အပိုင်း ၅၅
ထိုစကားအားကြားလိုက်သော အလုပ်သင်ကျောင်းသားများ၏မျက်လုံးထဲ၌ အားကျဟန်များပေါ်လာသည်။ မနာလိုချင်းမဟုတ် အားကျနေခြင်းသာ၊ ဒီနေ့ပြခဲ့သောထန်စန်း၏ခွန်အားကသူ့တို့စိတ်ထဲ၌တံဆိပ်နှိပ်ထားသကဲ့သို့ စွဲကျန်ရစ်စေခဲ့ပြီဖြစ်၏။ ရှောင်ချန်ယုကဲ့သို့ ဝိညာဉ်ကွင်းရပြီးသာသူကိုပင် အနိုင်ယူခဲ့ခြင်းကသူတို့စိတ်ထဲမှလေးစားမှုကိုရရှိသွားပြီဖြစ်သည်။ လူဆိုသည်မှာ မိမိထပ်အနည်းငယ်မျှသာလွန်သူကိုမနာလိုဖြစ်တတ်ကြသော်လည်း မိမိထပ်အဆများစွာသာလွန်သူကိုမူ လေးစားအားကျကြသည်မဟုတ်ပါလား။
ရှောင်ဝူကသိလိုစိတ်အပြည့်ဖြင့်မေးသည်။
“ဝိညာဉ်သခင်အဖြစ်အသိအမှတ်ပြုခံရတာ ဘာများကောင်းလို့လဲ၊သုံးစားမရတဲ့ ခေါင်းစဉ်ကြီးပဲမဟုတ်ဘူးလား”
ထန်စန်းချောင်းတဟွတ်ဟွတ်ဖြစ်သွား၏။ သူကပြောလိုက်သည်။
“ဝိညာဉ်သခင်အဖြစ်အသိအမှတ်ပြုခံလိုက်ရတယ်ဆိုတာက နောက်ဆိုရင်ငါအစားကောင်းတွေစားလို့တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပဲ၊ ဝိညာဉ်သခင်တွေက လစဉ်ထောက်ပံ့ကြေးအဖြစ်ရွှေတစ်ပြားရတယ်လေ”
“ရွှေတစ်ပြားဟုတ်လား၊ အဲ့လောက်တောင်များလား”
ယခုလက်ရှိ ရှောင်ဝူမှာငွေကြေးတန်ဖိုးကိုကောင်းကောင်းနားလည်နေပြီဖြစ်သည်။ အလုပ်သင်ကျောင်းသားများ၏အနာဂတ်စားသောက်စရိတ်အား ရှောင်ချန်ယုကဒကာခံမည်ဟုပြောသော်လည်း သူမလက်ထဲတွင်ပိုက်ဆံရှိသည်က ပိုပျော်ဖို့ကောင်းသည်ပင်မဟုတ်ပါလား။
ထို့သို့ပြောရင်းရှောင်ဝူက ကုတင်ပေါ်မှအလျင်အမြန်ထသည်။ စိတ်လှုပ်ရှားစွာဖြင့်ပြေးထွက်သွားတော့မည်ဟန်ပြု၏။
“ဟဲ့ဟဲ့..ရှောင်ဝူ နင်ဘယ်သွားမလို့လဲဟ”
“ငါလည်းဝိညာဉ်ခန်းမမှာ မှတ်ပုံသွားတင်မလို့လေ၊ အာ ဒါဆိုရတဲ့ရွှေတစ်ပြားနဲ့အရသာရှိတဲ့ဟာတွေဝယ်စားလို့ရပြီမဟုတ်လား”
“ဒီကိစ္စလေးအတွက်နဲ့ အလျင်လိုစရာမလိုပါဘူးဟ”
“အလျင်လိုရမှာပေါ့ဟဲ့ ဒီနေ့ကလကုန်ရက်လေ၊မနက်ဖြန်ဆိုနောက်လကူးပြီ၊ ဒီနေ့မှတ်ပုံတင်လိုက်ရင် နှစ်လစာရွှေနှစ်ပြားတောင်ရမှာပေါ့”
