျားဖြူ သိုက်မုပိုင်အပိုင်း ၆၁

ထန်စန်းကခပ်ဖွဖွပြုံး၍ ပြောသည်။

“အစ်ကိုကတော့ဒါကို မြှားငယ်ပစ်ကိရိယာလို့ခေါ်တယ်၊ အသံတိတ်မြှားလို့လဲသိကြတယ်၊ သူ့ထဲမှာမြှားတိုလေးသုံးချောင်းပါတယ်၊ ညီမခလုတ်နှိပ်ရုံနဲ့ပစ်လွှတ်ပြီးသားပဲ၊ တစ်ချောင်းချင်းပစ်ချင်လဲရသလို သုံးချောင်းလုံးတစ်ခါတည်းတန်းပစ်ချင်လဲရတယ်၊ ပစ်လွှတ်လိုက်တဲ့အခါထွက်တဲ့အသံက အရမ်းကိုတိုးလွန်းတာကြောင့် ရန်သူအနေနဲ့သတိပြုမိဖို့မဖြစ်နိုင်ဘူး၊ ဒါကြောင့်ပဲ ခမ်လှမ်းလှမ်းကရန်သူနဲ့ရင်ဆိုင်ရတဲ့အခါ ဒါကအတော်လေးကိုအသုံးဝင်တယ်”

ထန်စန်း၏ရှင်းပြချက်ကိုကြားပြီးနောက် ရှောင်ဝူကအံအားသင့်ဟန်ဖြင့်...

“ညီမတို့နှစ်ယောက်လက်ရည်စမ်းကြတုန်းက အစ်ကိုဒါမျိုးသုံးတာ ညီမတစ်ခါမှမမြင်ဖူးပါဘူး”

ထန်စန်းက နူးညံ့စွာပြုံး၍ပြန်ဖြေသည်။

“ငတုံးမလေး အစ်ကိုတို့ကကျောင်းသားတွေလေ၊ ပြီးတော့ သူငယ်ချင်းအချင်းချင်း လက်ရည်စမ်းကြတာပဲ ဒီလိုသေစေနိုင်လောက်တဲ့လက်နက်မျိုးထုတ်သုံးစရာလား၊ ပြီးတော့ညီမမှတ်မိသေးလား အစ်ကိုညီမကိုကျောက်စရစ်ခဲလေးတွေနဲ့ပစ်ပေါက်တုန်းကလေ၊ ညီမကိုထိသွားတာက မတော်တဆတိုက်ဆိုင်တာလို့ထင်နေတာလို့ထင်နေတာလား၊ ခနအစ်ကိုလုပ်ပြမယ်၊ ဟိုနားကခြင်ကိုမြင်တယ်မို့လား”

ထန်စန်းညွှန်ပြသည့်နေရာအား ရှောင်ဝူ့မျက်လုံးများကရောက်သွား၏။ သူတို့အနားသုံးမီတာအကွာ၌ ခြင်တစ်ကောင်တဝီဝီဖြင့်ပျံသန်းနေသည်ကို မြင်နိုင်သည်။ လရောင်၏အားဖြည့်မှုဖြင့်ပင် သေချာမကြည့်ပါက ထိုခြင်အားမြင်နိုင်ရန်ခက်ခဲလှပေသည်။

“အဲ့ခြင်ကိုမသေစေဘဲ ဘယ်တောင်ပံကိုပဲထိအောင် အစ်ကိုကပစ်ပြနိုင်တယ်လို့ပြောရင် ညီမယုံမလား”

ရှောင်ဝူက သူပြောသည်အားမယုံဟန်ဖြင့်စိုက်ကြည့်သည်။

“အစ်ကိုနောက်နေတာလား”

ခရမ်းရောင်အလင်းက ထန်စန်းမျက်လုံးထဲ၌ လျက်တပြက်လက်သွား၏။ သူ့ညာလက်ကိုဆတ်ခနဲမြှောက်လိုက်ရင်း အရိပ်သေးသေးတစ်ခုကပြေးထွက်သွားသည်။ ထိုခြင်အားထိမှန်ကာပျောက်ကွယ်သွားစေသည်။

ထန်စန်းကရှောင်ဝူ့လက်ကိုဆွဲရင်း...

