အပိုင်း ၆၀
ဗုန်း.. တံခါးပိတ်သွားပြီး ထန်ဟောက်၏ပုံရိပ်မှာပျောက်ကွယ်သွားသည်။ ပိတ်နေသောတံခါးကိုငေးကြည့်ရင်း ဂရန်းမာစတာမှာ ထိုနေရာ၌မလှုပ်မရပ်ကျန်ရစ်ခဲ့တော့သည်။
အတော်ကြာပြီးနောက် သူကစားပွဲပေါ်တွင်ကျန်ရစ်ခဲ့သောတံဆိပ်ပြားအား ငုံကြည့်လိုက်၏။ ခပ်ချဉ်ချဉ်ပြုံးရင်း...
“ငါလေးစားရတဲ့သူက ဒီလိုပုံစံဖြစ်သွားလိမ့်မယ်လို့မထင်ခဲ့မိဘူး”
……
နေရောင်ကအနောက်အရပ်မှနေ၍ဖြာဆင်းကျနေသည်။ အိမ်တစ်အိမ်၏တံခါးရှေ့၌ သေးငယ်သောပုံရိပ်လေးနှစ်ခုက ဘေးချင်းယှဉ်လျက်ရှိနေ၏။ တူညီသောဝတ်စုံကိုဝတ်ဆင်ထားကြသောထိုပုံရိပ်လေးနှစ်ခုမှာ တိတ်ဆိတ်စွာဖြင့်ထိုင်နေကြသည်။
နေဝင်ချိန်ဖြစ်သဖြင့် နေရောင်မှာအနီရောင်သို့သမ်းလျက်ရှိနေ၏။ သူတို့ကိုယ်လေးများမှာ ဖြာကျနေသောနေရောင်ကြောင့် ရွှေနီရောင်သမ်းနေသည့်အလား။
ဘယ်ဖက်တွင်ထိုင်နေသော မိန်းကလေးက သူမဘေးရှိကောင်လေးအားစောင်းငှဲ့ကြည့်သည်။ သူမ၏မေးစေ့လေးကို လက်နှစ်ဖက်ဖြင့်ပုတ်ရင်း တစ်ခုခုပြောချင်နေဟန်ရ၏။ နောက်ဆုံးတွင်မပြောဖြစ်တော့။
ဘေးဖက်တွင်ထိုင်နေသော ကောင်လေးကစကားစပြောလာ၏။ သူ့လက်ထဲ၌ ဝယ်လာသောတူအသစ်အားကိုင်ထားရင်း...
“ကျေးဇူးပဲ ရှောင်ဝူ”
“ငါ့ကိုဘာအတွက်ကျေးဇူးတင်နေတာတုန်း”
အလကားနေရင်း ကျေးဇူးတင်ခံလိုက်ရသောကြောင့်ရှောင်ဝူကမေး၏။
“ငါနဲ့တောက်လျှောက် အတူရှိနေပေးတဲ့အတွက်ကျေးဇူးတင်တာပါ”
ထန်စန်းကခေါင်းကိုငုံ့ရင်း သူရှေ့ရှိမြေပြင်အား ငေးတိငေးငိုင်ဖြင့်ကြည့်နေသည်။ သူ့မျက်လုံးထဲ၌ မြူများဆိုင်းနေသကဲ့သို့ဝေဝါးနေ၏။ သူရင်ထဲ၌ဖော်မပြနိုင်သော ခံစားချက်များဖြင့်ပြည့်နေသော်လည်း နောက်ဆုံးတွင်မျက်ရည်များအား မျိုသိပ်နိုင်ခဲ့သည်။
ရှောင်ဝူမှာ တခစ်ခစ်ဖြင့်ရယ်ရင်း ထန်စန်းပုခုံးအား အားဖြင့်တွန်းလိုက်တော့သည်။