“အေးဟုတ်သားပဲ ဒါပေမဲ့ နင်မသွားခင်ဖိနပ်လေးတော့စီးသွားဦး”
“အီး……”
နောက်ဆုံးတော့ ရှောင်ဝူမှာ ဝိညာဉ်ခန်းမသို့တက်ကြွစွာထွက်ခွာသွားသည်။ ထန်စန်းစိတ်ထဲ၌ကြိတ်ရယ်လိုက်မိ၏။ အဖိုးမာတစ်ယောက် လန့်ဖျတ်သွားမည်လားမသိ၊ ရှောင်ဝူမှာသားရဲစိတ်ဝိညာဉ်နှင့်တိုက်ပွဲဝိညာဉ်သခင်ပင်မဟုတ်ပါလား။ သူ့ထပ်စာပါက သူမ၏အရည်အချင်းကပိုကောင်းနေသေးသည်။
အလုပ်သင်ကျောင်းသားတို့၏တာဝန်များကိုလုပ်ဆောင်စရာမလိုတော့သဖြင့် လမ်း၌တွေ့ခဲ့ရသော ပန်းပဲဖိုအကြောင်းကခေါင်းထဲရောက်လာသည်။ ရွာသူကြီးဖြစ်သောအဖိုးဂျက်ကပြောဖူး၏။ အလယ်တန်းအဆင့်ဝိညာဉ်သင်တန်းကျောင်း၏ ကျောင်းစရိတ်မှာမသေးလှပေ။ ထို့အပြင်အိမ်အတွက်လည်း အချို့ပစ္စည်းများကို ထန်စန်းဝယ်ချင်သေးသောကြောင့် ငွေများများရဖို့လိုသည်။ ပန်းပဲဖို၌အလုပ်လုပ်ချင်းကသာ သူ့လက်နက်ပုန်းလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မည်ဖြစ်ပြီး သူ့အဖေ၏ဆန္ဒကိုလိုက်လျောရာကျသည်မဟုတ်ပါလား။ သူ့လက်ဖြင့်ကိုယ်တိုင်လုပ်ခဲ့ဲ့သော မြှားငယ်လက်နက်ပုန်းအစွမ်းကြောင်း ထန်စန်းတစုံတစ်ခုအားသတိပြုမိလိုက်၏။ သူကိုယ်တိုင်ပြုလုပ်ပြီး ရင်းနှီးကျွမ်းဝင်နေသောလက်နက်ပုန်းများကသာ သာမန်လက်နက်ပုန်းများထပ်ပိုသော စွမ်းအားကိုပေးစွမ်းနိုင်ပေသည်။
“ထန်စန်းဟိုတစ်နေ့ကကိစ္စအတွက်ငါတောင်းပန်ပါတယ်၊ ငါ့ကိုဗွေမယူပါနဲ့”
ထန်စန်းအတွေးနွံ့ထဲနစ်မျောနေခိုက် ဝမ်ရှန်းကသူ့ဘေးနားရောက်လာသည်။ ဟန်မဆောင်ခြင်းအလျင်းမရှိဘဲ လာတောင်းပန်သည်။
ဝမ်းရှန်း၏ရိုးရိုးသားသားတောင်းပန်ကိုမြင်လိုက်သည့်အခါ ထန်စန်းကခေါင်းကိုရမ်း၏။ သူကခပ်ဖွဖွပြုံးရင်း...
“ဘာကိုစိတ်ဆိုးရမှာလဲ၊ အဲ့ကိစ္စကိုငါ့မေလိုက်တာကြာပါပြီ၊ ဝမ်ရှန်း ငါသွားစရာရှိသေးလို့ရှောင်ဝူမေးရင် ညနေမှပြန်ရောက်မယ်လို့ပြောပေးပါ”
ဝမ်ရှန်းကခေါင်းညိတ်သည်။
“ငါပြောပေးထားပါ့မယ်၊ အော်အေး ဒါနဲ့ဝိညာဉ်သခင်ဖြစ်သွားတဲ့အတွက်ဂုဏ်ပြုပါတယ်”
ထန်စန်းက ခပ်ဖွဖွပြုံးရင်း..