“အစ်ကို့နောက်လိုက်ခဲ့”

ရှောင်ဝူ့အားတွဲခေါ်ရင်း သစ်ပင်ကြီးတစ်ပင်ရှေ့သို့ရောက်သွားကြသည်။ ထန်စန်းညွှန်ပြစရာပင်မလိုချေ။ ထိုသစ်ပင်၏ပင်စည်၌အပ်ရှည်တစ်ချောင်းစိုက်ဝင်နေသည်ကို ရှောင်ဝူကလှမ်းမြင်လိုက်၏။ ကြယ်ရောင်ကြောင့် ထိုအပ်မှာတဖျတ်ဖျတ်လက်နေသည်။

အပ်စိုက်မိရာ ပင်စည်၌တစ်စုံတစ်ရာက ရုန်းကန်နေပုံရသည်။

ခေါင်းကိုငုံရင်းရှောင်ဝူကသေချာကြည့်လိုက်၏။    အလန့်တကြားဖြစ်သွားဟန်ဖြင့် အာ့..ဟုသောအသံပင်ထွက်ပေါ်လာသည်။ အပ်အောက်တွင်ရှိနေသည်မှာ အစောကတွေ့ခဲ့သည့်ခြင်ပင်၊ အပ်ဖျားကတိကျစွာဖြင့် ဘယ်တောင်ပံအားစိုက်ဝင်နေ၏။ ထိုခြင်လေးကအသည်းအသန်ရုန်းကန်နေသည်။ အသက်အန္တရာယ်မရှိသည်မှာ အသေအချာပင်။

“ဒါ...အစ်ကို ဘယ်လိုလုပ်လိုက်တာတုန်း”

အံသြတကြီးဖြင့်ရှောင်ဝူက ထန်စန်းအားကြည့်သည်။ အကယ်၍သူမသာ ထန်စန်းနှင့်အချိန်အကြာကြီး ဆက်ဆံဖူးသည်မဟုတ်ပါက ဤအချင်းအရာအားကြိုတင်ပြင်ဆင်ထားသည်ဟုထင်ပေမည်သာ။

ထန်စန်းကအပ်အားပြန်ဆွဲနှုတ်လိုက်သည်။ လက်တစ်ချက်ဝှေ့လိုက်ရာ ထိုအပ်မှာသူ့လက်ထဲ၌ပျောက်ကွယ်သွား၏။

“ဒါကအစ်ကိုရဲ့လျှို့ဝှက်ချက်ပဲ၊ လက်နက်ပုန်းလို့ခေါ်တယ်၊ အဖေတောင်မှဒီကိစ္စကိုမသိဘူး၊ ညီမကိုပဲပြောပြထားတာ အခုအစ်ကို့မှာ ညီမလေးကိုကာကွယ်ဖို့စွမ်းအားရှိတယ်ဆိုတာယုံပြီလား”

ရှောင်ဝူမှာ သူမ၏ထုံးစံအတိုင်း ပစ္စည်းအသစ်များဆိုလျှင်စိတ်ဝင်စား၏။ သူမက ထန်စန်း၏လက်အားယမ်းရင်း...

