အခန်း ၁၀ ပထမဆုံးဝိညာဉ်ကွင်း၏စွမ်းရည်အပိုင်း ၄၃
တချိန်တည်းမှာပင် တစ်စုံတစ်ခုအသာအယာအက်ကွဲသွားသံကိုထန်စန်းကြားလိုက်ရ၏။ ပရမ်းပတာဖြစ်နေသောစွမ်းအင်စီးကြောင်းများကစတင်ပေါင်းစည်းလာသည်။ နို့နှစ်ရောင်စွမ်းအင်စီးကြောင်းများအဖြစ်သို့ပြောင်းလဲသွား၏။ ခန္ဓာကိုယ်တွင်းရှိ ပူပြင်းသောလေစီးကြောင်းများမှာ ပျောက်ကွယ်လာသည်။ နွေးထွေး၍ သက်တောင့်သက်သာရှိသောခံစားမှုကိုသာချန်ရစ်ခဲ့၏။
အောင်မြင်သွားပြီပင်။ ထန်စန်းနောက်တကြိမပျော်ရွှင်သွား၏။ အရင်ဘဝတုန်းကလည်း ဆန်ကြယ်ကောင်းကင်ပညာရပ်၏ဒုတိယအဆင့်သို့ဖောက်ထွက်ရာ၌ ဒီလိုခံစားမှုမျိုးအားထန်စန်းခံစားခဲ့ရဖူးသည်။ ကိုယ်တွင်းစွမ်းအင်က ဝိညာဥ်ကွင်းမှစွမ်းအားနှင့်ပေါင်းစည်းသွားပြီး ပို၍စွမ်းအားကြီးသော စွမ်းအင်တစ်မျိုးဖြစ်သွား၏။ အချိန်ခဏလေးအတွင်း သူ့ကိုယ်တွင်းရှိ အဆက်မပြတ်လှည့်ပတ်နေသောစွမ်းအင်များက သူ့ချက်နားရှိ ဒန်တျန်(စွမ်းအင်ဗဟို)သို့ဖြည်းညှင်းစွာစီးဆင်းသွားတော့သည်။
ထန်စန်း သံသယရှိသကဲ့သို့ပင် ဤလောကသို့ရောက်လာသည့်အခါ သူ၏ဆန်းကြယ်ကောင်းကင်ပညာရပ်က ဝိညာဉ်သခင်များ၏ဝိညာဉ်စွမ်းအားဖြင့် ထူးခြားဆန်းကြယ်စွာချိတ်ဆက်ပြီး ပုံစံပြောင်းသွားပုံရသည်။ ဆန်းကြယ်ကောင်းကင်ပညာ၏အဆင့်တဆင့်ချင်းစီက ဝိညာဉ်သခင်တို့၏အဆင့်များနှင့်အတူတူပင်ဖြစ်လောက်ပေမည်။ ပထမဆုံးဝိညာဉ်ကိုကွင်းကိုရခဲ့ခြင်းက ဆန်းကြယ်ကောင်းကင်ပညာရပ်၏ပထမအဆင့်၌ပိတ်ဆို့နေမှုအားဖောက်ထွက်သွားနိုင်ခဲ့သည်မဟုတ်ပါလား။
အမှန်ပင်သူ၏လက်ရှိစွမ်းအားမှာ ဆန်းကြယ်ကောင်းကင်ပညာရပ် ဒုတိယအဆင့်ရောက်ရုံလောက်စွမ်းအားသာရှိသည်မဟုတ် သူ့တွင် ထန်ဂိုဏ်း နည်းစနစ်များနှင့်မသက်ဆိုင်သော ဝိညာဉ်စွမ်းအားလည်းရှိသေး၏။ ထို့အပြင် ပထမဝိညာဉ်ကွင်းမှစွမ်းရည်များလည်းရှိသေးသည်သာ။