“ဒီလောက်လဲ ဝမ်းနည်းမနေပါနဲ့ဟ၊ နင့်အဖေကတစ်သက်လုံးထွက်သွားတာမှမဟုတ်တာ ခဏပဲထွက်သွားတာကြီးကို၊ တစ်နေ့ကျပြန်တွေ့မှာပေါ့၊ သူထွက်သွားတာက နင့်ကိုနောက်ဆံမတင်းပဲ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာစေချင်လို့လဲဖြစ်နိုင်တာပဲ၊ နင်ကဒီလိုဖြစ်နေမယ်ဆိုရင် သူစိတ်ပျက်သွားမှာပေါ့”
ထန်စန်း၏မျက်နှာ၌ ချိနဲ့သောအပြုံးတစ်ခုကပေါ်လာသည်။
“အဲ့လိုလဲဖြစ်ချင်ဖြစ်မှာပေါ့၊ ဒါပေမဲ့ သူဘာလို့ ငါ့ကို တစ်ခါလေးတောင်လာမတွေ့သွားရတာလဲ၊ ရှောင်ဝူ နင်သိလား ငါ့အဖေက ငါ့အတွက် တစ်ဦးတည်းသော မိသားစုဝင်ပဲ၊ အဖေမရှိတဲ့အိမ်က ငါ့အတွက်အိမ်မဟုတ်တော့ဘူး”
ရှောင်ဝူကသူမခေါင်းလေးကို တစ်ချက်ဝှေ့ရင်း သူမ၏ကျစ်ဆံမြီးအားရှေ့သို့ကျလာစေသည်။ ကျစ်ဆံမြီးအား သူမ၏လက်ကလေးဖြင့်ပွတ်ရင်း...
“နင့်အဖေမရှိလဲ နင့်မှာဒီလိုချစ်စရာကောင်းတဲ့ သူငယ်ချင်းမလေး ငါရှိသေးတာပဲ၊ ဟုတ်တယ်မလား၊ တကယ်လို့နင်က မိသားစုဝင်တစ်ယောက်အရမ်းလိုချင်နေတယ်ဆိုရင် ငါနင့်အစ်မကြီးလုပ်ပေးနိုင်ပါတယ်ဟ၊ မြန်မြန် ငါ့ကိုအစ်မရှောင်ဝူလို့ခေါ်လိုက်၊ ကျောင်းမှာနင်ကလွဲလို့ အာလုံးကငါ့ကို အစ်မရှောင်ဝူလို့ခေါ်ကြတယ်”
ရှောင်ဝူ၏ချစ်ဖို့ကောင်းသောဟန်ပန်လေးနှင့်လှပသောမျက်နှာလေးက နေဝင်ဆည်းဆာရောင်အောက်တွင်လှချင်တိုင်းလှနေတော့၏။ ထိုသည်အားကြည့်နေသောထန်စန်းက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုယမ်းကာပြုံးမိ၏။ ဝမ်းနည်းအားငယ်နေသောလူတစ်ယောက်အတွက် သူဘေးတွင် စိတ်ဓာတ်မကျအောင်အားပေးမည့်သူရှိခြင်းက ထိုလူအားပျော်ရွှင်စေနိုင်သည်မဟုတ်ပါလား။
“နင်ကငါ့ညီမလေးဖြစ်ချင်တယ်ဆိုရင်တော့ ငါလက်မခံနိုင်စရာအကြောင်းမရှိပါဘူး၊ နင်ပြောခဲ့တာကိုမှတ်မိသေးတယ်၊ ငါတို့ကကျောင်းမှာနှစ်အတူတူပေမဲ့ ငါက၁လပိုင်းမှာမွေးတာ နင်က၈လပိုင်းမှာမွေးတာမဟုတ်လား၊ နင်ကငါ့ထပ်လနည်းနည်းပိုငယ်တယ်လေ”
