အပိုင်း ၅၉
“ရှောင်စန်း..
သားလက်ထဲဒီစာရောက်တဲ့အချိန် အဖေရှိတော့မှာမဟုတ်ဘူး၊ အဖေ့ကိုလိုက်မရှာပါနဲ့ သားလိုက်ရှာလဲတွေ့မှာမဟုတ်ဘူး။
မင်းကငယ်သေးတယ်၊ သန်မာလာချင်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုပဲမှီခိုရမှာပေါ့၊ လင်းယုန်ငယ်တစ်ကောင်တောင်ပျံသန်းဖို့အတွက် အရင်ဆုံး အတောင်ပံဖြန့်ရသေးတာပဲမဟုတ်လား။
အဖေ့အတွက်တော့ မစိုးရိမ်ပါနဲ့၊ မင်းကိုယ်ထဲမှာ မင်းအမေရဲ့သွေးတွေစီးဆင်းနေတာကြောင့် ကြီးမားတဲ့ကိစ္စတွေကိုအောင်မြင်အောင်လုပ်နိုင်မှာပါ၊ မင်းအဖေ ငါကတော့ အသုံးမကျတဲ့လူတစ်ယောက်ပဲ၊ ကိုယ့်အားကိုယ်ကိုးပြီးကြီးပြင်းပါ၊ အဖေကတော့ အဖေပိုင်တဲ့အရာတွေကိုပြန်ယူရဦးမယ်၊ တစ်နေ့ကြရင် သားအဖနှစ်ယောက်ပြန်ဆုံကြတာပေါ့။
သားစွမ်းအားကြီးပြီး ကျော်ကြားလာဖို့မျှော်လင့်တယ်၊ တချိန်တည်းမှာပဲ စွမ်းအားကြီးမလာစေချင်ဘူး၊ စွမ်းအားကြီးလေ တာဝန်ယူရတာကြီးလေပဲ ငါ့သား၊ မင်းလျှောက်မဲ့လမ်းကို မင်းဘာမင်းရွေးချယ်ပါ။
မင်းအနေနဲ့ဝိညာဉ်သခင်တစ်ယောက်အဖြစ်ကို စိတ်ကုန်လာပြီဆိုရင် ဒီသူတော်စင်ဝိညာဉ်ရွာကိုပြန်လာပြီး အဖေ့လိုမျိုး ပန်းပဲသမားတစ်ယောက်လုပ်ပေါ့ကွာ။
အဖေ့ကို မလွမ်းပါနဲ့။
ထန်ဟောက်”
သူ့လက်ထဲရှိစာအားကိုင်ရင်း ထန်စန်းမှာအသိစိတ်ပျောက်နေသကဲ့သို့ ငိုင်တိုင်တိုင်ကြီးရပ်နေသည်။ သူ့ရင်ထဲရှိပျော်ရွှင်နေသော ခံစားချက်များမှာ တမုတ်ဟုတ်ခြင်းပျောက်ကွယ်သွား၏။ မျှော်လင့်ချက်မဲ့သလိုခံစားနေရသည်။
အဖေထွက်သွားပြီလား၊ ဘာလို့ထွက်သွားတာလဲ
ထန်စန်း၏စိတ်ဝိညာဉ်ကင်းမဲ့နေဟန်ကို မြင်လိုက်ရသော အဖိုးဂျက်က ချိနဲ့စွာပြုံးရင်း...