ဝိညာဉ်ကွင်းအားစုပ်ယူနေစဉ် အရာအားလုံးရှင်းလင်းသွားသကဲ့သို့ခံစားရသည့် ခံစားချက်အား စကားလုံးများဖြင့်ဖော်ပြ၍ရနိုင်မည်မဟုတ်ပေ။ မြေဆွဲအား၏သက်ရောက်ခြင်းမခံရပဲ တိမ်များအတွင်း ဟိုမှသည်မျောလွင့်နေသလို ပျော်ရွှင်ရသောအကြောင်းအရာတစ်ခုအား တစိမ့်စိမ့်တွေရင်း ကျေနပ်ပီတိဖြစ်ရသလိုမျိုးပင်၊သူ့ခန္ဓာကိုယ်ရှိ သုံးသောင်းခြောက်ထောင်သောမွှေးညှင်းပေါက်များပွင့်လာပြီး ပတ်ဝန်းကျင်ရှိစွမ်းအင်များကိုအငမ်းမရစုပ်ယူနေကြသည်။အခြေခံပြောင်းလဲသွားမှုက ထန်စန်း၏ခန္ဓာကိုယ်အားလည်းပြောင်းလဲမှုများဖြစ်လာစေသည်။
ထန်စန်းကသူ၏ရင်ခုန်စိတ်လှုပ်ရှားနေသော စိတ်အားတည်ငြိမ်စေလိုက်ပြီစဉ်းစားလိုက်၏။ ဝိညာဉ်ကွင်းများ၏အကူအညီဖြင့် ဆန်းကြယ်ကောင်းကင်ပညာရပ်အားအဆင့်တက်ရန်မှာ သူ၏အနာဂတ်လမ်းစဥ်ပင်၊ မည်သို့ပင်ဆိုစေ သူ့အနေဖြင့် ဤကမ္ဘာ၏စိတ်ဝိညာဉ်ဆိုသောအရာများနှင့်ကင်းကွာ၍ရနိုင်မည့်ပုံမပေါ်..။ ဆန်းကြယ်ကောင်းကင်ပညာရပ်၏ကိုယ်တွင်းစွမ်းအင်များက ဝိညာဉ်စွမ်းအားဖြစ်ပြီး ဝိညာဉ်စွမ်းအားကလည်းကိုယ်တွင်းစွမ်းအင်ဖြစ်လာနိုင်သည်။ သူ့ကံကြမ္မာက ဝိညာဉ်သခင်လမ်းကြောင်းအားလျှောက်ရမည့်ပုံရ၏။ ဟုတ်ပေသည်။ သူကထန်ဂိုဏ်း၏ ပထမဆုံးဝိညာဉ်သခင်ဖြစ်လာမည်သာ။
ထန်စန်းမျက်လုံးဖွင့်လိုက်သည့်အခါ မိုးပင်စင်စင်လင်းနေပြီဖြစ်သည်။ နေ့သစ်က အားမာန်တက်ကြွမှုများအားယူဆောင်လာပေး၏။
ထန်စန်းကခေါင်းကိုငုံ့ရင်း သူ့ကိုယ်သူ့ပြန်ကြည့်သည်။ ဝိညာဉ်ကွင်းအားစုပ်ယူလိုက်ခြင်းကြောင့် သူ့ခန္ဓာကိုယ်ကပြောင်းလဲသွားပုံရ၏။ နဂိုပိန်သေးသေးပုံစံလေးက အနည်းငယ်အရပ်ရှည်လာသည်။ ပုခုံးများကလည်း ပိုကျယ်ပြန့်လာသည်။
သူ့ကိုယ်ပေါ်ရှိအသားအရည်ကကျောက်စိမ်းရောင်ဖြင်ရွှန်းလဲ့နေသည်။
ခြေလက်များကိုလှုပ်ရမ်းကြည့်ရာ အရင်ကထပ်ပေါ့ပါးနေသည်ကိုခံစားမိသည်။ ဒုက္ခသုက္ခခံံ၍လေ့ကျင့်စရာပင်မလို...နှစ်ရာချီနတ်ဆိုးအိမ်မက်မြွေ၏ဝိညာဉ်ကွင်းအားစုပ်ယူလိုက်ခြင်းကြောင့် သူ့စွမ်းအင်ကျင့်စဉ်အတားအဆီးကျိုးပျက်သွားရုံသာမက သူ့ကိုယ်တွင်းရှိ အစိတ်အပိုင်းများသည်လည်း ကြီးကြီမားမားတိုးတက်သွားကြောင်းကိုသူသိလိုက်၏။
“ဆရာ”
သတိပြန်ဝင်လာလာခြင်း ထန်စန်း ဂရန်းမာစတာအကြောင်းအရင်းဆုံးတွေးမိသည်။ သူ၏ဆင်တူရိုးမှား သီအိုရီကအလုပ်ဖြစ်ကြောင်း ဂရန်းမာစတာအားပြောပြချင်လှ၏။ ပေါင်းစည်းခြင်းဖြစ်စဉ်အတွင်း၌ မည်သည့်ပဋိပက္ခ မည်သည့်နာကျင်မှုများအား ခံစားခဲ့ရခြင်းမရှိချေ။