“အဲ့လိုဖြစ်ဖို့စဉ်းတောင်မစဉ်းစာနဲ့၊ ငါကနင့်အစ်မကြီးပဲဖြစ်ချင်တာ ညီမလေးမဖြစ်ချင်ဘူး”
စိတ်ဆိုးမာန်ဆိုးဖြင့် ရှောင်ဝူက ထန်စန်းခေါင်းအားလက်သီးဖြင့်ထုဟန်ပြင်၏။
လျှပ်တပြက်ကဲ့သို့ ထန်စန်း၏ခန္ဓာကိုယ်ကပျောက်ကွယ်သွားသည်။ ရှောင်ဝူနှင့်သုံးမီတာအကွာ၌ပြန်ပေါ်လာ၏။
“ရှောင်ဝူ ငါ့နောက်ကနေပြီး တောင်ကုန်းပေါ်လိုက်ခဲ့၊ ငါနင့်ကိုပြစရာတစ်ခုရှိတယ်”
ထန်စန်း၏အမူအရာမှာလေးနက်နေသည်။ တစ်ခုခုလုပ်ရန် ယတိပြတ်ဆုံးဖြတ်ပြီးပုံရ၏။
ရှောင်ဝူမှာဆက်မကစားတော့၊ သူမမှာဉာဏ်ကောင်းသောမိန်းကလေးတစ်ယောက်ဖြစ်သဖြင့် ထန်စန်း၏အမူအရာအားသတိထားမိသည်။ ခေါင်းကိုအသာညိတ်ရင်း သူ့နောက်မှလိုက်ခဲ့၏။
ထန်စန်းက ရှောင်ဝူ၏နူးညံလှသောလက်ကလေးအား အသာဆွဲယူလိုက်သည်။ သူမအားတွဲခေါ်ရင်း ရွာပြင်ရှိတောင်ကုန်းပေါ်သိို့ပြေးတက်သွားတော့၏။ အဝေးမှကြည့်ပါက ကျဆင်းနေသောနေရောင်အောက်တွင် ရှည်လျားသောအရိပ်လေးနှစ်ခုကတောင်ကုန်းပေါ်သို့ပြေးတက်သွားသည်ကိုသာမြင်ကြမည်ပင်။
ရှောင်ဝူအားတွဲခေါ်ရင်း တောင်ထိပ်သို့ရောက်သည့့်အခါမှသာ ထန်စန်းကရပ်ပ်လိုက်၏။ ဆန်းကြယ်ကောင်းကင်ပညာ၏အစွမ်းကုန်နှိုးထထားသည့်တိုင် လူတစ်ယောက်အားခေါ်၍ မနားားပဲတောင်ထိပ်သို့တက်လာရသောကြောင့် အနည်းငယ်မောပန်းရပေသည်။
တောင်ထိပ်ပေါ်၌ရပ်နေရင်း ထန်စန်းမျက်နှာပေါ်သို့ ဆည်းဆာရောင်ကထိုးကျနေသည်။ သူ့မျက်လုံးတစုံက အပြည့်အဝ ခရမ်းရောင်သမ်းသွား၏။
“ရှောင်ဝူ ဒီနေရာကငါအရင်တုန်းကလေ့ကျင့်တဲ့နေရာပဲ၊ ငါနင့်ကိုအတည်မေးမယ် နင်ငါမေးတာကိုအလေးအနက်ထားပြီးဖြေနိုင်မလား”
ရှောင်ဝူက သူမနှုတ်ခမ်းအားကိုက်လိုက်ရင်း...
