အပိုင်း ၅၆
ထန်စန်းစကားကိုကြားလိုက်ရသောအခါ ထိုလူကြီး၏အမူအရာမှာပျော့ပျောင်းသွားသည်။ သူတို့အားလုံးမှာဆင်းရဲချို့တဲ့သော မိသာစုများမှလာကြသည်ပင်မဟုတ်ပါလား၊ သူတို့နှလုံးသားထဲ၌ ထန်စန်းအားဂရုဏာတက်သွား၏။ ထို့အပြင်ဤကလေးက နော်ဒင်အကယ်ဒမီသို့တက်နိုင်ခဲ့သေးသည်။ ထိုလူကြီးကအရိုးခံအတိုင်းပြောလိုက်သည်။
“ကောင်းပြီလေ မင်းလာလုပ်ချင်တယ်ဆိုမှလဲ လာပေါ့ကွာ၊ ငါတို့အတွက်အလုပ်ကအမြဲတမ်းရှိပါတယ်၊ မင်းကရေနွေးကြမ်းလေးဘာလေးယူပေးပေါ့ကွာ၊ ငွေရတော့အများကြီးရမှာမဟုတ်ပေမဲ့ စားဖို့လောက်ကတော့အာမခံပါတယ်၊ အဲ့လိုဆိုရင်ကောဘယ်လိုလဲ”
“ဒါဆိုလဲအဆင်ပြေပါတယ် ကျေးဇူးပါဗျ”
ထန်စန်းဝမ်းမြောက်ဝမ်းသာဖြင့် အလျင်အမြန်ပြန်ဖြေသည်။
ရုံထဲတွင်ရှိသော ပန်းပဲသမားတိုင်းက ထန်စန်းအားရင်းနှီးဖော်ရွေသောအပြုံးဖြင့်နှုတ်ဆက်ကြသည်။ ထိုလူကြီးက ကျန်သူများအားတစ်ချက်ဝှေ့ကြည့်လိုက်ရင်း....
“မင်းတို့ကောင်တွေကဘာကြည့်နေကြတာတုန်း၊ အလုပ်လုပ်စရာမရှိဘူးလား၊ မြန်မြန်လုပ်ကြ ဒီနေ့ည ငါမင်းတို့သောက်ဖို့အတွက်ဒကာခံမယ်”
ထိုလူကြီး၏စကားကြောင့် ပန်းပဲဆရာတို့မှာတက်ကြွသွားကြ၏။ ချက်ချင်းပင် တူများအားလွှဲရင်း သက်ဆိုင်ရာအလုပ်တို့အားဆက်လုပ်ကြတော့သည်။
ခေါင်းဆောင်ဖြစ်ဟန်တူသောလူကြီးက တူအားကောက်ကိုင်သည်။ သွန်းလက်စ သံရိုင်းအားဘေးတစ်ဖက်သို့ချရင်း ထန်စန်းအားပြော၏။
“ငါ့နာမည်ကရှီစန်း၊ ကျောက်တုံးလို့အဓိပ္ပာယ်ရတဲ့ရှီပေါ့၊ ငါ့ကိုဦးလေးစန်းလို့ခေါ်လို့ရတယ်၊ ဒီပန်းပဲရုံကငါအမွေရထားတာလေ၊ နေ့လည်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ငါ့အတွက်အလုပ်လာလုပ်ပေးရင် ကြေးပြားဆယ်ပြားပေးမယ်၊ မင်းကြိုးစားရင်တော့ ငါမင်းကိုပိုပေးမှာပေါ့၊ အိုး ဒါနဲ့မင်းနာမည်ကဘာလဲ”
“ဦးလေးစန်း ကျတော့်ကိုထန်စန်းလို့ခေါ်လို့ရပါတယ်ဗျ”
“ထန်စန်းတဲ့လား၊ မင်းမှာလည်း “စန်း”ဆိုတဲ့နာမည်ပါတော့ ငါတို့နှစ်ယောက်အတူတူပဲ၊ ကြည့်ရတာ ငါတို့နှစ်ယောက်ကံစပ်နေတယ်နဲ့တူတယ်၊ မင်းကဘယ်ရွာကလာတာလဲ”
ထန်စန်းကဖြေလိုက်သည်။
“ကျတော်က သူတော်စင်ဝိညာဉ်ရွာကလာတာပါ ဦးလေး”
ရှီစန်းက မေးသည်။
“မင်းအရင်တုန်းက မင်းအဖေဆီကနေ ပန်းပဲသွန်းနည်းတွေကိုသင်ဖူးတယ်ဆို၊ မင်းကဒီလောက်ငယ်ငယ်လေးရှိသေးတာ မင်းအဖေကမင်းကိုဘယ်လိုသင်ပေးလဲ”
ထန်စန်းက..