သူဂရန်းမာစတာအားတွေ့လိုက်သည့်အခိုက် အလန့်တကြားဖြစ်သွား၏။
ဂရန်းမာစတာမှာ မြေပေါ်တွင်လှဲကျကာ သတိမေ့နေသည်။ သူတို့ပတ်ဝန်းကျင်၌ မြွေတားဆေးမှုန့်များအား ပတ်လည်ဖြူးထားသည်အားတွေ့လိုက်ရ၏။
“ဆရာ ဘာဖြစ်သွားတာလဲ”
ထန်စန်းနှလုံးသားထဲ အလွန်စိုးရိမ်ပူပန်သွားသည်။ ဂရန်းမာစတာကိုယ်အား ထူမပေးရင်းရွတ်မိလိုက်၏။
ဂရန်းမာစတာ၏မျက်နှာအားမြင်လိုက်ပြီးနောက် ထန်စန်းနှုတ်မှလွတ်ခနဲထွက်သွားသည်။
“အဆိပ်လား”
ဂရန်းမာစတာ၏အရေးအကြောင်းများဖြင့် မျက်နှာက သေခြင်းအရိပ်အငွေ့များရစ်သိုင်းနေ၏။ အသက်ကိုပင် ခက်ခက်ခဲခဲရှုနေရသည်ည်။ ခန္ဓာကိုယ်ကတောင့်တင်းနေပြီး အသိစိတ်ပင်မရှိတော့။
“ဘယ်လိုလုပ် ဆရာကအဆိပ်မိသွားတာလဲ”
ထိုမေးခွန်းက သူ့စိတ်ထဲပေါ်လာသည်။ ရုတ်တရက် ဂရန်းမာစတာ၏ခန္ဓာကိုယ်မှာ ပုံမှန်နှင့်မတူကြောင်း ထန်စန်းခံစားမိလိုက်၏။ အလျင်အမြန် ဂရန်းမာစတာ၏ညာအင်္ကျီလက်စအားဆွဲတင်ကြည့်သည်။
ဂရန်းမာစတာ၏ညာလက်က သာမန်ထက်သုံးဆမျှပင်ကြီးနေကာဖူးရောင်နေသည်။ အရေပြားမှာမူ ခရမ်းရောင်ပင်ပြောင်းနေပြီဖြစ်၏။ ကံကောင်းစွာဖြင့် လက်အပေါ်ဘက်၌ အ၀တ်စတစ်စအားတင်းကြပ်စွာချည်နှောင်ထားသည်အားတွေ့လိုက်ရသည်။ သူအဆိပ်မိနေကြောင်းသိသိချင်း ဂရန်းမာစတာမှာ အရေးပေါ်ကုသနိုင်ခဲ့ပုံရ၏။ ဤနည်းဖြင့်အဆိပ်မှာ တကိုယ်လုံးအားမပျံနှံ့သွားတော့၊ သို့သော် သတိမေ့သွားသေးသည့်ကိုကြည့်ချင်းအားဖြင့် အဆိပ်မှာအလွန်ပြင်းလှကြောင်းသိနိုင်သည်။
လက်ခနဲ ဂရန်းမာစတာမည်သို့အဆိပ်မိသွားသည်အား သူသိလိုက်၏။ နတ်ဆိုးအိမ်မက်မြွေလိုက်သဖြင့် သူတို့နှစ်ယောက်ထွက်ပြေးကြစဥ်က ဂရန်းမာစတာ၏စိတ်ဝိညာဉ် လျှိုစန်းပေါက်မှာ အကိုက်ခံလိုက်ရသည် မဟုတ်ပါလား၊ အတိအကျဆိုလျှင် ရှေ့ညာလက်အားကိုက်ခံလိုက်ရခြင်းပင်..