“နင်သိလား အခုနင့်ပုံစံက အကယ်ဒမီကရှေးဆန်တဲ့ဟိုအဖိုးကြီးတွေအတိုင်းပဲ”
ထန်စန်းကနောက်သို့လှည့်ရင်း ရှောင်ဝူအားလေးလေးနက်နက်ကြည့်ကာ မေးလိုက်သည်။
“နင်ငါ့ညီမလေးဖြစ်ဖို့ဆန္ဒရှိလား၊ ငါတကယ်ကိုနောက်ထပ် မိသားစုဝင်တစ်ယောက်လိုချင်လို့”
ရှောင်ဝူမှာ တစ်ခုခုပြန်ပြောဟန်ပြင်လိုက်သော်လည်း ထန်စန်းဆက်ပြောသောစကားကြောင့်တန့်သွား၏။
“ငါပြောတာကိုအရင်နားထောင်၊ ငါ့မှာဘာမှမရှိဘူး၊ နင်လဲငါ့မိသားစုအခြေအနေကိုမြင်တာပဲ၊ သာမန်လူတွေထပ်တောင်ဆင်းရဲသေးတယ်၊ ငါနင့်ကိုချမ်းသာကြွယ်ဝမှုလဲမပေးနိုင်သလို ရာထူးအာဏာတွေကိုလည်းမပေးနိုင်ဘူး၊ နင့်မှာလဲငါ့လိုပြည့်ဝဝိညာဉ်စွမ်းအားရှိပေမဲ့ နင့်ရဲ့အပြုအမူတွေအရ နင့်ဘဝဇာတ်ကြောင်းက ငါနဲ့မတူမှန်းပြောနိုင်တယ်၊ ဒါပေမဲ့ နင့်အကြောင်းကိုငါဘယ်တော့မှမမေးခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ငါ့တို့နှစ်ယောက်ရဲ့မိသားစုနှစ်ခုကြားကွာခြားချက်က အရမ်းကိုကြီးမားနေမှာကြောက်လို့ပဲ၊ အဲ့လိုသာအမှန်ဖြစ်ရင် ငါတို့သူငယ်ချင်းတွေတောင်ဖြစ်နိုင်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ငါနင့်လိုညီမလေးမျိုးရပါစေလို့ တကယ်မျှော်လင့်တယ်၊ နိုဘယ်တွေရဲ့ရာထူးစည်းစိမ်တွေလိုမျိုး ငါနင့်ကိုမပေးနိုင်ပေမဲ့ ငါနင့်ကိုကတိတစ်ခုတော့ပေးနိုင်တယ်၊ မင်းသာငါ့ညီမလေးဖြစ်ခဲ့ရင် ငါ့ညီမကိုဘယ်အန္တရာယ်မှမကျရောက်စေရအောင် အစွမ်းကုန်ကြိုးစားပြီးကာကွယ်ပေးမယ်”
ထိုသို့ပြောနေရင်း ထန်စန်း၏မျက်လုံးထောင့်၌ မျက်ရည်စများကတွဲလွဲခိုလာသည်။ ထိုသည်ကိုမြင်လိုက်ရသည့်ရှောင်ဝူ၏မျက်လုံးများကလည်း ထိရှသွားသောခံစားချက်ကြောင့် နီရဲလာတော့၏။
“တကယ်လို့ တစ်နေ့ကျ လူတွေအများကြီးကငါ့ကိုဝိုင်းပြီးသတ်ဖို့ကြိုးစားကြရင်ရော၊ နင်ကသူတို့ကို အနိုင်မယူနိုင်ဘူးဆိုရင် နင်ဘာလုပ်မလဲ”
ထိုမေးခွန်းအား ထန်စန်းမမျှော်လင့်ထားခဲ့ပေ။ သို့သော် သူခပ်ဖွဖွပြုံးလိုက်ရင်း...