“ပန်းပဲသွန်းတယ်ဆိုကာမှ ဦးလေးစန်း ကျတော်ကသေးသေးလေးဖြစ်နေတာကိုမကြည့်နဲ့ဗျ၊ ငယ်ငယ်ကတည်းကခွန်အားကြီးတယ်၊ သံရိုင်းကိုပန်းပဲထုတာလောက်ကတော့ ပြဿနာမရှိဘူး”
ရှီစန်းက တဟားဟားဖြင့်အော်ရယ်သည်။
“ညီအကိုတို့ ငါတို့ရဲ့လက်ထောက်အသစ်ကလေးက ပန်းပဲထုနိုင်တယ်လို့ပြောတယ်ကွ၊ မင်းတို့ယုံကြလား”
အခန်းတွင်းရှိ ပန်းပဲသမားတို့မှာအူလှိုက်သည်းလှိုက်ရယ်ကုန်ကြ၏။ ထန်စန်းအားကြည့်ပါက ခြောက်နှစ်ခုနှစ်လောက်သာရှိသေးပုံရ၏။ ပထမဆုံးဝိညာဉ်ကွင်းအားရခဲ့ခြင်းကြောင့်သာ ထိုမျှအရပ်ရှိနေခြင်းဖြစ်သည်၊ မဟုတ်ပါကထို့ထပ်ပို၍ပုညှပ်နေမည့်ပင်။ ထိုအရွယ်လောက်ဖြင့် မည်သူကမျှ ပန်းပဲထုနိုင်မည်ဟု ယုံကြည်နိုင်မည်နည်း။
ထိုလူများ၏ အထင်သေးသောအကြည့်ကြောင့် ထန်စန်းအနည်းငယ်ဒေါသထွက်လာ၏။ သူကပြောလိုက်သည်။
“ဦးလေးစန်း ကျတော်တကယ်ပန်းပဲထုနိုင်တာပါဗျ၊ ဦးလေးမယုံဘူးဆိုစမ်းလုပ်ပြမယ်လေ”
ရှီစန်းက လုပ်လက်စအလုပ်အားရပ်လိုက်သည်။
လက်ထဲ၌ကိုင်ထားသော ပန်းပဲတူကိုမြေပေါ်သို့ချလိုက်ရင်း...
“ဒါဆိုလဲ မင်းငါ့ရဲ့တူကိုစမ်းကောက်ကြည့်၊ တူကိုမနိုင်ရင် မင်းပြောတာကိုယုံပေးမယ်”
ထိုသို့ပြောရင်း တူလက်ကိုင်အား ထန်စန်းသို့ကမ်းပေးသည်။ တူကမြေကြီးသို့ခေါင်းစိုက်ထားရာ မတော်တဆထန်စန်းမနိုင်ခဲ့ပါက ပြုတ်ကျမှာစိုးသောကြောင့်ပင်။
“ဦးလေးစန်း ဦးလေးက ဒီသံရိုင်းကမသန့်စင်မှုတွေကိုဖယ်ထုတ်ချင်နေတာမဟုတ်လား၊ ကျတော်ဦးလေးကိုကူညီပေးမယ်”
ထန်စန်းက ဦးလေးစန်းထံမှ တူလက်ကိုင်အားလှမ်းယူလိုက်၏။
ရှီစန်းမှာ သာမန်ထပ်လွန်ကဲသောခွန်အားရှိသူဖြစ်သဖြင့် သူသုံးသောပန်းပဲတူမှာ တခြားလူများထပ်ကြီးမားပေ၏။ ထန်စန်းအရပ်နှင့်ယှဥ်ပါက ထိုတူမှာ ပေတစ်ဝက်ခန့်ပင်ပိုရှည်နေသည်။ ယခုပန်းပဲဖိုရှိ လူအကုန်ကထန်စန်းအားကြည့်နေကြသည်။ သူတို့မျက်နှာမှာ ရယ်ချင်နေပုံပင်၊ သို့သော်ရုတ်တရက်သူတို့ကြက်သေသေသွားကြ၏။ သူတို့မျက်စိရှေ့ရှိ ထန်စန်းကတူကြီးအား အလွယ်တကူကိုင်၍ ချောမွေ့စွာမနေနိုင်သည်။
သူကိုင်ထားသော ပန်းပဲတူမှာ သာမာန်ပန်းပဲတူများထပ် ၃၀ရာခိုင်နှုန်းခန့်ပိုလေးကြောင့် ထန်စန်းခန့်မှန်းမိလိုက်၏။ ဝိညာဉ်ကွင်းမရသေးခင်ဆိုပါက ထိုတူအားမရန်အားအတော်စိုက်ထုတ်ရပေမည်။ ယခုတော့မတူတော့။
ပန်းပဲတူအား ထန်စန်းသယ်မနိုင်သည်ကိုမြင်လိုက်ရသဖြင့် ရှီစန်းမျက်လုံးများကပြူးကျယ်သွားသည်။ သူကလေးစားဟန်ဖြင့်...