“ထန်ဟောက်ကနှုတ်တောင်မဆက်ဘဲထွက်သွားခဲ့တာ၊ လွန်ခဲ့တဲ့နှစ်ရက်ကမှ သူ့ကို လယ်သုံးပစ္စည်းအချို့သွန်းဖို့လာအပ်သေးတယ်၊ သူဒီလိုကြီးထွက်သွားတော့ နောက်ထပ်ပန်းပဲသမားတစ်ယောက်ရှာရတော့မှာပေါ့၊ တော်တော် တာဝန်ယူစိတ်မရှိတဲ့ကောင်ပဲ”
ငေးငိုင်နေသော ထန်စန်းမှာ ဖြည်းဖြည်းခြင်းအသိစိတ်ပြန်ဝင်လာ၏။
“အဖိုးဂျက် အဖိုးဘာပြောလိုက်တာ အဖေကဒီရက်ပိုင်းအတွင်းမှ ထွက်သွားတာဟုတ်လား”
အဖိုးဂျက်ကခေါင်းညိတ်ပြသည်။
“အင်း သူဒီရက်ပိုင်းမှထွက်သွားတာ၊ ရှောင်စန်း စိတ်မကောင်းဖြစ်မနေနဲ့ ဒီလိုကောင်မျိုးက အဖေဖြစ်ဖို့မတန်ဘူး၊ အဖိုးနဲ့လိုက်ခဲ့ အဖိုးအိမ်သွားကြမယ်”
ထန်စန်းကအသာခေါင်းယမ်းလိုက်၏။ သူအဖေက အဖိုးဂျက်ပြောသကဲ့သို့မဟုတ်ပဲ သူ့အားဂရုစိုက်ကြောင်း သူ့လက်ထဲရှိစာကသက်သေပြနေသည်မဟုတ်ပါလား။ ထန်စန်းကထိုစာအား သူ့အင်္ကျီရင်ဘတ်ထဲသို့ထည့်ထားလိုက်သည်။
“ကျေးဇူးပဲ အဖိုးဂျက်၊ ဒါပေမဲ့ ကျတော့်အိမ်ကလောက်ရှုပ်ပွနေတာ ကျတော်ဒီမှာနေခဲ့ပြီး သေချာရှင်းလိုက်ဦးမယ်”
အဖိုးဂျက်မှာ ခေတ္တကြောင်အသွား၏။ ဤမျှငယ်ရွယ်သောထန်စန်းက သူ့စကားအားနားမထောင်ပဲ ငြင်းဆန်လိမ့်မည်ဟုသူမထင်ထားခဲ့ချေ။ သူကသက်ပြင်းချလိုက်ရင်း
“ကောင်းပြီလေ၊ တကယ်လို့ မြေးတစ်ခုခုလိုရင်တော့ အဖိုးကိုလာရှာနော်”
အဖိုးဂျက်က ထိုသို့ပြောကာ ခေါင်းကိုယမ်းရင်း ရွာထဲသို့ထွက်ခွာသွားတော့၏။
အဖိုးဂျက်မရှိတော့သောအခါ အိမ်အတွင်း၌ ထန်စန်းနှင့်ရှောင်ဝူတို့နှစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။ ထန်စန်းကမည်သည့်စကားမှစမပြောပဲ ရှုပ်ပွနေသောအခန်းအား အရင်ရှင်း၏။
ထူးဆန်းစွာဖြင့် ပုံမှန်ဆိုလျှင်စကားများကာတက်ကြွနေတတ်သောရှောင်ဝူက သူ့ဘေးနားတိပ်ဆိတ်စွာရပ်နေသည်။ သူမလေးက ထန်စန်းနှင့်အတူပစ္စည်းများကူသယ်၏။ အခန်းတွင်ရှိဖုန်များအား ရှင်းလင်းနေသော ထန်စန်းအတွက်အကူအညီရစေရန် အပြင်မှရေပုံးဖြင့်ရေခပ်လာပေးသည်။
……
ထိုအချိန်...
နော်ဒင်မြို့ မူလတန်းအဆင့်အကယ်ဒမီ၌
ဂရန်းမာစတာ သူ့အခန်းတွင်း၌စာထိုင်ဖတ်နေ၏။ ရှောင်စန်းမှာအိမ်ပြန်သွားသဖြင့် သူ့နှလုံးသားက ဗလာဖြစ်နေသည်။ တစ်နှစ်ကြာပြီးနောက် သူ့အနေဖြင့်ပါးစပ်မှထုတ်မပြောသော်လည်း ထိုကလေးအားသံယောဇဉ်ဖြစ်လာမိသည်ကတော့အမှန်ပင်။
ယခုမနက်စောစော ထန်စန်းမသွားခင်အချိန်ထိ ထိုကလေးနှင့်အတူလိုက်သွားရမလားဟု ဝေခွဲမရဖြစ်နေသေးသည်။ နောက်ဆုံးတွင်မလိုက်သွားရန်သာ ယတိပြတ်ဆုံးဖြတ်လိုက်၏။ ရှင်းမပြနိုင်သော တချို့အကြောင်းအရာများက သူ့အားလိုက်မသွားစေရန် တားဆီးနေသယောင်။
ဘုတ် ဘုတ် ဘုတ်
ထိုအချိန်၌ အခန်းတံခါးခေါက်သံကရုတ်တရက်ထွက်ပေါ်လာ၏။