“သိပ်မကြာပါဘူး မင်းလဲပဲအဆင့်တက်နိုင်မှာပါ”
နောက်တကြိမ်နော်ဒင်အကယ်ဒမီမှထွက်လာရပြန်သည်။ ထန်စန်းအနည်းငယ်ပင်ပန်းနေသလိုခံစားနေရ၏။ ဂရန်းမာစတာနှင့်ဝိညာဉ်အမဲလိုက်တော်မှ ပြန်ရောက်လာပြီးကတည်းက ကောင်းကောင်းအနားမယူရသေးပေ။ ရှောင်ချန်ယုတို့အုပ်စုနှင့်ချခဲ့ရသည့်အပြင် ဝိညာဉ်ခန်းမသို့လည်းအပြေးအလွှားသွားခဲ့ရသည်။ ဆန်းကြယ်ကောင်းကင်ပညာရပ်၏ဒုတိယအဆင့်တွင်ရှိနေသော်လည်း ပင်ပန်းသလိုခံစားနေရ၏။
ပင်ပန်းသော်လည်း ပန်းပဲရုံသို့သွားရမည်က အရေးကြီးကိစ္စဖြစ်နေသည်။ အဆိုးဆုံးအနေဖြင့် မနက်ဖြန်မှအလုပ်စဆင်းရမည်သာ၊ ထန်စန်းစိတ်ထဲမတင်မကျဖြစ်နေသည်က သူကဲ့သို့ကလေးအား ပန်းပဲဆရာအဖြစ်လက်ခံကြမည်လား။
ပန်းပဲရုံသို့ရောက်ရောက်ချင်း ထန်စန်းအထဲသို့တိုက်ရိုက်ဝင်သွား၏။ အထဲသို့ရောက်ရောက်ချင်း အပူလှိုင်းကမျက်နှာသို့ရိုက်ခတ်လာသည်။ အမှန်ပင် ထန်စန်းအိမ်ရှိပန်းပဲဖိုအစုတ်မှထွက်သော အပူရှိန်ကဒီထပ်နည်းပေသည်။
အတွင်းခန်းကအတာ်ကျယ်သည်။ အခန်းညာဘက်တွင် ကောင်းမွန်စွာသွန်းလုပ်ထားသော ပစ္စည်းကိရိယာများက အစီအရီရှိနေ၏။ လက်ယာသုံးပစ္စည်းများသာမက ဓါးဒိုင်းကာစသောလက်နက်မျိုးစုံကိုလည်းတွေ့ရသည်။ အမှန်တကယ်တွင် ဤကမ္ဘာ၌ဝိညာဉ်သခင်များဆိုသည်မှာ လူနည်းစုသာဖြစ်သည်။ သာမန်လူများမှာမူ မရေမတွက်နိုင်အောင်များပြားလှသည်သာ၊ ထို့အတွက်ကြောင့် လယ်ယာသုံးပစ္စည်းများထပ်စာပါက လက်နက်များမှာပို၍စျေးကောင်းရပေသည်။
ထိုလက်နက်များကိုမြင်လိုက်သည့့်အခါ ထန်စန်းသူ့အရင်ဘဝကိုပင်ပြန်အမှတ်ရသွား၏။ ထိုအချိန်က ထန်ဂိုဏ်း၏စက်တပ်လက်နက်ပုန်းများမှာ ထန်ဂိုဏ်း၏အဓိကဝင်ငွေလမ်းကြောင်းဖြစ်ခဲ့သည်။ လက်နက်ပုန်းရောင်းချခြင်းနှင့်ပတ်သက်၍ ထန်ဂိုဏ်း၌စည်းမျဉ်းများစွာကိုလည်းချထား၏။ သူတို့ကလက်နက်ပုန်းများကိုရောင်းချကြသော်လည်း အဆိပ်မပါသော သာမန်ကောင်းနိုးရာရာလက်နက်ပုန်းများကိုသာရောင်းချပေးသည်။ အစစ်အမှန်စွမ်းအားကြီးလျှို့ဝှက်လက်နက်ပုန်းများကိုမူ မှာယူ၍ရမည်မဟုတ်။ ထိုသို့ဖြစ်သည့်တိုင်အောင် ကျန်းဟူ(သိုင်းလောက)၌ ထန်ဂိုဏ်းမှလက်နက်ပုန်းများကို အရေအတွက်နည်းနည်းသာရနိုင်ပေ၏။
အကယ်၍သူသာ ဤကမ္ဘာ၌လက်နက်ပုန်းများကိုဖြန့်ဖြူးရောင်းချနိုင်ပါက ငွေမည်မျှများများရမည်နည်း။
“ကလေး ဘယ်လိုဖြစ်လို့ပန်းပဲရုံထဲရောက်လာတရတာတုန်း၊ ပစ္စည်းတွေဝယ်ချင်ရင် မင်းမိသားစုထဲ လူကြီးတွေကိုလာဝယ်ခိုင်းပေါ့ဟ၊ သွားသွား မြန်မြန်သွား ဒီမှာအန္တရာယ်များတယ်”
ထန်စန်းအတွေးနက်နေစဉ်မှာပင် ခပ်ကျယ်ကျယ်အသံတစ်ခုကသူကလှုပ်နှိုးလိုက်သည်။