၊ သားရဲစိတ်ဝိညာဉ်များမှာ သူတို့ပိုင်ရှင်နှင့်တစ်သားတည်းဖြစ်၏။ ဂရန်းမာစတာ၏စိတ်ဝိညာဉ်မှာ မူကွဲစိတ်ဝိညာဉ်ပင်ဖြစ်သော်လည်း ထိုအချက်မှာမူပြောင်းလဲပုံမရ၊ စိတ်ဝိညာဉ်အဆိပ်မိသွားသည်နှင့်ပိုင်ရှင်ပါအဆိပ်မိသွားသည်လား၊ သို့သော် ဂရန်းမာစတာက သူ့အသက်အန္တရာယ်ကိုပင် ဂရုမစိုက်ိုက်ပဲ ထန်စန်းဝိညာဉ်ကွင်းစုပ်ယူသည်၌ မတော်တဆမဖြစ်အောင်စောင့်ကြည့်ပေးခဲ့သည်။ သူကျင့်ကြံခြင်းအခြေအနေရောက်သည့်အချိန်မှ စစ်ဆေးကြည့်ရာအဆိပ်အားဝိညာဉ်စွမ်းအားကထိန်းမနိုင်တော့သဖြင့် ပျံနှံ့သွားပုံရ၏။
နှိုင်းယှဉ်ကြည့်ပါလျှင် ယခုကိစ္စ၌ ပစ္စည်းစိတ်ဝိညာဉ်များမှာ အားသာချက်ရှိကြောင်းတွေ့နိုင်သည်။ ပစ္စည်းစိတ်ဝိညာဥ်များမှာ အဆိပ်မိလျှင်လည်း ပိုင်ရှင်အားမကူးစက်နိုင်ပေ။
“တော်သေးတယ် ဆရာကအဆိပ်တွေတကိုယ်လုံးမပျံအောင်တားနိုင်ခဲ့လို့ မဟုတ်ရင် ငါလည်းဘာမှတတ်နိုင်မှာ မဟုတ်ဘူး”
ဂရန်းမာစတာဘယ်လက်ရှိ သွေးခုန်နှုန်းကိုစမ်းမိကာမှ ထန်စန်းသက်ပြင်းချနိုင်လိုက်၏။ အဆိပ်ကနှလုံးထိမရောက်သေးသောကြောင့် သူ့ကိုကယ်နိုင်သေးသည်သာ။
ထန်ဂိုဏ်းမှဖြစ်သည့် ထန်စန်းအတွက် အဆိပ်ဒဏ်ရာများအား မည်သို့ရင်ဆိုင်ရမည်အား ရှင်းရှင်းလင်းလင်းနားလည်သည်။ ယခုအချိန်မှာ နေ့အချိန်ဖြစ်သဖြင့် မီးရောင်ကဝိညာဉ်သားရဲများအားဆွဲဆောင်မိမည်အားစိုးရိမ်စရာမလိုပေ။ ထို့ကြောင့် ထန်စန်းမှာ အနားတစ်ဝိုက်ရှိ သစ်ရွက်ခြောက် သစ်ကိုင်းခြောက်များကိုစုစည်းလိုက်ပြီးမီးရှို့လိုက်သည်။ ဂရန်းမာစတာညာအင်္ကျီလက်စအားဆွဲဖြဲလိုက်၏။ ဂရန်းမာစတာပေးခံသော ဓားမြှောင့်ဖြင့် ကျွင်းတစ်ကျွင်းတူး၍ ဓားမြှောင်အားရေဖြင့်ဆေးသည်။
မီးပုံမှာ အလျှံအငြီးငြီးဖြင့်တောက်လောင်လာသည်။ ထန်စန်းကဓားမြှောင်အား မီးကင်လိုက်၏။ ဂရန်းမာစတာအား တွင်းဝ၏ဘေးသို့ အားဖြင့်တွန်း၍ သူ့ညာလက်အားတွင်းထဲသို့စိုက်ချသည်။
အသက်တစ်ချက်ရှိုက်ရင်း ထန်စန်းက ဂရန်းမာစတာ၏တံတောင်ဆစ်နားရှိ သွေးကြောရှိရာနေရာအား ဓါးဖြင့် သုံးချက်ဆက်တိုက်မွှန်းလိုက်၏။
ရုတ်ချည်းဆိုသလို ဒဏ်ရာမှ အနံ့ပြင်းသောခရမ်းပုတ်ရောင်အရည်စီးကြောင်းသုံးခုကစီးးကျလာသည်။ ထိုအဆိပ်ရည်များက ဂရန်းမာစတာ၏လက်မှတဆင့် တူးထားသောကျွင်းလေးထဲသို့ကျသွား၏။