ဂရန်းမာစတာက စဉ်စားဟန်ဖြင့် မျက်မှောင်ကြုပ်သည်။ ပုံမှန်ဆိုလျှင် ထန်စန်းမှာလွှဲ၍ သူ့ဆီလာမည်သူမရှိပေ။
“ဝင်လာခဲ့ပါ”
ဂရန်းမာစတာက သူ့လက်ထဲမှစာအုပ်ကိုချပြီး ပြောလိုက်၏။
တံခါးကပွင့်သွားပြီး ကြီးမားတုတ်ခိုင်သော ကိုယ်ကာယဖြင့် လူကြီးတစ်ယောက်ကအထဲသို့ဝင်လာသည်။ ထိုသူကမီးခိုးရောင်ဝတ်ရုံအား ၀တ်ဆင်ထား၏။ မဲနက်ရှည်လျားသော ဆံပင်များက ပုခုံးထိတိုင်တွဲလျောင်းကျနေသည်။ သူ့မျက်နှာကနှစ်ပေါင်းများစွာ လောကဓံအားရင်ဆိုင်ကြုံတွေ့ခဲ့ရပုံရ၏။ နှောက်ကျိနေသော မျက်လုံးအစုံကလေတိုက်ခံနေရသော ဖယောင်းတိုင်ကဲ့သို့ တဖျတ်ဖျတ်တောက်နေသည်။သူ့သွင်ပြင်ကိုကြည့်ခြင်းအားဖြင့် လေးဆယ်ကျော် ငါးဆယ်လောက်ရှိမည်ဟုထင်ရပေသည်။
“မင်္ဂလာပါ ဂရန်းမာစတာ”
ဧည့်သည့်ဖြစ်သော ထိုလူ၏အသံက အက်ကွဲသော်လည်း နက်ရှိုင်းသောခံစားချက်အားပေးစွမ်းသည်။
မည်သည့်အတွက်ကြောင့်မှန်း မသိ ထိုသူအခန်းတွင်းသို့ဝင်လာသည်နှင့် ဂရန်းမာစတာမှာ သူ့တစ်ကိုယ်လုံးတင်းကြပ်သွားသကဲ့သို့ခံစားလိုက်ရ၏။ ကိုယ်အတွင်းစီးဆင်းနေသော ဝိညာဉ်စွမ်းအားများကိုပင် မလှည့်ပတ်နိုင်တော့။
“ခင်ဗျားက”
သူ့မျက်လုံးထဲ၌ ဇဝေဇဝါဖြစ်ဟန်ဖြင့် ဂရန်းမာစတာဖြည်းညှင်းစွာထရပ်သည်။
မီးခိုးရောင်ဝတ်စုံဖြင့်လူက အေးစက်သောလေသံဖြင့်...
“ကျုပ်တို့မတွေ့ကြတာနှစ်၂၀ကျော်တောင်ကြာသွားပြီပဲ၊ ကျုပ်ရဲ့လက်ရှိပုံစံနဲ့ဆို ခင်ဗျားမမှတ်မိတာမဆန်းပါဘူး၊ ကျုပ်ကထန်ဟောက်ပဲ”
“ထန်ဟောက်လား”
ဂရန်းမာစတာ၏ ‘ရေတွင်းဟောင်းတွင် လှိုင်းမထန်သလိုမျိုး’ တည်ငြိမ်သောအမူအရာက ရုတ်တရက်ကြီးမားစွာပြောင်းလဲသွား၏။ သူ့ရှေ့တွင်ရပ်နေသော လူအားအသေအချာကြည့်လိုက်သည်။ တစုံတခုအားမှတ်မိသွားဟန်ဖြင့်တုန်လှုပ်ခြောက်ခြားသွား၏။ ဘေးရှိစားပွဲကိုပင် လက်ဖြင့်ထောက်ကန်လိုက်ရသည်။ သေချာကြည့်ပါက သူ့လက်ချောင်းများပင်ဖြူဖျော့နေသည်ကိုတွေ့ရပေမည်။
“ခင်ဗျား...ခင်ဗျားက ဟောက်ထန်း……”
ဂရန်းမာစတာပြောမည့်စကားအား ထန်ဟောက်က လက်ကိုယမ်းကာဆက်မပြောရန်တားလိုက်၏။
“အရင်ကအကြောင်းတွေကိုပြန်အစမဖော်နဲ့တော့၊ ဟိုးအရင်နေ့တွေတုန်းက တခြားလူတွေကမင်းကို အရူးတစ်ယောက်လို့ထင်ကြပေမဲ့ ငါကတော့မင်းက သာမန်လူမဟုတ်မှန်းသိတယ်”
ဂရန်းမာစတာမှာ နောက်ဆုံးတွင်စိတ်လှုပ်ရှားမှုအားထိန်းချုပ်နိုင်လိုက်ပုံရသည်။ သူ၏တည်ငြိမ်သောအမူအရာက တဖန်ပြန်ပေါ်လာ၏။
“ကျုပ်အထင်မမှားဘူးဆိုရင် ခင်ဗျားက ထန်စန်းအဖေပဲမဟုတ်လား။ သူကအခုအိမ်ပြန်သွားပြီလေ၊ ခင်ဗျားကဒီကိုဘာလာလုပ်တာတုန်း”
ထန်ဟောက်က သူ့ခေါင်းကိုစောင်းရင်း တည်ငြိမ်သောလေသံဖြင့်...