“အဲ့လိုဖြစ်လာခဲ့ရင် သူတို့ငါ့အလောင်းကိုဖြတ်ပြီးမှပဲ မင်းကိုသတ်လို့ရစေရမယ်”
ရှောင်ဝူတိတ်ကျသွား၏။ ထန်စန်းကလဲဘာမှထပ်မပြောတော့။ မိုးကုပ်စက်ဝိုင်းသို့ ဝင်သွားသည့်နေမှာ လုံးဝပျောက်ကွယ်သွားပြီဖြစ်သဖြင့် ညကောင်းကင်ယံ၌ ကြယ်များပင်ထွက်စပြုနေချေပြီ။
“အစ်ကိုကြီး”
ရှောင်ဝူ၏ရိုးရှင်းသောခေါ်သံက နှစ်ဦးကြားရှိတိတ်ဆိတ်မှုအားဖြိုခွင်းသွား၏။
မျိုသိပ်ထားခဲ့ရသော မျက်ရည်များက ယခုအချိန်၌ထိန်းမနိုင်သိမ်းမရကျလာတော့သည်။ သူ့လက်ကိုဆန့်ရင်း ရှောင်ဝူအထွေးပွေ့ထားလိုက်၏။
“ကျေးဇူးပါပဲ ညီမလေး”
အဖေထွက်သွားသော်လည်း ညီမလေးတစ်ယောက်ရခဲ့၏။ ထန်စန်းကောင်းကင်ယံအားမော့ကြည့်လိုက်သည်။ ညကောင်းကင်တွင်တောက်ပနေသော ကြယ်များက သူတို့နှစ်ယောက်၏မောင်နှမဖြစ်ခြင်းအားသက်သေတည်နေသယောင်။
ညရောက်လာပြီဖြစ်သော်လည်း ကလေးနှစ်ယောက်မှာ တောင်ကုန်းထိပ်၌ထိုင်နေဆဲပင်။ တောင်လေလေးကဖြေးညှင်းစွာတိုက်ခတ်နေသည်။ ကောင်ကင်ယံ၌တောက်ပနေသောကြယ်များအားငေးကြည့်ရင်း ငြိမ်ချမ်းသောပတ်ဝန်းကျင်အားခံစားနေ၏။ လတ်ဆတ်သောလေထုက သက်တောင့်သက်သာခံစားချက်ကိုပေးစွမ်းသည်။
“ညီမကျောင်းကျရင် အစ်ကိုကြီးဆိုပြီး ခေါ်ရဦးမှာလား”
ထန်စန်းဘေးတွင်ရှိနေသော ရှောင်ဝူကသူ့အားကြည့်ရင်းမေးသည်။
ထန်စန်းခေတ္တမျှကြောင်အသွား၏။
“ဘာဖြစ်လို့လဲ”
ရှောင်ဝူ၏မျက်နှာကရုတ်တရက်ပန်းရောင်သမ်းသွားသည်။
“ဘယ်လိုပြောရမလဲ..ညီမကနော်ဒင်အကယ်ဒမီရဲ့ခေါင်းဆောင်လေ၊ ချက်ချင်းကြီး အကိုတစ်ယောက်ရှိသွားရင် သူတို့ကဘယ်လိုမြင်ကြမလဲ”
ထန်စန်းပြုံးလိုက်၏။
“ကောင်းပြီလေ၊ ဒါဆိုလဲအကို့ကိုခေါ်နေကြအတိုင်း ရှောင်စန်းလို့ခေါ်ပေါ့၊ အကို့နှလုံးသားထဲမှာတော့ မင်းကအကို့ရဲ့ညီမလေးပဲ၊ အခေါ်အဝေါ်တွေကအရေးမပါပါဘူး”
ထိုသို့ပြောရင်း ထန်စန်းကသူ့အင်္ကျီလက်စအားဆွဲချလိုက်သည်။ ဘယ်လက်ကောက်ဝတ်ရှိ လက်နက်ပုန်းအားဖြုတ်လိုက်၏။
“မောင်နှမဖြစ်တဲ့အထိန်းအမှတ်အနေနဲ့ညီမလေးကိုတစ်ခုခုတော့ပေးမှဖြစ်မှာပေါ့၊ ရော့..အကို့မှာဘာမှတန်ဖိုးကြီးတာတော့ဘာမှမရှိဘူး၊ ညီမကိုညီမကာကွယ်နိုင်အောင်လို့ အကိုဒါလေး လက်ဆောင်ပေးမယ်၊ အဲ့တာအကိုပထမဆုံးလုပ်ခဲ့တဲ့ပစ္စည်းပဲ”
ထန်စန်းကမ်းပေးသော လက်နက်ပုန်းအားကြည့်ရင်း ရှောင်ဝူကသိလိုစိတ်ဖြင့်မေး၏။
“ဒါကဘာလဲ”
အခန်း ၁၃ ဤတွင်ပြီး၏။