“အစ်ကိုကြီး...အစ်ကိုကြီး...အဲ့လိုလုပ်တတ်အောင် ညီမလေးကိုသင်ပေးပါလား”

ထန်စန်းက ခပ်ချဉ်ချဉ်ပြုံးရင်းပြောသည်။

“မင်းရဲ့ဒေါသကြီးပုံနဲ့ဆို လက်နက်ပုန်းပစ်နည်းသာတတ်သွားကြည့်ပါလား၊ လူဘယ်နှစ်ယောက်ဒုက္ခရောက်သွားမလဲမသိဘူး၊ ပြီးတော့ လက်နက်ပုန်းပညာဆိုတာ တစ်ညတည်းနဲ့လေ့ကျင့်လို့ရတာမဟုတ်ဘူး၊ အစ်ကိုမင်းကိုပေးလိုက်တဲ့ မြှားငယ်ပစ်ကိရိယာကလည်း လက်နက်ပုန်းတစ်မျိုးပဲ၊ အဲ့ဒါကိုပဲ အရင်ဆုံးသုံးနှင့်”

ထန်ဂိုဏ်း၏လက်နက်ပုန်းကျင့်စဉ်များမှာ မလွယ်ကူချေ။ ပထမဦးစွာ ဆန်းကြယ်ကောင်းကင်ပညာကိုသုံး၍ အခြေခံအားတည်ဆောက်ရပေမည်။ ရှောင်ဝူ၏ဝိညာဉ်စွမ်းအားအဆင့်မှာ အတော်မြှင့်နေပြီဖြစ်သဖြင့် ဆန်းကြယ်ကောင်ကင်ပညာအား အခြေခံအဖြစ်သုံးရန် လုံးဝမဖြစ်နိုင်တော့ပေ။ ထန်စန်းစိတ််၌ ရှောင်ဝူအတွက်ကြိုစဉ်းစားပြီးပြီဖြစ်၏။ သူမအလွယ်တကူအသုံးပြုနိုင်အောင် စက်တပ်လက်နက်ပုန်းများကိုသာ ဖန်တီးပေးမည်။ ထိုမျှလောက်ဆိုလျှင် လုံလောက်ပြီဟုဆိုနိုင်သည်။

ထန်စန်းက မြှားငယ်ပစ်ကိရိယာအား ရှောင်ဝူ့ဘယ်လက်၌ကိုယ်တိုင်တပ်ပေးလိုက်သည်။ အနည်းငယ်ချိန်ညှိပြီးနောက် ရှောင်ဝူ့လက်ကောက်၀တ်၌အတော်ပင်ဖြစ်သွား၏။ ထိုမြှားပစ်ကိရိယာသုံးနည်းအား ရှောင်ဝူကိုတစ်ကြိမ်ရှင်းပြပြီးနောက် သူမဟာသူမ စမ်းသပ်ကြည့်စေသည်။ ရတနာတစ်ခုကောက်ရသွားသကဲ့သို့ ရှောင်ဝူမှာသူမဘာသာသူမ စမ်းသပ်ကြည့်ရင်း​ပျော်ရွှင်နေတော့၏။

တဖက်တွင်ရှိသော ရှောင်ဝူကသူမ၏ကစားစရာအသစ်လေးအားစမ်းသပ်ကြည့်နေသည်။ ထန်စန်းက ခေါင်းကိုမော့ကာ ညကောင်းကင်ယံရှိကြယ်များကိုငေးကြည်ရင်း တီးတိုးရေရွတ်လိုက်သည်။

“အဖေ ကျတော်အဖေ့အနားမှာရှိနေရင် မသန်မာလာမှာစိုးလို့ အဖေထွက်သွားတာလား၊ အဖေစောင့်နေပါ၊ သားကျင့်စဉ်ကိုကြိုးကြိုးစားစားလေ့ကျင့်ပြီး စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်အောင်လုပ်မယ်၊ တစ်နေ့ကျ အဖေဂုဏ်ယူရတဲ့သားတစ်ယောက်ဖြစ်လာစေရပါ့မယ်”

“ထန်ဂိုဏ်း...ငါမင်းဆီကနေထွက်လာခဲ့တာ ​၆နှစ်တောင်ကြာခဲ့ပြီပဲ၊ ဒါပေမဲ့ ထန်ဂိုဏ်းရဲ့ဂိုဏ်းသားတစ်ဦးအနေနဲ့ ဒီတုန်းလျှိုတိုက်ကြီးမှာလည်း ထန်ဂိုဏ်းကိုပြန်လည်မြင့်တက်လာအောင်လုပ်ပေးမယ်လို့ ကတိပေးပါတယ်”