“သူပြန်သွားလို့ပဲ ငါဒီကိုရောက်လာပေါ့၊ မင်းကငါ့သားကိုတပည့်ဖြစ်လက်ခံထားတယ်ဆိုတာငါသိတယ်၊ အဖေတစ်ယောက်အနေနဲ့မင်းကိုအစောကြီးကတည်းကလာတွေ့သင့်တာ၊ ငါထွက်သွားရတော့မှာမို့လို့ မင်းကိုလာတွေ့တာ၊ ငါစိုးရိမ်တဲ့တစ်ခုတည်းသောအရာက ရှောင်စန်းပဲ၊ သူ့ကိုမင်းဆီမှာအပ်ခဲ့ပါရစေ”
“ခင်ဗျားကထွက်သွားမယ်ဟုတ်လား၊ ဘယ်သွားမလို့လဲ၊ ရှောင်စန်းကခင်ဗျားသားလေ သူ့ကိုထားသွားတော့မလို့လား”
ဂရန်းမာစတာက ထန်ဟောက်အားစိုက်ကြည့်သည်။ သူ့အကြည့်များက အနည်းငယ်ခက်ထန်သွား၏။
ထန်ဟောက်က နဂိုအတိုင်း တည်ငြိမ်လျက်ရှိနေဆဲပင်။
“သူကမင်းရဲ့တပည့်ပဲလေ၊ လုပ်ကိုလုပ်မှဖြစ်မဲ့ကိစ္စတွေရှိသေးတာမို့လို့ ငါကတော့ထွက်သွားမှရမယ်၊ ငါနဲ့အတူခေါ်သွားရင် သူပျော်ရွှင်ရမှာမဟုတ်ဘူး၊ တခြားဟာတော့ ငါမတောင်းဆိုချင်ပါဘူး၊ တစ်ခုပဲ ရှောင်စန်းကို သူ့ဘဝကိုသူရွေးချယ်ပါစေ၊ ၁ဝနှစ် ၁ဝနှစ်တိတိ ငါဒီလောကထဲကနေ အနားယူခဲ့တယ်၊ ဒါပေမဲ့ အခုသူကြီးပြင်းလာပြီဆိုတော့ အချို့ကိစ္စလေးတွေ ပြန်လုပ်ဖို့မဲ့အချိန်ရောက်ပြီလေ”
ဂရန်းမာစတာက လေပူတစ်ချို့အားမှုတ်ထုတ်လိုက်ပြီး....
“ခင်ဗျားအနေနဲ့ဘာဖြစ်ခဲ့လဲဆိုတာကျုပ်မသိဘူး၊ ဒါပေမဲရှောင်စန်းက ခင်ဗျားနဲ့ခွဲနေချင်လိမ့်မယ်လို့ ခင်ဗျားထင်လား၊ ခင်ဗျားဒီလိုထွက်သွားရင် သူဘယ်လိုခံစားရမလဲ၊ ရက်စက်လွန်းရာမကျဘူးလား”
ထန်ဟောက်က တည်ငြိမ်သောလေသံဖြင့်ပြန်ပြော၏။
“သာမန်မဟုတ်တဲ့လမ်းကြောင်းကိုလျှောက်ချင်ရင် အချို့ကိစ္စတွေကိုသူလက်မခံချင်လဲ လက်ခံရမှာပဲ၊ ကျုပ်နှဲ့အတူလိုက်ခိုင်းတာကမှ ပိုပြီးရက်စက်လွန်းရာကျမှာပေါ့၊ ကောင်းပြီ ကျုပ်ပြောစရာရှိစရာပြောပြီးသွားပြီ၊ ဘာပဲဖြစ်ဖြစ်တစ်ခုတော့မှတ်ထား ထန်စန်းကကျုပ်သားပဲ”
ထိုသို့ပြောရင်း ထန်ဟောက်ကသူ့လက်အားဝှေ့ယမ်းလိုက်သည်။ ကလန်ဆိုသည့်အသံနှင့်အတူ အနက်ရောင်တံဆိပ်ပြားတစ်ခုက ဂရန်းမာစတာ၏ခုံပေါ်သို့ကျသွား၏။ ထိုတံဆိပ်ပြားမှာ ဂရန်းမာစတာ ထန်စန်းအားခေါ်၍ ဝိညာဉ်အမဲလိုက်တောသို့ဝင်သည့်အခါ၌သုံးခဲ့သည့်တံဆိပ်ပြားနှင့်တူ၏။ ပုံစံချင်းတူသော်လည်း တစ်ခုတည်းသောမတူသည့်အရာမှာကား တံဆိပ်ပြားပေါ်ရှိ သင်္ကေတမှာသုံးခုသာရှိနေသည်မဟုတ်ပဲ ခြောက်ခုရှိနေခြင်းပင်.....။