“ကြီးလိုက်တဲ့ခွန်အား၊ ပန်းပဲဆရာရဲ့သားဖြစ်ထိုက်ပါပေတယ်”
မီဖိုထဲရှိသံရိုင်းအားကြည့်ရင်း ထန်စန်းမျက်လုံးများကတောက်ပသွားသည်။ အသက်ကိုခပ်ပြင်းပြင်းရှုရင်း ရှီစန်း၏ပန်းပဲတူအားလွှဲရမ်းလိုက်၏။
“ဟိုင်းယား”
ခြေဖဝါးကမြေပြင်အားကုပ်ဆွဲထားသည်။ ခြေသလုံးမှ ခွန်အားများထွက်ပေါ်လာ၏။ စွမ်းအားကအပေါ်သို့တက်လာသည်။ ခန္ဓာကိုယ်အားတစ်ဝက်လှည့်ရင်း တူအားခပ်စောင်းစောင်းရိုက်ချသည်။ စွမ်းအားပြင်းသောရိုက်ချက်က သံရိုင်းတုံးပေါ်သို့ကျသွား၏။
ထန်းဆိုသောအသံနှင့်အတူ ကြည့်နေသောပန်းပဲသမားများမှာ မပြုံးနိုင်တော့ ကြက်သေသေကုန်ကြသည်။ တူရိုက်ချက်ပြန်ကန်လာသည်နှင့် ထန်စန်းကခန္ဓာကိုယ်အား တပတ်အပြည့်လှည့်လိုက်၏။ လက်ထဲရှိတူကပြန်ကျလာသည်။ နီရဲနေသောသံရိုင်းတုံးအား တူဖြင့်တူမိသဖြင့် ကျယ်လောင်သောအသံကတဖန်ပြန်ထွက်ပေါ်လာသည်။
“ဦးလေးစန်း ဖားဖိုလေးတစ်ချက်ဆွဲပေးပါအုံး၊ မအရှိန်ကမလောက်သေးဘူး”
ထန်စန်းက ခပ်မြန်မြန်လှမ်းပြောရင်း တတိယထုချက်အားရိုက်ချက်လိုက်၏။ ဒီတကြိမ်တွင် တူထုသံကပို၍အားပြင်းလာသည်။ လေတိုးသံ ဝူး..ဝူး ကိုပင်ကြားရသည်။
ရှီစန်းမှာ အတွေ့အကြုံရင့် ပန်းပဲသမားဖြစ်သောကြောင့် အပူချိန်မလောက်ခြင်း၏အကျိုးဆက်အားနားလည်သည်။ တဖက်သို့အမြန်သွား၍ဖားဖိုအားဆွဲ၏။
ထန်စန်းလုပ်သွားသောလုပ်ရပ်များက ဖိုအတွင်းရှိပန်းပဲသမားများအား အထင်ကြီးစေသည်။ ထိုပန်းပဲတူကထန်စန်းလက်အတွင်း စည်းချက်ကျကျဖြစ်နေသည်။ မုန်တိုင်းတိုက်သည့်အလား မွေ့မွေ့လည်နေ၏။
တူကိုင်ထားသော ထန်စန်း၏လက်နှစ်ဖက်မှာ ကျောက်စိမ်းရောင်ကဲ့သို့ပြောင်းလဲသွားသည်အား မည်သူကမှသတိမပြုမိလိုက်။ ထန်းဆိုသည့့်အသံများနှင့်အတူ သံရိုင်းတုံးမှာ တဒုတ်ဒုတ်ဖြင့်ပြားလာသည်။
ရှီစန်းက တဖက်မှနေ၍ခွန်အားပြည့်ဖြင့် ဖားဖိုအားဆွဲနေသည်။ သူကထန်စန်းလှုပ်ရှားမှုများအား အနီးကပ်ကြည့်ရင်း အလွန်တုန်လှုပ်သွား၏။