ထိုစကားကိုပြောရင်း သူ့လက်တစ်စုံမှ အဖြူရောင်အလင်းက ညကောင်းကင်ယံသို့ထွက်ခွာသွားသည်။ တောက်ပသောအလင်းချည်မျှင်များစုပေါင်းထားသည့်အလား၊ တချိန်တည်းမှာပင် ထန်စန်း၏မျက်လုံးထဲ၌ ခရမ်းရောင်အလင်းကလင်းလက်သွားတော့၏။

……

ငါးနှစ်ကြာပြီးနောက်...

ဘဲလက်တိုင်းပြည်၊ ထိုတိုင်းပြည်မှာ တုန်းကောင်းကင်အင်ပါယာ၏တောင်ဘက်ပိုင်းတွင်တည်ရှိပြီး ဖာဆီနိုစီရင်စုနှင့်နယ်နိမိတ်ခြင်းထိစပ်နေသည်။ တိုင်းပြည်၏အကျယ်အဝန်းမှာ ဖာဆီနိုစီရင်စု၏လေးပုံသုံးပုံမျှကျယ်ဝန်းပြီး တုန်းကောင်းကင်အင်ပါယာ၏လက်အောက်ခံနိုင်ငံလည်းဖြစ်၏။ တုန်းကောင်းကင်အင်ပါယာ၏ပတ်လည်ရှိ တိုင်ပြည်လေးခုအတွင်း တစ်ခုအပါအဝင်လဲဖြစ်သည်။ ဘဲလက်တိုင်းပြည်၏ဘုရင်ခံမှာ လက်ရှိ တုန်းကောင်းကင်အင်ပါယာ ဘုရင်မင်းမြတ်အာကူလာ၏ညီဝမ်းကွဲပင်တည်း။

ဘဲလက်တိုင်းပြည်၏တောင်ဘက်၌ လျှိုတောင်ပိုင်းကြယ်အင်ပါယာနှင့်နယ်နိမတ်ခြင်းထိစပ်နေသည်။ တုန်းကောင်းကင်အင်ပါယာ၏တိုင်းပြည်လေးခုအနက် ဘဲလက်တိုင်းပြည်မှာစစ်သည်အင်အားအတောင့်တင်းဆုံးပင်၊ တုန်းကောင်းကင်အင်ပါယာ၏မဟာခံတပ်တိုင်းပြည်ဟုလည်းခေါ်ဆိုကြ၏။

တုန်းကောင်းကင်အင်ပါယာ၌ မူလကစီရင်စု၁၀ခုရှိသော်လည်း နောက်ပိုင်း၌ တိုင်းပြည်လေးခုအားခွဲခြမ်းပေးကာအုပ်ချုပ်စေသည်။ အင်ပါယာက စီရင်စု၅ခုအားတိုက်ရိုက်အုပ်ချုပ်၍ လက်အောက်ခံတိုင်းပြည်လေးခုက စီရင်စု၁ခုစီအားအုပ်ချုပ်ရသည်။ ကျန်ရှိသော အင်ပါယာ၏အရှေ့ဘက်ရှိစီရင်စုလေးအား အင်ပါယာမှခန့်အပ်သော မြို့စားတစ်ပါးအားပိုင်စားစေသည်။