ကြွက်သားအပြိုင်းပြိုင်းနှင့် အပေါ်ပိုင်းဗလာကျင်းထားသော လူကြီးကလှမ်းအော်လိုက်ခြင်းပင်၊ သူ့လက်ထဲ၌တူကြီးတစ်လက်အားကိုင်ထားပြီး သူ့နဖူးကချွေးများဖြင့်ပြည့်နေ၏။
“ဦးလေး မင်္ဂလာပါဗျ၊ ဒီပန်းပဲဖိုမှာ အလုပ်သင်လေးများလိုသလားလို့”
ပတ်ဝန်းကျင်ကပန်းပဲထုသံများဖြင့်ဆူညံနေသော်လည်း ထန်စန်း၏ပျိုမျစ်နုငယ်သောအသံကို လူတိုင်းရှင်းလင်းပြတ်သားစွာကြားလိုက်ရသည်။
တူထုဟန်ပြင်သော ပန်းပဲဆရာအများစုမှာ ကြောင်အသွား၏။ ထန်စန်းအားပြုံး၍ကြည့်လိုက်ကြသည်။ ပန်းပဲအလုပ်မှာ အညတရအလုပ်ဟုသတ်မှတ်နိုင်သည်။ယခုအလုပ်လုပ်နေကြတော့ လူအများစုမှာ ချိို့တဲ့ကြသည်။ ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့်လက်မှုပညာအား အထောက်အပံ့ပြု၍ ထမင်းစားရရန်ကြိုးပမ်းကြရကာ ကြမ်းကြမ်းတမ်းတမ်းလုပ်ကိုင်ရသော်လည်း စိတ်သဘောထားဖြောင့်မတ်၍ ရိုးသားကြသူများဖြစ်ကြ၏။
ထန်စန်းကိုလှမ်းသတိပေးသော ပန်းပဲဆရာကြီးက သူ့အားခြေဆုံးခေါင်းဆုံးကြည့်ရင်း...
“ဒီမယ်ကလေး လာနောက်မနေနဲ့ မြန်မြန်သွား၊ မင်းရဲ့ဒီဝတ်ပုံစားပုံနဲ့ပန်းပဲဆရာဖြစ်ချင်နေသေးတာလား၊ ပြီးတော့ ဦးလေးကြီးတို့နေရာက ဒီလောက်သေးတဲ့အလုပ်သင်လေးမျိုးကိုမလိုဘူးကွ၊ မင်းက ပန်းပဲတူကိုမနိုင်ရင်တောင်ကံကောင်းပေါ့ကွာ ဟားဟား”
ထန်စန်းက ယခုမှပင်သူဝတ်ထားသောအဝတ်အစားမှာကျောင်းဝတ်စုံပင်ဖြစ်နေသေးကြောင်းသတိပြုမိလိုက်၏။ မည်သည့့်ပန်းပဲဆရာက ထိုကဲ့သို့ဝတ်မည်နည်း။
“တဆိတ်လောက်ဦးလေး ကျတော်ခနနေရင်ပြန်လာခဲ့မယ်”
ထိုသိုပြောပြီး သူ့အပြင်သို့ပြန်ပြေးထွက်သွား၏။
ပန်းပဲရုံက နော်ဒင်အကယ်ဒမီနှင့်အတော်လေးနီးသည်ဟုဆိုနိုင်သည်။ ထန်စန်းပြန်ရောက်လာသည့်အခါ သူ့မူလအဝတ်အစားများကိုလဲလိုက်၏။ဤအဝတ်အစားများကြောင့် ပန်းပဲဆရာပုံစံပေါက်ရန် မိတ်ကပ်ပင်ပြင်စရာမလို။
ထန်စန်းမှာ နောက်တစ်ခါပန်းပဲဖိုသို့ပြန်ရောက်လာ၏။ ခုနကဦးလေးကြီးအားလိုက်ရှာသည်။
“ဦးလေး ဒီလိုဆိုအလုပ်သင်အဖြစ်ခန့်လို့ရပြီလား”
ချုပ်ရာဗရပွဖြင့် ထန်စန်းဝတ်စုံအားကြည့်ရင်း ထိုဦးလေးကြီးမှာ ခေတ္တကြောင်အမ်းသွား၏။
“မိတ်ဆွေလေး မင်းငါ့ကိုလာနောက်နေတာတော့မဟုတ်ဘူးမို့လား”
ထန်စန်းကရိုးရိုးသားသားဖြင့်..
“နောက်နေတာမဟုတ်ဘူး ဦးလေးရဲ့၊ ကျတော်ကနော်ဒင်အကယ်ဒမီရဲ့အလုပ်သင်ကျောင်းသားတစ်ယောက်ပါ၊ နေ့တိုင်းနေ့လည်ကျ ကျတော်အားတယ်လေ၊ ကျတော့်အဖေကရွာကပန်းပဲဆရာတစ်ယောက်ပါ၊ အဖေ့ဆီကပန်းပဲပညာတော့နည်းနည်းပါးပါးသင်ဖူးပါတယ်၊ ဒီမှာအလုပ်လုပ်ပြီးတော့ ဝင်ငွေလေးရချင်လို့”