ကြည့်နေသော ပန်းပဲသမားများက ရှီစန်း၏တူမှာအတော်ပင်လေးကြောင်း သိကြသည်။ ထိုတူအားဆက်တိုက်ထုရန် အတော်ပင်ခက်ခဲလှ၏။ထန်စန်းကဲ့သို့ အပြင်းအထန်ဆက်တိုက်ထုနိုင်ရန်မှာ ပို၍ခက်ခဲလှမည်ပင်။
ထန်း.. နောက်ဆုံးတစ်ချက်ထုပြီးပြီဖြစ်၏။ တူအားနှစ်ပတ်လှည့်ပြီးနောက် မူလနေရာ၌ပြန်ထလိုက်သည်။ တူ၏အရှိန်အားလျော့ချရန်ထိုသို့လုပ်လိုက်ခြင်းဖြစ်၏။ တူခေါင်းကမြေပြင်ပေါ်သို့စိုက်ကျသွားရာ ကြည့်နေသော ပန်းပဲသမားများသည်လည်း သူတို့နှလုံးသားထဲ၌ဒုံးကနဲဖြစ်သွားသကဲ့သို့ခံစားလိုက်ရသည်။
၂၇ချက် အဆက်မပြတ်၂၇ချက်ထုလိုက်ခြင်းသာ၊ ရှီစန်းထိုသံရိုင်းအား ထုစဉ်အခါက သံရိုင်းမှာအနည်းငယ်မျှပင်မပြောင်းလဲခဲ့သော်လည်း၊ ယခုတွင် စက်ဝိုင်းပြားလေးကဲ့သို့သေးငယ်သွားပြီဖြစ်၏။
သူကိုယ်တိုင် ထိုသံရိုင်းအားထုပါက တစ်နေ့ကုန်အချိန်ယူရမည်ဖြစ်ကြောင်း ရှီစန်းသိသည်။ တစ်ခုသိထားရမည်က ရှီစန်းမှာ နှစ်၅၀ခန့်ပန်းပဲလုပ်ခဲ့သူပင်။
ထန်စန်း၏နဖူးကချွေးများဖြင့်ရွှဲစိုနေသည်။ ရှီစန်းထံမှ ခြောက်ခြားနေဟန်ဖြင့် ထစ်ငေါ့သံကထွက်ပေါ်လာ၏။
“ဒါ..ဒါက စနစ်မဲ့လေပွေပန်းပဲပညာရပ်ပဲ၊ ပန်းပဲသွန်းတဲ့ပညာရပ်တွေထဲမှာ စဉ်ဆက်မပြတ်ထုနိုင်တဲ့အကောင်းဆုံးပန်းပဲပညာရပ်ပဲ”
“စနစ်မဲ့လေပွေပန်းပဲပညာရပ်လား၊ အဲ့တာကဘာလဲ”
ထန်စန်းကမရေရာဟန်ဖြင့်မေးလိုက်သည်။
ရှီစန်း၏မျက်နှာကစိတ်လှုပ်ရှားမှုကြောင့်နီရဲနေသည်။
“စနစ်မဲ့လေပွေပန်းပဲပညာရပ်ကဘာလဲဆိုရင် စဉ်ဆက်မပြတ်ထုနိုင်စေတဲ့ ပန်းပဲပညာရပ်ပဲ၊ အဟုန်ကိုအသာစီးယူပြီး စွမ်းအားကိုတိုးလာစေတယ်၊ ပန်းပဲသမားတစ်ယောက်ရဲ့ရုပ်ခွန်အားကိုအပြည့်အဝအသုံးချစေနိုင်တဲ့ ပညာရပ်ပဲ၊ အဲ့နည်းလမ်းကိုသုံးပြီး ၈၁ချက်ထုနိုင်ရင် သံရိုင်းကိုတောင်မှ နတ်ဘုရားသတ္ထုအဖြစ်ပြောင်းလဲနိုင်တယ်လို့ပြောကျတယ်၊ စနစ်မဲ့လေပွေပန်းပဲပညာရပ်ရဲ့အကောင်းဆုံးအချက်က သတ္ထုတွေမှာပါတဲ့ အညစ်အကြေးတွေကိုဖယ်ထုတ်ပေးနိုင်တာပဲ၊ အဲ့နည်းလမ်းကို အချိန်အကြာကြီးကတည်းကပျောက်ဆုံးနေခဲ့ပြီထင်တာ မထင်မှတ်ထားပဲ မင်းလက်ထဲမှာ ပြန်ပေါ်လာတာပဲ”
ဤတွင် အခန်း၁၂ပြီး၏။