အပေါ်ယံကြည့်ပါက တိုင်းပြည်လေးခုနှင့်မြို့စားအင်အားစုတို့မှာ အင်ပါယာ၏စည်းမျဉ်းများအတိုင်းလိုက်နာဟန်ရှိသော်လည်း နှစ်ပေါင်းများစွာကြာပြီးသော အခါသူတို့မှာ နိုင်ငံကြီးအတွင်းမှ နိုင်ငံငယ်လေးများပင်ဖြစ်လာကြသည်။ ပင်မတိုင်းပြည်အား လက်ဆောင်ပဏ္ဍာမဆက်သရသည်ရှိသောကြောင့် အမှီအခိုကင်းသောတိုင်းပြည်များပင်ဖြစ်နေကြ၏။ အကယ်၍ တုန်းကောင်းကင်အင်ပါယာတော်ဝင်မိသားစုကသာ စစ်သည်အင်အားအများအပြားကိုထိန်းချုပ်ထားနိုင်ခြင်းမရှိခဲ့ပါက နိုင်ငံအတွင်းပုန်ကန်မှုများမှာ အစောကြီးကတည်းကပင်ဖြစ်ပြီးဖြစ်ပေလိမ့်မည်။

လျှိုတောင်ပိုင်းကြယ်အင်ပါယာ၌လည်း အလားအတူပင်၊ အပေါ်ယံကြည့်ပါကအင်ပါယာနှစ်ခုမှာ အတော်ရင်းနှီးဟန်ရသော်လည်း အမှန်တကယ်တွင်မူ တဖက်အင်ပါယာ၏ကျဆင်းမှုအားကျားချောင်းချောင်းနေကြခြင်းသာ၊ အကယ်၍ တစ်ခုခုသာဆိုးဆိုးရွားရွားဖြစ်သွားပါက တုန်းလျှိုတိုက်ကြီးတစ်ခုလုံး၌ စစ်မက်မီးလျှံများနေရာအနှံ့တောက်လောင်သွားပေလိမ့်မည်။

ဘဲလက်တိုင်းပြည်အတွင်း၌ အဓိကမြို့ကြီးနှစ်ခုဟုဆိုနိုင်သော မြို့ကြီးနှစ်ခုရှိပေသည်။ ပထမတစ်ခုမှာ ဘဲလက်ဘုရင် ခွန်ဒယ်လာနန်းစိုက်ရာ နန်းမြို့တော်ဖြစ်သည့်ဘဲလက်မြို့ဖြစ်သည်။ နိုင်ငံရေးနှင့်စီးပွားရေးအချက်အချာအဓိကမြို့လည်းဖြစ်၏၊ ကျန်တစ်မြို့မှာ ဘဲလက်တိုင်းပြည်၏နယ်စပ်တဝိုက်တွင်တည်ရှိပြီး နိုင်ငံ့စပါးကျီဟုခေါ်ဆိုကြသည့် ဆိုတိုမြို့ပင်။

ထိုနှစ်မြို့လုံးမှာ တိုင်းပြည်၏အရေးကြီးဆုံးမြို့များဖြစ်သည့်အလျှောက် နိုင်ငံတော်ကစစ်သည်အင်အားပမဏများစွာအား တပ်စွဲထားစေ၏။

ဆိုတိုမြို့မှာ မြို့ကြီးတစ်မြို့ဖြစ်သဖြင့် ဝိညာဉ်ခန်းမ၏ သခင်အဆင့်ဝိညာဉ်ခန်းမတစ်ခုကရုံးစိုက်ပေသည်။

လက်ရှိအချိန်မှာ မွန်းတည့်ချိန်ဖြစ်သဖြင့် နေမှာမျက်စိကျိန်းအောင်တောက်ပနေတော့၏။ ဆိုတိုမြို့၏ညာဘက်ဂိတ်၌ ငယ်ရွယ်သောပုံရိပ်လေးနှစ်ခုအားတွေ့ရပေမည်။ ထိုပုံရိပ်လေးနှစ်ခုမှာ ငယ်ရွယ်သောကောင်လေးနှင့်ကောင်မလေးဖြစ်ပြီး ၁၀နှစ်ကျော်မျှရှိမည့်ပုံရ၏။ မည်သည့်အထုတ်အပိုးကိုမှ သယ်လာသည်ကိုမတွေ့ရ။

Popular posts from this blog

အပိုင်း ၇၀

အပိုင်း ၆၉

အပိုင်း ၆၆